ဒေါ်နယ်ထရမ့်ရဲ့ အိန္ဒိယခရီးစဉ်က ဘယ်လောက်အထိ အရေးပါလဲ

25feb202007.jpg

ဖေဖော်ဝါရီလ ၂၄ ရက်မှာ အိန္ဒိယနိုင်ငံကို ရောက်လာတဲ့ ဒေါ်နယ်ထရမ့်ဟာ အိန္ဒိယခရီးစဉ် လာရောက်တဲ့ ခုနစ်ယောက်မြောက် အမေရိကန် သမ္မတ ဖြစ်လာခဲ့ ပါတယ်။ ဒေါ်နယ်ထရမ့် ရဲ့ အိန္ဒိယခရီးစဉ် ဘယ်လောက်အရေးကြီးလဲဆိုတာကို သံတမန်ရေးနဲ့ လုံခြုံရေးအကြောင်းအရာတွေ ရေးသားနေတဲ့ ချာဒူရီက အခုလို ရေးသားဖော်ပြထားပါတယ်။

နှစ်ရက်ကြာမြင့်မယ့် ဒေါ်နယ်ထရမ့်ရဲ့အိန္ဒိယခရီးစဉ်က ၂၀၂၀ ပြည့်နှစ်အမေရိကန် သမ္မတရွေးကောက်ပွဲမှာ တစ်ကျော့ပြန် ရွေးကောက် ခံရနိုင်ခြေ မြင့်တက်စေတဲ့အထိ အရေးကြီးပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီရဲ့ မွေးရပ်မြေဖြစ်တဲ့ ဂူဂျာရတ်ပြည်နယ်၊ အာမီဒါဘတ်မြို့က ကမ္ဘာ့အကြီးဆုံး ခရစ်ကတ်ကွင်းကြီးထဲမှာ ပရိသတ် ၁၂၅၀၀၀ ကို မိန့်ခွန်းပြောခဲ့ပါတယ်။ အဲဒီအခမ်းအနားကို နမာစတေးထရမ့် (အိန္ဒိယကနေ ထရမ့်ကို ကြိုဆိုပါတယ်)လို့ ခေါ်ဆိုခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်က ဟူစတန်မြို့မှာ သူ့ကို တခမ်းတနားကြိုဆိုခဲ့တဲ့ Howdy Modi အခမ်းအနား အတွက် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက ပြန်ပေးဆပ်တဲ့ ပြည်သူ့သံတမန်လှုပ်ရှားမှုတစ်ရပ်ပါပဲ။ Howdy Modi အခမ်းအနားမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီတို့က အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ အိန္ဒိယနိုင်ငံသား ၅၀၀၀၀ ကို မိန့်ခွန်းပြောခဲ့ကြပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အက်ဂရာမြို့ မှာရှိတဲ့ တက်ဂျ်မဟာဂူဗိမာန်ကိုလည်း ဇနီးသည် မီလာနီယာထရမ့်နဲ့အတူ သွားရောက်ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ ခရီးစဉ်မှာ ဧည့်ခံကြိုဆိုမှုတွေက ဟိတ်ဟန်ပြရုံသက်သက်မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံအပေါ် အမေရိကန် ခေါင်းဆောင်တွေရဲ့ ယေဘုယျ ချဉ်းကပ်မှုပုံစံကို ပြောင်းလဲဖို့ ကြိုးစားမှုဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံက သူ့အတွက် မရှိမဖြစ်အရေးပါတယ်ဆိုတာ ဒေါ်နယ်ထရမ့် ယုံကြည်လာအောင် လုပ်တာပါ။ အမေရိကန်နိုင်ငံမှာ အိန္ဒိယနွယ်ဖွား အမေရိကန် နိုင်ငံသား မဲပေးပိုင်ခွင့်ရှိသူ ၂ ဒသမ ၄ သန်းတောင် ရှိနေတဲ့အချက်ကို ထည့်သွင်း စဉ်းစားရမှာ ပါ။

ဒေါ်နယ်ထရမ့်က အိန္ဒိယခရီးစဉ်မှာ လူပြောများနေတဲ့ ကုန်သွယ်ရေးသဘောတူညီချက် ရယူရေးက တော့ ဖြစ်နိုင်ခြေ တော်တော်နည်းပါတယ်။ ပန်းသီး၊ သစ်ကြားသီး၊ ကျန်းမာရေးပစ္စည်းကိရိယာတွေရဲ့ စျေးနှုန်းတွေနဲ့ပတ်သက်ပြီး သဘောတူညီမှုမရတာ၊ အိန္ဒိယနိုင်ငံရဲ့ နို့ထွက်ပစ္စည်း၊ ကြက်၊ ဘဲမွေးမြူရေး၊ e-commerce စျေးကွက်တွေမှာ ပိုပြီးပါဝင်လှုပ်ရှား ခွင့်ရအောင် အမေရိကန်နိုင်ငံက တောင်းဆိုထားတာ၊ အမေရိကန်နိုင်ငံထုတ် ဟာလီဒေးဗစ်ဆန် ဆိုင်ကယ်တွေကို အိန္ဒိယနိုင်ငံက အခွန်ကောက်ခံမှု လျှော့ချပေးဖို့ ဆွေးနွေးနေတာ အစရှိတဲ့ ကိစ္စတွေကို မဖြေရှင်းနိုင်သေးပါဘူး။ အလျှော့ပေးလိုစိတ် မရှိတဲ့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် လစ်သီဇာက အိန္ဒိယခရီးစဉ်မှာ ဒေါ်နယ်ထရမ့်နဲ့အတူ လိုက်ပါလာခြင်းမရှိလို့ ကုန်သွယ်ရေး သဘော တူညီချက်က ဆွေးနွေးရေးစားပွဲမှာ ပါဝင်မှာမဟုတ်ပါဘူး။

၂၀၀၈ ခုနှစ်မှာ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံကြား ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၆ ဘီလျံ ရှိရာကနေ ၂၀၁၈ ခုနှစ်မှာ ၁၄၂ ဒသမ ၆ ဘီလျံအထိ မြင့်တက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အသားတင် ကုန်ထုတ်လုပ်မှု(GDP)က နှစ်စဉ်နှစ်တိုင်း ၇ ရာခိုင်နှုန်း ကနေ ၈ ရာခိုင်နှုန်းကြား တိုးတက်လာချိန်မှာ ဗျူဟာမြောက် ဆက်ဆံရေး အားကောင်းခိုင်မာလာလို့ ကုန်သွယ်မှုတန်ဖိုးလည်း မြင့်တက်ခဲ့တာပါ။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်ကြားမှာ ကိုယ့်လူကောင်းစားရေးစီးပွားရေးမူဝါဒတွေ ပိုများလာတာ၊ ကုန်သွယ်ရေးလိုငွေပြမှုကို ဟန်ချက်ထိန်းနိုင်ဖို့ ဒေါ်နယ်ထရမ့်ရဲ့ ချိန်ညှိမှုတွေကြောင့် အိန္ဒိယနိုင်ငံရဲ့ တိုးတက်မှုပမာဏ(၅ ရာခိုင်နှုန်းသာရှိတယ်လို့ ခန့်မှန်း) သိသိသာသာကျဆင်းသွားခဲ့လို့ နှစ်နိုင်ငံဆက်ဆံရေး ပြန်အေးစက်ခဲ့ပါတယ်။ လက်ရှိအချိန်အထိတော့ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံကြား ကုန်သွယ်မှုမှာ အိန္ဒိယနိုင်ငံက ပိုသာနေဆဲပါပဲ။

အဲဒီလိုအခြေအနေမျိုးမှာ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးစာချုပ် ဟန်ချက်ချိန်ညှိမှုတွေကို ရှောင်ရှားနိုင်ဖို့ ဒေါ်နယ်ထရမ့်ကို စည်းရုံးသိမ်းသွင်းရေးက မိုဒီရဲ့အစိုးရအဖွဲ့အတွက် တာဝန်တစ်ရပ်ဖြစ်နေပါတယ်။ ဒေါ်နယ်ထရမ့်ကလည်း အမေရိကန်-အိန္ဒိယ ဆက်ဆံရေးရဲ့ ဗျူဟာမြောက် အလားအလာကို အာရုံစိုက်နေပါတယ်။ ပြီးတော့ အိန္ဒိယနိုင်ငံဆိုတာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး လွတ်လပ်တဲ့ဒေတာ စျေးကွက်တစ်ခုဖြစ်ပါတယ်။ လူတစ်ဦးချင်း နှုန်းထားအရ အိန္ဒိယနိုင်ငံက ကမ္ဘာပေါ်မှာ ဒေတာအများဆုံးသုံးစွဲတဲ့နိုင်ငံပါ။ အမေရိကန်နိုင်ငံရဲ့ နည်းပညာကုမ္ပဏီကြီးတွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန် ပစ္စည်းတွေအတွက် ဘယ်နိုင်ငံမှာမှ မရနိုင်တဲ့ စားသုံးသူပမာဏကို အိန္ဒိယနိုင်ငံမှာ ရနိုင်ပါတယ်။ လက်ရှိအချိန်မှာ စီးပွားရေးကျဆင်းနေပေမဲ့ အိန္ဒိယနိုင်ငံ ဟာ အမေရိကန်နိုင်ငံရဲ့ ကုန်ပစ္စည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေအတွက် ကမ္ဘာ့အကြီးမားဆုံး လွတ်လပ်၊ ဖွံ့ဖြိုးတဲ့ စားသုံးသူစျေးကွက်တစ်ခုဖြစ်နေဆဲပါပဲ။

ပြီးတော့ အိန္ဒိယနိုင်ငံက လက်နက်တော်တော်များများ မှာယူတဲ့နိုင်ငံပါ။ ကာကွယ်ရေးဆိုင်ရာ ကုန်သွယ်မှုကလည်း အမေရိကန်-အိန္ဒိယဆက်ဆံရေးကို အပြုသဘောဆောင်စေတယ်လို့ သတ်မှတ်ထားကြပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အမေရိကန်-အိန္ဒိယကာကွယ်ရေး ဆိုင်ရာ ကုန်သွယ်မှု တဟုန်ထိုး တိုးတက်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကာကွယ်ရေးဆိုင်ရာ ကုန်သွယ်မှု မရှိသလောက်နည်းရာကနေ ၂၀၁၉ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၁၅ ဘီလျံအထိ ရှိလာခဲ့ပါတယ်။ အမေရိကန် နိုင်ငံအခြေစိုက် Lockheed Martin လက်နက်ကုမ္ပဏီကနေ ထုတ်လုပ်တဲ့ ဘက်စုံသုံးရဟတ်ယာဉ် ၂၄ စင်း ကို အိန္ဒိယနိုင်ငံက ဝယ်ယူမှုအပါအဝင် ကာကွယ်ရေး နဲ့ ဆက်နွှယ်နေတဲ့ သဘောတူညီမှု တော်တော် များများကတော့ ဒေါ်နယ်ထရမ့်ရဲ့ အိန္ဒိယခရီးစဉ်မှာ အပြီးသတ်နိုင်ဖွယ် ရှိနေပါတယ်။

လက်ရှိအချိန်က ပထဝီနိုင်ငံရေးကသောင်းကနင်း ဖြစ်နေချိန်ပါ။ ၁၉၄၅ ခုနှစ်နောက်ပိုင်း ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေ ရပါတယ်။ အမေရိကန်နိုင်ငံက နိုင်ငံတကာသဘောတူညီချက် တွေကနေ နုတ်ထွက်ခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်ကအစ နိုင်ငံ တော်တော်များများ ပါဝင်တဲ့ ကုန်သွယ်ရေးသဘောတူစာချုပ်တွေအဆုံး အမေရိကန်နုတ်ထွက်ခဲ့တဲ့စာချုပ်တွေ မနည်းပါဘူး။ တရုတ်နိုင်ငံကလည်း ဒေါ်လာထလျံချီ စွန့်စားရမယ့် ရပ်ဝန်းနဲ့ လမ်းစီမံကိန်းကို ဆောင်ရွက်နေပါတယ်။ ပြီးတော့ ရုရှားနိုင်ငံ တစ်ကျော့ပြန်ခေါင်းထောင်လာတာ၊ ဥရောပသမဂ္ဂက နေ ဗြိတိန်နိုင်ငံ နုတ်ထွက်တာ၊ 5G နည်းပညာလို နည်းပညာသစ်တွေနဲ့ ပတ်သက်ပြီး ဥရောပနိုင်ငံတွေကြား သဘောထား ကွဲလွဲနေတာ စတဲ့ကိစ္စတွေလည်း ရှိနေပြန်ပါသေး တယ်။ အဲဒီအခြေအနေမှာ ကမ္ဘာ့အကြီးမားဆုံးနဲ့ အပွေလီဆုံး ဒီမိုကရေစီနိုင်ငံနှစ်နိုင်ငံက စိုးရိမ်ပူပန်မှုတွေနဲ့ စိန်ခေါ်မှုတွေအတွက် အကျယ် တဝင့်ဆွေးနွေးကြဖို့ လိုအပ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့နေတဲ့ အခုလိုအချိန်မျိုးမှာ ကပ်ရောဂါတွေကူးစက်ပျံ့နှံ့တာကို တားဆီးဖို့၊ ရင်ဆိုင်ဖြေရှင်းဖို့ နိုင်ငံတကာမဟာမိတ် အဖွဲ့ တည်ထောင်ပြီး အားကောင်းခိုင်မာလာအောင် အကျေအလည်ဆွေးနွေးဖို့အတွက် အမြင်တွေရော၊ လိုအပ်ချက်တွေရော ရှိနေပါတယ်။ နည်းပညာသစ် တွေ အသုံးပြုတာနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲ မှု၊ နယ်စပ်ဖြတ်ကျော်ပြီး ဒေတာစီးဆင်းမှုတွေအပေါ် စိန်ခေါ်မှုစတဲ့ ဖြေရှင်းစရာတွေအတွက်အမြင်တူညီတဲ့ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်သလို နိုင်ငံတကာ အဖွဲ့အစည်းသစ်တွေ ဖန်တီးဖို့ လိုအပ်ပါတယ်။ ဒါမှ မဟုတ်ရင်လည်း G20 လို ရှိပြီးသားအဖွဲ့အစည်းမျိုးကို ပုံစံသစ်ပြောင်းလဲမှပဲ စိုးရိမ်ပူပန်စရာအသစ်တွေကို ဖြေရှင်းနိုင်မှာပါ။ ဒေါ်နယ်ထရမ့်က ကုန်သွယ်ရေးနဲ့ စာချုပ်တွေကို အစွဲအလန်းကြီးသူဖြစ်ပေမဲ့ သူ့ရဲ့ အိန္ဒိယခရီးစဉ်က ဒီမိုကရေစီ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံက ၂၁ ရာစုကို ဘယ်လိုပုံဖော်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖို့ ကမ္ဘာ့ခေါင်းဆောင် နှစ်ယောက်အတွက် အခွင့်အရေးရစေမှာတော့ အမှန်ပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top