မန္တလေးမြို့တော်ဝန် ဆက်မလုပ်ဖြစ်တော့တဲ့အကြောင်းကို ဒေါက်တာရဲလွင် ရှင်းလင်းရေးသား

28-12-2020-yyl02.jpg

NLD အစိုးရရဲ့ ဒုတိယ ၅နှစ် သက်တမ်းမှာ မန္တလေးမြို့တော်ဝန် ဆက်မလုပ်ဖြစ်တော့တာနဲ့ပတ်သက်ပြီး မြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ ရှင်းလင်းခဲ့ပါတယ်။
” မြို့တော်ဝန်ရာထူးကို ၃ ကြိမ်တိတိငြင်းပယ်ပြီး နောက်ဆုံးနာရီပိုင်းအလိုမှ လက်ခံခဲ့တာ ပြည်သူတွေအသိပါ။ စလက်ခံကထဲက ၅ နှစ်ပဲလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ အကြောင်းရင်းတွေအများကြီးထဲက အဓိကအကျဆုံးက အသက်အရွယ်ပါ။ ကျွန်တော့်အသက် ၆၈နှစ်ရှိပါပြီ။

သံသရာအတွက် ပြင်ဆင်ဖို့လိုပါပြီ။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်လျှောက်လုံး မနက်ကစလို့ ညအချိန်အထိ မနားမနေလုပ်ခဲ့ရလို့ တရားဘဝနာနဲ့ ကင်းဝေးခဲ့တာ အခုအချိန်အထိပါ။ ထဲထဲဝင်ဝင်လုပ်ဖို့ အချိန်ရောက်ပါပြီ။ နောက်အကြောင်းတစ်ချက်က ကျန်းမာရေးပါ။ ၂၀၁၂ ခုနှစ်က အူမကြီးထဲကအကျိတ် polyp ၁၁ ခု ခွဲထုတ်ခဲ့တာ အခုအချိန်အထိပြန်မပြရသေးပါဘူး။ အမှန်အတိုင်းက ၆ နှစ်တစ်ကြိမ်ပြရမှာပါ။ ကင်ဆာဖြစ်နိုင်ခြေများတဲ့ ရောဂါပါ။ အစာအိမ်ထဲမှာပါရှိနေပြီလို့လည်း ဝေဒနာခံစားမှုအရ ယူဆထားပါတယ်”လို့ ဒေါက်တာရဲလွင်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

မြို့တော်ဝန် ဆက်မလုပ်တော့တာနဲ့ပတ်သက်ပြီး NLD အစိုးရအဖွဲ့ထဲမှာ ပြဿနာရှိနေသလိုလို ရေးသားဖော်ပြမှုတွေ ရှိနေလို့ အခုလို ရှင်းလင်းရေးသားခဲ့တာလို့ ဒေါက်တာရဲလွင်က ရေးသားခဲ့ပါတယ်။ ” NLD အစိုးရအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့အထိပါ ကျွန်တော့်ကို နေရာပေးခဲ့တာပါ။ ကျွန်တော်နဲ့ ဝန်ကြီးချုပ်အကြားမှာ ဘာပြဿနာမှ မဖြစ်ဖူးပါ။ ငယ်သူငယ်ချင်းတွေလို ရင်းရင်းနှီးနှီးဆက်ဆံလျက်ပါ” လို့ ဒေါက်တာရဲလွင်က ရေးသားထားပါတယ်။

မန္တလေးမြို့တော်ဝန်အဖြစ် ဆက်မလုပ်ဖြစ်တော့ပေမယ့် သူချစ်တဲ့ မန္တလေးမြို့ကို ပစ်ထားမှာမဟုတ်ဘဲ လုပ်ငန်းခွင်တွေသွားပြီး အကြံဉာဏ်တွေ ဆက်ပေးသွားမယ်၊ မြို့တော်ဖွံဖြိုးရေးနဲ့ ကိုဗစ်အတွက် လှူဒါန်းမှုတွေ ဆက်လုပ်သွားမယ်လို့ ရေးသားထားပါတယ်။

Photo Credit
Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top