ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအခြေအနေတွေကြောင့် စစ်မှုထမ်းဥပဒေကျင့်သုံးဖို့ ကန့်သတ်ချက်တွေရှိနေတယ်လို့ဆို

30-12-2020-yyl22.jpg

လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအခြေအနေတွေကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးနိုင်ဖို့က လောလောဆယ်မှာ ကန့်သတ်ချက်တွေရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်နေ့မှာ ပြဌာန်းခဲ့တာဖြစ်ပြီးတော့ ဒီဥပဒေအရ အမျိုးသားဆိုရင် အသက်(၁၈)နှစ်ကနေ (၃၅)နှစ် မပြည့်သေးတဲ့ နိုင်ငံသားတိုင်း၊ အမျိုးသမီးဆိုရင် အသက်(၁၈)နှစ် ကနေ (၂၇)နှစ်မပြည့်သေးတဲ့နိုင်ငံသားတိုင်းဟာ (၂)နှစ် စစ်မှုထမ်းဆောင်ရမှာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ ဒီဥပဒေကိုကျင့်သုံးဖို့ ကန့်သတ်ချက်တွေရှိနေပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဥ◌်တွေတိုးတက်လာပြီး ငြိမ်းချမ်းရေးရရှိရင်တော့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဆောင်ရွက်သင့်တဲ့ဥပဒေတစ်ခုဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သုံးသပ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးနိုင်ပြီဆိုရင် နိုင်ငံသူ၊ နိုင်ငံသားအားလုံးအနေနဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်အတွက် အသိအမြင်တွေရရှိလာမှာဖြစ်တဲ့အပြင် စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေးမှာလည်း ပိုပြီးကျယ်ပြန့် လာလိမ့်မယ်လို့လည်း ၎င်းရဲ့ အမြင်ကို ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်းအမှတ်စဥ်(၇)သင်တန်းဆင်းပွဲမိန့်ခွန်းမှာ စစ်ပညာသင်ကြားဖို့နဲ့ စစ်မှုထမ်းဖို့က နိုင်ငံသားတိုင်း မဖြစ်မနေ လုပ်ဆောင်ရမယ့်တာဝန်ဖြစ်တယ်လို့ ထည့်သွင်းပြောကြားထားပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ (၅)နိုင်ငံအနက် (၃)နိုင်ငံက စစ်မှုထမ်းဥပဒေပြဌာန်းပြီးဖြစ်ရာမှာ လာအိုနိုင်ငံက လက်တွေ့အပြည့်အဝကျင့်သုံးနေပြီးတော့ ထိုင်းနိုင်ငံကတော့ တစ်စိတ်တစ်ပိုင်းကျင့်သုံးနေပြီဖြစ် တယ်ဆိုတာကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းရဲ့ ပြောပြချက်အရ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top