စိတ်ဓာတ်ကျဆင်းမှု ဖြစ်ရပုံနှင့် ဖြေရှင်းပုံ နည်းလမ်း

depression-woman-crying.jpg

ပတ်ဝန်းကျင်မှာ စိတ်ဓာတ် ကျတယ် ကျတယ် ဆိုပြီးတော့ ပြောနေတဲ့ မိတ်ဆွေ များစွာ ရှိပါတယ်။ ယင်း မိတ်ဆွေ အားလုံး အတွက် စိတ်ဓာတ်ဘာကြောင့် ကျတယ် ဆိုတာကို ရှင်းပြ ပြီးတော့ ဖြေရှင်းနည်းကိုလည်း ပေးပါ့မယ်။ စိတ်ဓာတ် ကျဆင်းမှု ဆိုတာကို မရှင်းခင် အရင်ဆုံး မြတ်စွာဘုရား ဟောကြားတဲ့ လောကဓံ ရှစ်ပါးကို အရင် ရှင်းပါရစေ။ ပါဠိ လို မရေးပဲ မြန်မာလိုပဲ ရေးပါမယ်။

၁။ လိုအပ်ချက်ပြည့်စုံ၍ ချမ်းသာစွာနေရခြင်း
၂။ လိုအပ်ချက်များ မရနိုင်ပဲ ဆင်းရဲစွာ နေရခြင်း
၃။ အခြံအရံ များ ရှိခြင်း
၄။ အခြံ အရံများ မရှိခြင်း
၅။ အချီးကျူးခံရခြင်း
၆။ ပြစ်တင် ရှုံ့ချ ခံရခြင်း
၇။ ကိုယ်စိတ် ကျန်းမာ ပျော်ရွှင် ခြင်း (သုခ)
၈။ ကိုယ်စိတ် မကျန်းမာ ဆင်းရဲခြင်း (ဒုက္ခ)

ယင်း လောကဓံ ရှစ်ပါးမှာ စိတ်ဓာတ် ကျဖို့ တွန်းအား ပေးနေတဲ့ အရာ ကတော့ အဆိုး လေးခု ဖြစ်ပါတယ်။ စည်းစိမ် ဆင်းရဲခြင်း၊ အခြံအရံ မရှိခြင်း၊ ပြစ်တင် ခံရခြင်း၊ ဒုက္ခများခြင်း တို့ ဖြစ်ပါတယ်။

စည်းစိမ် မရှိ ဆင်းရဲခြင်း

စည်းစိမ် မရှိတာက ပြဿနာ မဟုတ် ပါဘူး။ စည်းစိမ် ရှိတဲ့ သူတွေကို ကြည့်ပြီး မိမိကိုယ် မိမိ ပြန်စော်ကား နေတာက ပြဿနာ ဖြစ်ပါတယ်။ မနာလို စိတ်များ ဖုံးလွမ်းနေမှုကြောင့်၊ ခြမ်းသာလျှင်လည်း အူတို စိတ်များ ဝင် နေမှုကြောင့် စိတ်ကို ညစ်နွမ်းစေပြီး လောဘနဲ့ ဒေါသ ယှဉ်တဲ့ စိတ်အခံကို ဖြစ်စေ ပါတယ်။ အဲ့အချိန် မိမိ ဘာခံစား ရတယ်ဆိုတာ ခံစားဖူးသူတို့ သိကြမှာပါ။

အခြံအရံ မရှိခြင်း

ဒါကတော့ စိတ်ဓာတ်ကျဖို့ ဖြစ်နိုင်ချေ နည်းတဲ့ အချက် တစ်ခု ဖြစ်ပါတယ်။ သို့ပေမယ့် အခြံအရံ များစွာနဲ့ နေရပြီး တစ်နေ့ကျ ကိုယ့် အခြံအရံ နောက်လိုက် တပည့်မှာ လက်လွတ်သွားရတဲ့ သူများက ဒီအချက်နဲ့ စိတ်ဓာတ် ကျတတ် ပါတယ်။

ပြစ်တင် ရှုံ့ချ ခံရခြင်း

ဒီအချက်ဟာ စိတ်ဓာတ် ကျဖို့ ဖြစ်နိုင်ချေ အများဆုံး ဖြစ်ပါတယ်။ လူတွေရဲ့ အကြောက်ဆုံးထဲမှာ အပြစ်တင် ခံရမှာကို အတော်များများက ကြောက်ကြ ပါတယ်။ အလုပ် တစ်ခု ရတဲ့ အခါ၊ ပရောဂျက် ရတဲ့ အခါ ငါမပြီးရင် ဘာဖြစ်မလဲ၊ မလုပ်နိုင်ရင် ဘာဖြစ်မလဲ၊ စာမေးပွဲ အတွက် အဆင်သင့် မဖြစ်ရင် ဘာဖြစ်မလဲ၊ စာမေးပွဲ ကျရင် ဘာဖြစ်မလဲ၊ ငါ အမှားလုပ်ထားသာ သိကုန်ကျရင် ဘယ်လို လုပ်မလဲ အစရှိသဖြင့် စိုးရိမ် ပူပန် စိတ်များ ဝင်ကြပြီး ယင်း စိုးရိမ်စိတ်များက သောက တစ်ခု ဖြစ်လာပြီး စိတ်ဓာတ် ကျဆင်း စေပါတယ်။

ကိုယ်စိတ် မကျန်းမာ ဆင်းရဲခြင်း

လူ မကျန်းမာရင် ဖြစ်တဲ့ ဝေဒနာကိုတော့ ဖျားနာသူများ သိပါလိမ့်မယ်။ ကိုယ်တွင်း ဖောက်ပြန်တဲ့ ဝေဒနာ များကြောင့် ဆင်းရဲရခြင်း ဒေါသ အဖြစ်ကနေ စိတ်ဓာတ်ကျတဲ့ ဘက်ကို ဦးတည်သွားစေ ပါတယ်။ စိတ် အနေနဲ့ ကလည်း အတူတူပါပဲ။ အချစ်ဆုံး ဆွေမျိုး၊ မိဘ၊ မိတ်ဆွေ၊ ချစ်သူ သေဆုံးခြင်း၊ အဝေးထွက်သွားခြင်း၊ လမ်းခွဲ ရခြင်း၊ အစရှိသဖြင့် ပြဿနာ အမျိုးမျိုးကြောင့် အလွမ်း၊ အဆွေး ခေါင်းစဉ် တပ်လို့ နောက်ဆုံးတော့ စိတ်ဓာတ်ကျတဲ့ ဘက်ကို ဦးတည်သွား ပါတယ်။

စိတ်ဓာတ် မကျအောင် ဖြေရှင်းရန် နည်း

အထက်ပါ ဖော်ပြတဲ့ လောကဓံ အဆိုး လေးခုကြောင့်တင် မကပဲ တစ်ခါတစ်လေ ကျရင် လောကဓံ အကောင်း လေးခု အားကောင်းတဲ့ အခါ ကျရင်လည်း စိတ်ဓာတ် ကျတတ် ပါတယ်။ စိတ်ဓာတ် ကျတယ် ဆိုတာကို တရားကိုယ် ကောက်ရင် ဒေါသ ပါပဲ။ ဒေါသ ဆိုတာ ရုပ်ပိုင်း ဆိုင်ရာ အမူအရာပိုင်း ဆိုင်ရာ ခက်ထန် ကြမ်းတမ်း မှ ဒေါသ မဟုတ် ပါဘူး။ ပူဆွေးသောက၊ ပရိဒေသ ဖြစ်မှု၊ ငိုကြွေးမှု၊ စိတ်ဓာတ် ကျမှု တို့ကလည်း ဒေါသ တစ်မျိုး ဖြစ်ပါတယ်။ သူကျတော့ ဒေါသ အနုစား ဖြစ်ပါတယ်။

ဖြစ်ပုံ ဖြစ်နည်းကို သိပြီးတော့ ဖြေရှင်းနည်းကို သိဖို့ လိုအပ် ပါသေးတယ်။ အဓိက ကတော့ လောကဓံ ရှစ်ပါး ကို ကောင်းကောင်း နားလည် ပြီးတော့ ရင်ဆိုင် ဖြေရှင်း တတ်ဖို့ ဖြစ်ပါတယ်။ အကောင်းတွေ ကြုံတဲ့ အချိန် စိတ်လွတ် ကိုယ်လွတ် ဖြစ်စရာ မလိုသလို၊ အဆိုးတွေ ကြုံတဲ့ အချိန်လည်း စိတ်လွတ်ကိုယ်လွတ် ဖြစ်စရာ မလို ပါဘူး။ လောဘ၊ ဒေါသ များ ကို သိလျှင် သိခြင်း ချုပ်ထိန်းလို့ မောဟ မဖြစ်အောင် ဉာဏ်ယှဉ်သွားအောင် ကျင့်ကြံ အားထုတ်ဖို့ လိုအပ် ပါသေးတယ်။ ကျင့်ကြံ အားထုတ်တယ် ဆိုတာ တရားကြီး ထိုင်မှတ် နေမှ မဟုတ် ပါဘူး။ အမြဲတမ်း စိတ်ထဲမှာ နှလုံးသွင်းပြီး သတိ အမြဲတမ်း ယှဉ်နေဖို့ လိုအပ် ပါတယ်။ ရရှိ အောင်မြင် ခဲ့တဲ့ ရလဒ် များကို ပြန်တွေးလို့ ပီတီ၊ သုခ စေတသိတ် ဝင်ရန် လိုအပ် ပါတယ်။

တစ်ခုခု ကျရှုံးလို့ စိတ်ညစ်တဲ့ အခါ အကောင်းဆုံး လုပ်ခဲ့တာတွေ ကို တွေးပြီးတော့ မိမိကိုယ်ကိုယ်ကို Self appraising လုပ်ရန် လိုအပ် ပါတယ်။ ပြီးတော့ မိမိရဲ့ အားနည်းချက် အားလုံးကို အချက်ကျကျ သိရှိပြီး ယင်း အချက် များကို ရှောင်ကြဉ် ပြင်ဆင် ရပါမယ်။ ဒါတွေကို မပြင်ဆင် မရှောင်ကြဉ် သရွေ့ အတတ်နိုင်ဆုံး မကြိုးစား သရွေ့ စိတ်ဓာတ်က တိုက်ဆိုင် အကြောင်း တွေ့ရင် ကျမှာ ပါပဲ။

ဒီတော့ လောဘ၊ ဒေါသ လျော့၊ မေတ္တာ မုဒိတာ ပွား၊ ပီတိ သုခ ခံစား၊ အားနည်းချက်ကို ရှင်း၊ ဝီရိယ ယှဉ်လို့ အကောင်းဆုံး ကြိုးစား၊ ဆင်ခြင်တုံ တရား ပညာလေ့လာ လိုက်စား၊ သတိ အမြဲ ကပ်လို့ နေထိုင်သွား ရင် စိတ်ဓာတ် ဆိုတာ ကျစရာ အချိန်တောင် ရှိတော့မှာ မဟုတ်ပါဘူး။ အားလုံး စိတ်ဓာတ်ကျတဲ့ ပြဿနာကို ရင်ဆိုင် ဖြေရှင်း သွားနိုင် ကြပါစေဖို့ ရေးသား အကြံပေး လိုက်ရ ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top