အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ မိုးကြိုးပစ်မှုနဲ့ မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၅၉ ယောက် သေဆုံး

20-6-2022-yyl19.jpg

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ မုတ်သုန်မုန်တိုင်းတွေကြောင့် ရေကြီးရေလျှံကာ မိုးကြိုးပစ်မှု၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၅၉ ယောက် သေဆုံးခဲ့ပါတယ်။ အခုကြုံတွေ့ရတဲ့ ရေကြီးရေလျှံမှုဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်တယ်လို့ အစိုးရအရာရှိတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး အရှေ့မြောက်ဒေသ နေရာအများအပြား ရေဖုံးလွမ်းခဲ့ပါတယ်။ ဒါ့အပြင် အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့ တောင်တန်းတွေပေါ်ကနေ စီးကျလာတဲ့ရေတွေကြောင့် ရေကြီးရေလျှံမှု ပိုဆိုးရွားခဲ့ပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေက ရေဘေးသင့်ပြည်သူတွေဆီ ရောက်ရှိဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပြီး လူသန်းချီ ပိတ်မိခဲ့ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း ရေကြီးရေလျှံမှု ပိုဆိုးရွားလာဖွယ်ရှိတယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

” သောကြာနေ့ နံနက်ပိုင်းက တစ်ရွာလုံး ရေမြုပ်ပြီး ကျွန်တော်တို့ ပိတ်မိသွားတာပါ။ တစ်နေ့လုံး အိမ်ခေါင်မိုးပေါ်မှာ စောင့်နေရတယ်။ ပြီးတော့မှ အိမ်နီးချင်းက ယာယီသုံး လှေငယ်နဲ့ လာကယ်ခဲ့တာပါ။ ကျွန်တော့်အမေကတော့ သူ့ဘဝတစ်လျှောက်လုံး ဒီလောက် ရေကြီးတာမျိုး မကြုံဖူးဘူးလို့ ပြောပါတယ်” လို့ ကွန်ပနီဂန်ဂျီရွာမှာ နေထိုင်သူ လွတ်မန်းက ဆိုပါတယ်။

အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာလည်း ၅ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းလို့ လူ ၁.၈ သန်းကျော် ရေဘေးသင့်ခဲ့ပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုအားလုံး ပေးအပ်ဖို့ ခရိုင်အရာရှိတွေကို ညွှန်ကြားထားတယ်လို့ အာသံပြည်နယ် ဝန်ကြီးချုပ် ဘီဆွာဆာမာက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မေလနှောင်းပိုင်းတုန်းကလည်း ဆယ်စုနှစ် ၂ ခုအတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့လို့ အနည်းဆုံး လူ ၁၀ ယောက် သေဆုံးခဲ့ပြီး လူ ၄ သန်းဝန်းကျင် ရေဘေးသင့်ခဲ့ပါတယ်။

Ref: BBC ” Dozens killed and millions stranded from India and Bangladesh floods”

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top