ပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားမှုကို (၂) နှစ်တာလုပ်ပြီးတဲ့နောက် ကျောင်းပြန်တက်တော့မယ့် ဂရီတာ သွန်းဘာ့

26-8-2020-yyl-021.jpg

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူဖြစ်တဲ့ ဆွီဒင်လူမျိုး ဆယ်ကျော်သက်ကောင်မလေး ဂရီတာ သွန်းဘာ့က ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်တဲ့ ကမ်ပိန်းတွေမှာ (၂) နှစ်လောက် ပါဝင်လှုပ်ရှားပြီးနောက် ကျောင်းပြန်တက်တော့မယ်လို့ သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ ကြေညာခဲ့ပါတယ်။ အသက် (၁၇) နှစ်သာရှိသေးတဲ့ ဂရီတာက စက်ဘီးလေးနဲ့ လွယ်အိတ်လွယ်ထားတဲ့ပုံနဲ့အတူ “ကျောင်းနဲ့ကွာဝေးနေတဲ့နှစ်တွေက ပြီးသွားပါပြီ။ နောက်တစ်ကြိမ် ကျောင်းပြန်တက်ရမှာ အရမ်းကောင်းပါတယ်” ဆိုတဲ့စာသားလေးနဲ့ ပို့စ်တင်ခဲ့တာပါ။ သူနေထိုင်ရာဆွီဒင်နိုင်ငံမှာ အထက်တန်းကျောင်းတွေက အခုအပတ်မှာ ပြန်ဖွင့်တော့မှာဖြစ်ပါတယ်။

ဂရီတာဘွန်းဘာ့ဟာ ၂၀၁၈ခုနှစ်က ကျောင်းချိန်မှာ ကျောင်းမတက်ဘဲ ဆွီဒင်လွှတ်တော်ရုံးရှေ့မှာ တစ်ကိုယ်တော်ဆန္ဒပြခဲ့တာပါ။ နောက်ပိုင်းမှာ အခြားကျောင်းသူကျောင်းသားတွေလည်း သူ့ရဲ့ဦးဆောင်မှုနောက်ကို ပါလာခဲ့ကြပါတယ်။ ဂရီတာက ဥရောပကနေ မြောက်အမေရိကအထိသွားပြီး ပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေတက်ရောက်တဲ့ ကုလသမဂ္ဂမှာလည်း စကားပြောခွင့်ရခဲ့ပြီး ကမ္ဘာ့တစ်ဝှမ်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တွေးတောလာနိုင်အောင် လူသန်းပေါင်းများစွာကို လှုပ်ဆော်ပေးနိုင်ခဲ့ပါတယ်။

ဂရီတာက ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် (၂) ကြိမ်ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့အပြင် ၂၀၁၉ခုနှစ်ကလည်း Time မဂ္ဂဇင်းရဲ့ Person of the Year အဖြစ် ကြေညာခံခဲ့ရပါတယ်။ မဂ္ဂဇင်းမှာ ဂရီတာပြောခဲ့တာက “ကျွန်မတို့လုပ်နိုင်တဲ့အရာမှန်သမျှကို ကျွန်မတို့လုပ်ခဲ့တယ်ဆိုတာကို ကျွန်မရဲ့မြေးတွေကို ပြောပြချင်ပါတယ်။ ဒါတွေက နောင်လာမယ့် မျိုးဆက်သစ် သူတို့အတွက် လုပ်ခဲ့တယ်ဆိုတာကိုပါ”တဲ့။

မကြာသေးခင်က ဂရီတာက လွန်ခဲ့တဲ့ (၂) နှစ်ကို ပြန်ကြည့်ရင် တော်တော်ပြောင်းလဲ သွားခဲ့တယ်လို့ ပြောပါတယ်။ “လွန်ခဲ့တဲ့(၂) နှစ်ကို ပြန်ကြည့်လိုက်ပါ။ အတော်လေးပြောင်းလဲသွားပါပြီ။ လူတော်တော်များများလည်း ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေကို အလေးထားလာကြပါပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ (၂) နှစ်ကျော်က ကမ္ဘာကြီးမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၈၀ ဘီလျံကျော် ထုတ်လွှတ်နေတာပါ။ ကမ္ဘာတစ်ဝှမ်းမှာ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေတာကို ကျွန်မတို့ မြင်တွေ့ခဲ့ရပါတယ်။ လူတွေရဲ့အသက်တွေနဲ့ ဝင်ငွေအရင်းအမြစ်တွေလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဒါက အစပဲရှိပါတယ်။

ပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားမှုတွေ အသက်ဝင်လာတဲ့အခါမှာ ပိတ်ပင်စရာမလိုတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ ကျွန်မတို့လုပ်ဖို့လိုအပ်တဲ့အရာနဲ့ လုပ်ပြီးတဲ့အရာတွေကြားက ကွာဟမှုဟာ ကျယ်ပြန့်နေပါတယ်။ နိုင်ငံရေးအရ ထိထိရောက်ရောက်အရေးယူမှုတွေ မလုပ်ခဲ့ကြတဲ့အတွက် လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကို ကျွန်မတို့ ဆုံးရှုံးခဲ့ရပါတယ်”လို့ ဂရီတာက ပြောပါတယ်။

ဂရီတာ သွန်းဘာ့က ကျောင်းပြန်တက်တော့ပေမယ့်လည်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်မယ့်၊ အနာဂတ်မျိုးဆက်သစ်တွေကို ကာကွယ်မယ့် လုပ်ဆောင်ချက်တွေကို လက်လျော့သွားမှာမဟုတ်ပါဘူး။

Ref: Ladbible “Greta Thunberg Has Gone Back To School After Gap Year Of Climate Activism”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top