Lockdown ကာလအတွင်း အဖော်မဲ့နေတဲ့ ပင်လယ်ဖျံလေးတွေကို ခွေးတွေက အဖော်လာပြုပေးနေ

29-5-2020-yyl-013.jpg

ခွေးအုပ်စုလိုက်က Lockdown ကာလအတွင်းမှာ ပင်လယ်ဖျံလေးတွေဆီလာပြီး အဖော်ပြုနေတယ်လို့ သိရပါတယ်။ အဲဒီပင်လယ်ဖျံလေးတွေရှိတဲ့ ကွန်ဝေါ်ကောင်တီအနီးနားက The Cornish Seal Sanctuary ရဲ့ဝန်ထမ်းတစ်ဦးက နှစ်တိုင်း သူတို့စင်တာကို လူပေါင်း (၁) သိန်းကျော်လောက် အမြဲလိုလို လာရောက်လေ့ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ Lockdown လုပ်လိုက်တဲ့အတွက် စင်တာကို ပိတ်လိုက်ရပြီး သူတို့စောင့်ရှောက်ပေးနေရတဲ့ တိရစ္ဆာန်လေးတွေက အထီးကျန်အဖော်မဲ့လာခဲ့ရပါတယ်။ ဒါကြောင့် သူတို့ကို အဖော်ပြုပေးဖို့အတွက် စင်တာက ဝန်ထမ်းတွေဟာ သူတို့နဲ့အတူတူအလုပ်လုပ်ဖို့ သူတို့ရဲ့ခွေးလေးတွေကို ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ဒီနည်းက တိရစ္ဆာန်လေးတွေကို အထီးမကျန်စေဖို့ တော်တော်လေးအလုပ်ဖြစ်တဲ့ပုံပါပဲ။

အလည်လာတဲ့ ချစ်စရာပုံလေးတွေကို မျှဝေရင်း စင်တာရဲ့ပြောရေးဆိုခွင့်ရှိသူက ပင်လယ်ဖျံလေးတွေ လန်းဆန်းတက်ကြွလာခဲ့တယ်လို့ ပြောပါတယ်။ “ဧည့်သည်တွေမလာတော့တဲ့အတွက် တိရစ္ဆာန်လေးတွေက ဘာတွေပြောင်းလဲနေလဲဆိုတာကို သတိပြုမိကြပါတယ်။ တိရစ္ဆာန်လေးတွေ ကျန်းမာပျော်ရွှင်စေဖို့အတွက် ကျွန်တော်တို့အဖွဲ့က ထောက်ပံ့ပေးနေပါတယ်။ တိရစ္ဆာန်လေးတွေ အထီးမကျန်ဖို့ စဉ်းစားလိုက်တဲ့အခါမှာ ကျွန်တော်တို့အဖွဲ့က ပင်လယ်ဖျံလေးတွေအတွက် အဖော်ရဖို့ သူတို့ရဲ့ခွေးလေးတွေကို ခေါ်လာဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပင်လယ်ဖျံတွေက ခွေးတွေကို စိတ်ဝင်စားပြီး ပျော်ရွှင်နေပါတယ်” လို့ စင်တာက ရေးသားထားပါတယ်။


ပင်လယ်ဖျံလေးတွေ အထီးမကျန်စေဖို့အတွက် ခွေးလေးတွေကိုတင် ခေါ်ခဲ့တာမဟုတ်ပါဘူး။ ပင်လယ်ဖျံလေးတွေအတွက် ဝန်ထမ်းတွေက သီချင်းတွေလည်း ဖွင့်ပေးထားပါတယ်။ “ကျွန်တော်တို့အဖွဲ့က ပင်လယ်ဖျံလေးတွေ ပျော်ရွင်စေဖို့ ဂီတ၊ သီချင်းတွေကို ဖွင့်ပေးနေပါတယ်။ ဒါကို ၂၀၁၇ခုနှစ်က Sanctuary မှာ ကျောင်းသူတစ်ဦးလေ့လာခဲ့တဲ့ သုတေသနပြုချက်ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားက ပင်လယ်ဖျံတွေကို ဂီတသံစဉ်တွေဖွင့်ပေးတာက စိုးရိမ်ပူပန်မှုတွေကို လျော့နည်းစေပြီး ပျော်ရွှင်စွာ ကစားနိုင်တဲ့အချိန်တိုးလာစေတယ်ဆိုတာကို အဲဒီကျောင်းသူလေးက ရှာတွေ့ခဲ့တာပါ” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ စင်တာက ငွေရေးကြေးရေးအခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ Lockdown လုံးဝမပြီးသေးတဲ့အတွက် အထွေထွေအသုံးစရိတ်ကာမိဖို့အတွက် နည်းလမ်းရှာနေကြပါတယ်။

အခုဆိုရင် ဝန်ထမ်းတွေက ပရဟိတဆက်လုပ်ကိုင်နိုင်ဖို့ လတိုင်း ပေါင် (၂၃,၀၀၀) ရဖို့ရာအတွက် ရန်ပုံငွေရှာတဲ့ပေ့ချ် Just Giving page ကို ထောင်လိုက်ပါပြီ။ “Sanctuary က ပိတ်နေရတုန်းဖြစ်ပြီး ဘယ်တော့ပြန်ဖွင့်မလဲဆိုတာ မသိရပါဘူး။ လာရောက်လည်ပတ်သူတွေဆီက ဝင်ငွေမရတဲ့အတွက် ငွေရေးကြေးရေးအခက်ခဲနဲ့ရင်ဆိုင်နေရပါတယ်။ အခုဆိုရင် ဧည့်သည်မလာတဲ့ (၃) လရှိနေပါပြီ။ သင်တို့ရဲ့ပံ့ပိုးမှုတွေကို လိုအပ်နေပါတယ်” လို့ ပြောပါတယ်။

Ref: Dogs Are Visiting A Seal Sanctuary To Cheer Them Up During Lockdown

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top