ငါးသိန်းဈေးထက် တအားနှိမ်ဝယ်ရင် အရေးယူခံရမယ်

yyl-22-021.jpg

ဆန်ကုန်သည်တွေ၊ စပါးကုန်သည်တွေ၊ စက်ပိုင်တွေအနေနဲ့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဈေးနှုန်းထက် တအားနှိမ်ဝယ်မယ်ဆိုရင် တောင်သူလယ်သမားအကျိုးစီးပွား ကာကွယ်ရေးဥပဒေနဲ့ အရေးယူခံရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောပါတယ်။ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် စီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အခုနှစ် မိုးစပါး ရာသီအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို တင်း ၁၀၀ မှာ ကျပ် ၅ သိန်း သတ်မှတ်ကြောင်း အောက်တိုဘာ ၁၄ ရက်က နိုင်ငံပိုင်သတင်းဌာနများကနေ ထုတ်ပြန်ကြေညာထားပါတယ်။

”နိုင်ငံတော်က ဒီဈေးနဲ့သင့်တော်လို့ ဒီဈေးသတ်မှတ်တယ်ဆိုရင် စပါးဝယ်တဲ့သူတွေအားလုံးကလည်း အတတ်နိုင်ဆုံး ဒီဈေးနဲ့ဖြစ်အောင် ဝယ်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ အဲဒီလိုဝယ်မှ သူ့ဘက်၊ ကိုယ့်ဘက် အမြတ်ရကြမှာဖြစ်ပါတယ်”လို့ ဦးကျော်ဝင်းက ပြောပါတယ်။ နိုင်ငံတော်က သတ်မှတ်သည့် ၅ သိန်းဈေးဟာ စပါးအခြောက်ကို သတ်မှတ်တာဖြစ်တဲ့အတွက် အစိုဓါတ် ၂၀ ကျော်ရှိတဲ့စပါးဆိုရင် ၅ သိန်းဈေး မရနိုင်သော်လည်း လယ်သမားတွေကိုယ်တိုင်အခြောက်ခံပြီး စက်ရုံကို လာပို့လို့ ၅ သိန်းဈေးမရဘူးဆိုရင် အချိန်မရွေးလာပြောလို့ရတယ်လို့လည်း ဦးကျော်ဝင်းက ဆိုပါတယ်။

အခုနှစ်သတ်မှတ်တဲ့ အခြေခံရည်ညွှန်းစပါးဈေးနှုန်းဟာ ၂၀၁၈ ခုနှစ်က သတ်မှတ်တဲ့ ဈေးနှုန်းနဲ့ အတူတူ ဖြစ်ပြီး အခုလိုသတ်မှတ်လိုက်တဲ့အတွက် ကုန်သည်တွေ အကုန်မဝယ်နိုင်တဲ့အခါ နိုင်ငံတကာက အောက်ဈေးနဲ့ ဈေးနှုန်းဝယ်မှုတွေ၊ ဈေးနှုန်း မတည်မငြိမ် ကမောက်ကမဖြစ်မှုတွေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ အခုနှစ်မှာ စပါးဝယ်ယူရေးနဲ့ပတ်သက်ပြီး အရင်ကပုံစံမျိုးမဟုတ်ဘဲ အစိုးရက ဝယ်ယူမှာဖြစ်ပြီး စပါးဝယ်ယူရန်အတွက် တိုင်းနဲ့ ပြည်နယ်အစိုးရများက ဖွဲ့စည်းထားတဲ့ လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့ တွေက ဦးဆောင်ဝယ်ယူသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆန်စပါးအထွက်နှုန်းက တစ်နှစ်ကို တန်ချိန် ၉ သန်းနဲ့ ၁၀ သန်းကြားမှာရှိနေပြီး အဲဒီထဲကမှ ဆန်တန်ချိန် ၃ သန်းနီးပါးကို နိုင်ငံတကာသို့ တင်ပို့နေတာ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top