အချိန်ခဏလောက်မတွေ့ရတဲ့သခင်တွေနဲ့ ပြန်ဆုံတဲ့အခါ ခွေးလေးတွေက ဝမ်းသာမျက်ရည်ကျတယ်လို့ လေ့လာချက်အသစ်က ဆို

23-8-2022-yyl-09.jpg

ခွေးလေးတွေဟာ သခင်တွေ အိမ်ပြန်လာပြီး သူတို့ကို နှုတ်ဆက်တဲ့အခါ ဝမ်းသာမျက်ရည်ကျတယ်ဆိုတဲ့ လေ့လာချက်အသစ်တွေ့ရှိထားပါတယ်။ ဂျပန်နိုင်ငံ၊ Azabu Universityရဲ့ပါမောက္ခတစ်ဦးက သူ့ရဲ့အိမ်မွေးခွေးလေးတစ်ကောင်ဟာ သူ့ရဲ့ခွေးပေါက်လေးတွေကို နို့တိုက်တဲ့အခါမှာ မျက်ရည်လည်နေတာကို သတိပြုမိခဲ့ပြီးနောက် ခွေးလေးတွေရဲ့မျက်ရည်တွေအကြောင်း သုတေသနလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ မကြာသေးခင်ကမှ ဒီသုတေသနပြုချက်ကို Azabu University ပြုလုပ်ခဲ့တာပါ။

ခွေးလေးတွေက မျက်ရည်တွေထုတ်ကြပေမဲ့ လူသားတွေလိုတော့ မျက်ရည်တွေကျမလာဘူး။ ဒါကြောင့် သူတို့ရဲ့ခံစားချက်တွေအကြောင်း ပိုသိအောင် လေ့လာဖို့အတွက် စိတ်ဝင်စားခဲ့တယ်လို့ ပါမောက္ခ တာခီဖူမီ ခီခူဆုအီက ရှင်းပြခဲ့ပါတယ်။ တာခီဖူစီက အောက်ဆီတိုစင်ဟော်မုန်း (သံယောဇဉ်ဟော်မုန်း) က မျက်ရည်တွေတိုးစေတယ်ဆိုတာကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီကနေတဆင့် ဆက်ပြီး လေ့လာလိုက်တဲ့အခါမှာ ခွေးတွေက အချိန်ခဏလောက်မတွေ့ရတဲ့ သူတို့ရဲ့သခင်တွေနဲ့ ပြန်ဆုံတဲ့အခါ ပုံမှန်ထက် သူတို့ရဲ့မျက်လုံးတွေမှာ မျက်ရည်တွေ ပိုထွက်တာကို တွေ့ရှိခဲ့ရပါတယ်။

သုတေသနပညာရှင်တွေက ခွေးလေးရဲ့မျက်လုံးတွေထဲ အောက်ဆီတိုစင်ကို ထည့်လိုက်တဲ့အခါ သူတို့ရဲ့မျက်လုံးတွေက မျက်ရည်တွေပြည့်လာခဲ့ပါတယ်။ အောက်စီတိုစင်ဟော်မုန်းထုတ်လွှတ်မှုက (၅) နာရီ၊ (၇) နာရီကြာ မတွေ့ရတဲ့ သူတို့ရဲ့သခင်တွေနဲ့ ပြန်ဆုံတဲ့အခါ ခွေးလေးတွေကို မျက်ရည်ကျစေတယ်ဆိုတဲ့ သီအိုရီထွက်လာခဲ့ပါတယ်။ သခင်တွေနဲ့ခွေးလေးတွေ ကစားတဲ့အခါ အောက်ဆီတိုစင်ဟော်မုန်းထွက်ရှိတယ်ဆိုတာ သိထားပြီးသားဖြစ်ပေမဲ့ သခင်နဲ့ ပြန်လည်ပေါင်းစည်းတာကို လေ့လာတာက အသစ်ပါပဲ။

တာခီဖူမီရဲ့အဖွဲ့က လူတွေကို ခွေးလေးတွေ မျက်ရည်လည်နေတဲ့ပုံနဲ့ မျက်ရည်မလည်တဲ့ပုံတွေကို အဆင့်သတ်မှတ်ခိုင်းတဲ့အခါမှာ မျက်ရည်လည်နေတဲ့ ခွေးလေးတွေရဲ့ပုံကို ပိုပြီးကြိုက်နှစ်သက်တာတွေ့ရပါတယ်။ ဒါက ခွေးလေးတွေရဲ့မျက်ရည်က လူသားတွေနဲ့သူတို့ရဲ့ခွေးလေးတွေကြားက ဆက်သွယ်မှုကို ခိုင်မာအောင် အထောက်အကူဖြစ်စေတာကို ညွှန်ပြနေပါတယ်။

ပျော်ရွှင်စရာကောင်းတဲ့အခြေအနေမှာ အထူးသဖြင့် သခင်နဲ့ ပြန်ဆုံတဲ့အခါမျိုးမှာ ခွေးလေးတွေ မျက်ရည်ကျတယ်ဆိုတဲ့ တွေ့ရှိချက်က ပါမောက္ခတာခီဖူမီကို အံ့အားသင့်စေခဲ့ပါတယ်။ သခင်နဲ့ ပြန်ဆုံတဲ့အတောအတွင်း မျက်ရည်လည်တဲ့ခွေးလေးတွေကို သခင်တွေက ပိုပြီးဂရုစိုက်ရဖို့ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

ဒီလေ့လာချက်ကို Current Biology ဂျာနယ်မှာ တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။ ခွေးတွေရဲ့မျက်ရည်တွေအကြောင်း မသိတာတွေ ရှိနေသေးပါတယ်။ လူသားတွေက စိတ်ခံစားချက်မကောင်းတဲ့အခါ ငိုတတ်ကြပေမဲ့ ခွေးတွေကလည်း စိတ်ခံစားချက်မကောင်းရင် မျက်ရည်ကျလားဆိုတာကိုတော့ မလေ့လာခဲ့ရဘူးလို့ သိရပါတယ်။

Ref: TheMirror & CNN “Dogs ‘cry happy tears’ when their owners come home, new study reveals”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top