မြန်မာ့ရုပ်သေးပညာ

puppet_large.jpg

ရုပ်သေးကြိုးအကြောင်းကို အနည်းငယ်လောက် တီးမိခေါက်မိရှိသွားတဲ့အခါ ရုပ်သေးတို့ရဲ့ ဖျော်ဖြေမှုပုံစံ၊ သမားစဉ်နဲ့ သမိုင်းကြောင်း အနည်းငယ်လောက်ထပ်ပြီး ကြည့်ကြရအောင်..

ရုပ်သေးဟာ အင်းဝခေတ်က စတယ်လို့ဆိုပါတယ်။ ဒီလိုပြောရခြင်းက အင်းဝခေတ် စာပေအထောက်အထားတစ်ခုမှာ အရုပ်သည် ဆိုတဲ့စကားလုံးကို တွေ့ရလို့ဖြစ်ပါတယ်။ ရှေးက ရုပ်သေးကို နန်းတွင်းမှာ ဘုရင်နဲ့ တော်ဝင်မိသားစုတွေကို ဖျော်ဖြေတဲ့နေရာမှာပဲ အသုံးပြုလေ့ရှိပါတယ်။ ဒါကြောင့်လည်း အမြင့်သဘင်လို့ ဆိုဟန်ရှိပါတယ်။ ဒီအမြင့်သဘင်ကိုပဲ အမှီပြုလို့ မြေဝိုင်းကနေကြရာက ဇာတ်သဘင်ရယ်လို့ ဖြစ်လာပါတယ်။ ဒီနေရာမှာ စကားစပ်မိလို့ ပြောရမယ်ဆိုရင် အမြင့်သဘင်လို့ ဆိုကြတဲ့အတိုင်း ရုပ်သေးကို မြေကြီးပေါ်မှာ ဒီတိုင်း လုံးဝ လုံးဝ ကြိုးဆွဲကပြခွင့်မရှိပါဘူး။ ဒါဟာသဘင်စည်းကမ်းအရ သိပ်ကို အရေးကြီးပါတယ်။

ရုပ်သေးပွဲတွေ ပြုလုပ်ကြရမှာလည်း တကယ်လို့များ ၂ရက် ၃ရက် ကပြမယ်လို့ စီစဉ်ထားရှိခဲ့ရင် ပထမနေ့မှာ နတ်ကတော်ရုပ်ကနေ စထွက်ပေးရပါတယ်။ သမားစဉ်အရ ပထမ ညမှာ နတ်ကတော်၊ မြင်း၊ မျောက်၊ ဘီလူး၊ ဂဠုန်+နဂါး နဲ့ ဇော်ရယ်လို့ ထွက်ပေးရသလို ဒုတိယညမှာတော့ အပျိုတော်ကနေစပြီး ထွက်ပေးရပါတယ်။ ဒါတွေအားလုံးဟာ သမားစဉ်ပါပဲ။ ရုပ်သေးပွဲတွေမှာတော့ ၅၅ဝနိပါတ်တော်တွေနဲ့ ဇာတ်ကြီး ၁၀ ဘွဲ့ကို ကပြကြလေ့ရှိပါတယ်။ ဒီလို ဇာတ်တော်ကြီးတွေ၊ ပြဇာတ်တွေကို ကပြတဲ့အချိန်မှာ အသုံးပြုတဲ့စင်က နှစ်ထပ်စင် လို့ခေါ်တဲ့ စင်အမျိုးအစားပါ။

စင်အကြောင်းထပ်ပြောရရင် ရုပ်သေးစင်မှာ အမျိုးအစား (၂)မျိုးရှိပါတယ်။ ပထမ တစ်မျိုးကတော့ ပုံမှန်မြင်နေကျ ရိုးရိုးစင်တွေပါ။ ဆိုလိုတာက လက်တန်းနဲ့ ကားဖုံး (ပြည်ဖုံးကား) ပါတဲ့စင်ပါပဲ။ ဆွဲတဲ့သူက ပြည်ဖုံးကားအနောက်က ကြိုးကိုင်ရတဲ့ မြင်ဖူးနေကျ စင်တွေပါ။ ဒုတိယ တစ်မျိုးကတော့ နှစ်ထပ်စင်ပါ။ နာမည်အတိုင်းပဲ ဒီစင်မှာ နှစ်ထပ်ပါဝင်ပါတယ်။ ဒီစင်ရဲ့ ရည်ရွယ်ချက်က ဥပမာ- ဘုရင်နဲ့ အမတ်ကြီးတွေ ညီလာခံလုပ်မယ်ဆိုပါစို့.. ရိုးရိုးစင်နဲ့ဆိုရင် ဘုရင်နဲ့ အမတ်တွေကို ဘေးတိုက်သာ တန်းစီလို့ ရနိုင်ပါမယ်။ တစ်တန်းပဲ ရပါမယ်။ ရှေ့နောက် တန်းစီလို့ မရပါဘူး။ နှစ်ထပ်စင်ကတော့ ဒီပြဿနာကို ပြေလည်စေပါတယ်။ စင် က နှစ်ထပ်မို့ လူတစ်ယောက်ကြိုးဆွဲတဲ့နေရာမှာ နှစ်ယောက်နေနိုင်ပြီး ရုပ်သေးတွေကို ရှေ့နောက် တန်းစီလို့ ရနိုင်ပါတယ်။
ဒီဘက်ခေတ်မှာတော့ ရုပ်သေးတွေကို ရှေးမူမပျက် ကြိုးဆွဲကပြကြတာအပြင် နောက်ထပ် နောက်ထပ် အသစ်အဆန်းတွေကိုလည်း တီထွင်ဖန်တီးနေကြပါပြီ။ (၃)ပိုင်းပြတ်ရုပ် ( သုံးပိုင်းဖြတ်ရုပ်) လို့ခေါ်တဲ့ စုန်းမရုပ်ကို တီထွင်တာမျိုးတွေ၊ မူလရုပ်သေးရုပ်မှာ ပါဝင်တဲ့ကြိုးတွေထက် ကြိုးတွေ ပိုမိုပါဝင်အောင် တပ်ဆင်ပြီး ကကွက်ဆန်းတွေ ထုတ်ဖော်လာတာမျိုးတွေကိုလည်း ပြုလုပ်နေကြပါပြီ။ (စုန်းမရုပ်အကြောင်းကို နောင်အခါ အလျဉ်းသင့်သလို ဖော်ပြပေးသွားပါမည်။ )

ရိုးရာကို ရိုးရာအတိုင်းထိန်းသိမ်းမှ ကောင်းတယ်လို့ ယူဆသတွေ ရှိသလို ရိုးရာလည်းမပျက်စေရဘဲ ခေတ်ရေစီးကြောင်းကို အမီလိုက်လို့ တီထွင်ဆန်းသစ်တာကလည်း ရိုးရာကို ထိန်းသိမ်းနည်းတစ်မျိုးလို့ ယူဆနေသူတွေလည်း ရှိကြပါတယ်။ ဘယ်လိုပင်ဖြစ်စေ၊ ရိုးရာယဉ်ကျေးမှုတစ်ခုကို မပျောက်ပျက်အောင် ထိန်းသိမ်းကြဖို့ဆိုတာ လူတိုင်း အထူးသဖြင့် လူငယ်တွေရဲ့ တာဝန်တွေ မဟုတ်ပါလားရှင်.. ရိုးရာဓလေ့၊ ယဉ်ကျေးမှုတွေနဲ့ အနုသုခုမ ပညာရပ်တွေကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းနေကြသူအားလုံးကို ဦးညွတ်လျက်….

Angelic Demon (ရိုးရာလေး)
Photo credit- #TravellerChan

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top