စမတ်ဖုန်းစွဲလမ်းမှုပြဿနာကို‌ဖြေရှင်းဖို့ နည်းလမ်း (၃) သွယ်

yyl-4-9-014.jpg

ဒီနေ့ခေတ်လူသားတစ်‌‌ယောက်အဖို့တော့ ဖုန်းတစ်လုံး (အထူးသဖြင့် စမတ်ဖုန်း) တစ်လုံးမရှိဘဲနဲ့ နေနိုင်ဖို့ဆိုတာက အတော်ကိုမဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ သူငယ်ချင်း‌တွေနဲ့ မုန့်သွားစားခင်အရင် အချိန်းအချက်လုပ်ဖို့၊ Instagram, Facebookနဲ့ Twitter တို့လို လူမှုကွန်ရက်တွေကသတင်းနဲ့ ဓာတ်ပုံအသစ်တွေကို ကြည့်ဖို့သာမကဘဲ နေရာတစ်ခုခုကို ရှာဖွေလိုတဲ့အခါမျိုးမှာလည်း အင်တာနက်ချိတ်ဆက်ထားတဲ့ စမတ်ဖုန်းတစ်လုံးရှိ‌‌မနေတာက ဘယ်လိုမှ အလုပ်မဖြစ်နိုင်တဲ့အခြေအနေပါ။

စမတ်ဖုန်းရှိတဲ့သူတိုင်း ကိုယ့်ဖုန်းထဲကိုရောက်လာသမျှ အသိပေးချက်တွေကို ငြင်းပယ်‌ ရှောင်လွှဲနိုင်စွမ်း မရှိ‌တတ်ကြပါဘူး။ အထူးသဖြင့် လူမှုကွန်ရက်နဲ့ ဂိမ်းအမြဲဆော့တတ်တဲ့ လူငယ်တွေဆိုရင် အသိပေးချက်တွေကြောင့် စိတ်ဖိစီးမှု‌‌‌‌ ‌ဝေဒနာကို စွဲလန်းမှုရဲ့နောက်ဆက်တွဲ အကျိုးအနေနဲ့ခံစားကြရပြီး စမတ်ဖုန်းစွဲလမ်းမှုပြဿနာကလည်း အရှိန်အဟုန်နဲ့ကို ဆက်ပြီးမြင့်တက်လာ‌ဆဲဖြစ်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။

စိတ်ဖိစီးမှုမဖြစ်ဘူး လို့ ကိုယ့်ဘာသာထင်မိနေရင်တောင် စမတ်ဖုန်းကို ကြည့်သင့်တာထက် နည်းနည်းလောက် အချိန်ပိုကြည့်မိနေတယ်လို့‌ ခံစားမိခဲ့ဖူးမှာပါ။ လေ့လာမှုပြုဖို့ စစ်တမ်းကောက်ယူ မေးမြန်းခဲ့ရာမှာ စမတ်ဖုန်းသုံးနေသူအားလုံးရဲ့ ၄၆% လောက်က ဖုန်းမရှိနေရင် မနေနိုင်ဘူးလို့ ဖြေဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ဖုန်းကိုလုံးဝမထိမတွေ့နေတာမျိုး မဟုတ်ဘဲ အထိုက်အလျောက် ခပ်ကင်းကင်းနေနိုင်စေမယ့် နည်းလမ်းတွေကတော့ ရှိနေပါတယ်။ စမတ်ဖုန်းနဲ့ လုံးဝအဆက်ဖြတ်ထားရသလိုလည်း မဖြစ်နေစေဘဲ သုံးစွဲချိန်များပြားနေမှုကို လျှော့ချပစ်နိုင်စေမယ့်နည်းလမ်း (၃) ခုကို စမ်းသပ်ကြည့်စေချင်ပါတယ်။ ဘာမှထူးထူးထွေထွေလုပ်ဖို့ မလိုအပ်ဘဲ လွယ်လွယ်လေးလုပ်ကြည့်နိုင်မယ့် နည်းလမ်းတွေပါ။

၁။ Vibration Mode (တုန်ခါမှုနဲ့အသိပေးတဲ့စနစ်) ကိုပိတ်ထားပါ

လူအတော်များများက တစ်ယောက်ယောက်များ ကိုယ့်ဆီဖုန်းခေါ်လာမလားတွေးပြီး ဖုန်းကိုအမြဲလိုလို ကြည့် နေမိတတ်ကြပါတယ်။ စမတ်ဖုန်းပိုင်ဆိုင်သူတွေ အားလုံးထဲက ထက်ဝက်လောက်ဟာ ဖုန်းကို အချိန်တိုင်းနီးပါးကြည့်မိနေတတ်ပြီး အဲဒီလိုကြည့်မိလေလေ ဦးနှောက်က ဒိုပါမင်း ဟော်မုန်း (Dopamine)awG ပိုထွက်လာလေလေဖြစ်တာကြောင့် သဘောတကျနဲ့ ကြည့်ပြီးရင်းဆက်ကြည့်ချင်စိတ် ပေါ်လာပါတော့တယ်။ ဒါကြောင့် ကိုယ်ကြည့်မနေတဲ့ အချိန်မှာတောင် အာရုံနောက်‌အောင်လုပ် နေတဲ့ အသိပေးချက်အရှုပ်တွေကို ရှင်းပစ်သင့်ပါတယ်။ ဒီလိုလုပ်လိုက်တာကြောင့် အရေးကြီးစာတိုတစ်စောင်ကို မိနစ်နည်းနည်းလောက်စောင့်ရပြီး လွဲကောင်းလွဲသွားနိုင်ပေမဲ့ တစ္ဆေလိုအမြဲခြောက်လှန့်နေတဲ့ အသိပေးချက်တွေကို အာရုံထဲက ဖယ်ထုတ်ပစ်ချင်စိတ်တော့ ပေါ်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ Facebook Post မှာ Like ဘယ်နှခုရပြီဆိုတာကို မသိလိုက်ရတာက ကိုယ့်ဖို့ဘာမှနစ်နာမသွားစေဘူးလို့ သိနေရမှာပါ။

၂။ Battery Percentage ပြတဲ့ကိန်းကိုဖျောက်ထားလိုက်ပါ

ဖုန်းကိုအချိန်ကြာရှည်စွာသုံးနေတာဟာ Battery အားမြန်မြန်ကုန်စေတာကလွဲလို့ ဘယ်လိုစိတ်ဖိစီးမှုကိုမှ ပြေပျောက်သွားစေမှာမဟုတ်ပါဘူး။ ဆက်သုံးစရာ ဖုန်းအားဘယ်လောက်ကျန်နေပါစေ ဖုန်းကိုဆက်သုံးနေတဲ့အချိန် ကြာလာတာနဲ့အမျှ စိတ်ဖိစီးမှုတွေပိုပိုပြီးဖြစ်လာမှာပါ။ ဖုန်း Setting ထဲကိုဝင်ပြီး Battery Percentage ပြသမှုလုပ်ဆောင်ချက်ကို Disable လုပ်ထားလိုက်ပါ။ Battery အားဘယ်လောက်ကျန်သေးတာကို မသိနိုင်တော့လို့ ကသိကအောက်ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဒီကိန်းဂဏန်းတွေဟာ တကယ်တော့ အရေးမပါလှပါဘူး။ တကယ်တမ်းသုံးတဲ့အခါ Battery Percentage ၅၄% နဲ့ ၅၃% အကြားမှာ ဘယ်လိုကွာခြားမှုမှ ရှိမနေတာဖြစ်လို့ Battery Percentage ပမာဏပြသမှု ဆိုတာကို မတွန့်မဆုတ် ဖျောက်ပစ်လိုက်ပါ။

၃။ ဖုန်းမျက်နှာပြင်ရဲ့အလင်းရောင်ကို ခပ်မှိန်မှိန်ပဲထားသုံးပါ

တစ်ကြိမ်ပြီးတစ်ကြိမ်ပေါ်လာနေတဲ့ အသိပေးချက်အမျိုးမျိုးကြောင့် အာရုံနောက်နေရတဲ့အဖြစ်မျိုးကနေ ရှောင်လွှဲနိုင်စေမယ့် နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဖုန်း screen အလင်းကိုလျှော့ချထားလိုက်ခြင်းပါပဲ။ တောက်ပလွန်းတဲ့အလင်းရောင်အစား grayscale လိုအရောင်ဖျော့ဖျော့ကိုသုံးမယ်ဆိုရင် စာပို့တာ ၊ဖုန်းခေါ်တာတွေကို သုံးဖို့လည်း အဆင်ပြေနေစေဦးမှာပါ။ ဒါပေမဲ့ လူမှုကွန်ရက်က စာတွေ ပုံတွေကိုကြည့်တဲ့အခါမှာ အရောင်အသွေးစုံစုံလင်လင်နဲ့ မမြင်ရတော့ဘဲ မွဲခြောက်ခြောက်ပျင်းစရာပုံစံဖြစ်နေမှာပါ။ ဒါကြောင့် ဖုန်းကိုဆက်ပြီးကြည့်ချင်စိတ် လျော့သွားမှာက သေချာပါတယ်။

iPhone တွေမှာ screen အလင်းရောင်ကိုလျှော့ထားနိုင်ဖို့ Setting> General> Accessibility> Display Accomodations> Color Filters မှာ grayscale option ကို ရွေးချယ်သတ်မှတ်ပေးရမှာဖြစ်ပြီး Android Phone (Pixel နဲ့ Nexus) မှာဆိုရင်တော့ Setting> AboutPhone> Build Numberကို သုံးကြိမ်နှိပ်ပြီး DeveloperOptions ထဲဝင်ကာ အောက်ခြေနားက Hardware accelerated rendering section> Simulate Color Space> Mono chromacy ကို ရွေးချယ်ပေးရမှာပါ။ Pixel နဲ့ Nexus မဟုတ်တဲ့ တခြား Android ဖုန်းအများစုမှာတော့ Simulate ColorSpace Option မပါဝင်နေလို့ သာမန်အတိုင်းပဲ Brightness အဆင့်လျှော့တဲ့နည်း ဒါမှမဟုတ် Google Play Store က Screen Filter App တစ်ခုခုကို Download ရယူပြီးသုံးတဲ့နည်းတွေနဲ့ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ မွဲခြောက်ခြောက်အရောင်နဲ့ ပျင်းစရာပုံစံ ဖုန်းမျက်နှာပြင်က ဖုန်းကို ခဏခဏကြည့်ချင်နေတဲ့စိတ်ကို အတော်လေးလျော့လာစေမှာပါ။
အခု‌ပြောပြခဲ့တဲ့ အလွယ်နည်းလမ်းလေး (၃) မျိုးကို စမ်းသပ်လုပ်ဆောင်ကြည့်ပြီး Smartphone စွဲလမ်းမှုပြဿနာကြောင့် စိတ်ဖိစီးနေရမှုတွေကိုပစ်ထားပြီး စိတ်ပေါ့ပေါ့ပါးပါးလေး နေကြည့်လိုက်ရအောင်ပါ။

Ref: MSN “Tips to curb smartphone addiction from Mental Loss”
Lynn Thu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top