ကိုဗစ်ကာလမှာ ပြည်သူတွေ စားရေး၊ သောက်ရေး အဆင်ပြေအောင် တစ်ထောင့်တစ်နေရာကနေ ပံ့ပိုး ကူညီပေးနေတဲ့ Food Delivery လုပ်ငန်းများ

foodpanda.jpg

ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ အသွားအလာ ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် ပြည်သူတွေလည်း အိမ်ထဲမှာပဲ နေကြရပြီး မဖြစ်မနေသွားဖို့ မလိုအပ်တဲ့ အလုပ်တွေကို အိမ်ကနေ လုပ်နေကြပါတယ်။ စားသောက်ဆိုင်တွေမှာလည်း ပါဆယ်စနစ်နဲ့သာ ရောင်းချခွင့်ပြုလို့ ပြည်သူများက အစားအသောက် ပို့ဆောင်ရေး (Food delivery) လုပ်ငန်းတွေကိုပဲ အားကိုးအားထား ပြုလာကြပါတယ်။ စားသုံးသူနည်းပါးနေတဲ့ စားသောက်ဆိုင်တွေလည်း လုပ်ငန်းပုံမှန်လည်ပတ်နိုင်ဖို့အတွက် Food Delivery လုပ်ငန်းတွေကို မှီခိုအားထားလာကြတာ တွေ့ရပါတယ်။ ဒီတော့ Food delivery လုပ်ငန်းတွေဟာ ပြည်သူတွေရဲ့ စားရေး၊ သောက်ရေးကိုရော၊ စားသောက်ဆိုင်လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ရေးကိုပါ ပေါင်းကူးချိတ်ဆက်ကူညီပေးလျက်ရှိပါတယ်။

Food Delivery လုပ်ငန်းတွေဟာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသအစိုးရရဲ့ တရားဝင် ခွင့်ပြုချက်ရရှိထားပြီး သက်ဆိုင်ရာအစိုးရဌာနတွေက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေနဲ့အညီ အစားအသောက်တွေ ပို့ဆောင်ပေးလျက်ရှိတာ တွေ့ရပါတယ်။ Food Delivery ကုမ္ပဏီတွေကလည်း စားသုံးသူတွေ ဘေးကင်းလုံခြုံမှုရှိစေဖို့ အစားအသောက်ပို့ဆောင်သူ (Rider) တွေကို လက်အိတ်၊ Mask နှင့် Hand Sanitinizer တွေ ထောက်ပံ့ပေးပြီး စနစ်တကျ အသုံးပြုဖို့ ညွှန်ကြားထားကြပါတယ်။

“ကူးစက်ခံရမှာကိုတော့ ကြောက်တာပေါ့။ ဒါပေမယ့်လည်း ဒီလိုကူးစက်မှု မြင့်မားနေတဲ့အချိန်မှာ ကိုယ့်ဘာသာကို ကူးစက်မခံရအောင် အတတ်နိုင်ဆုံး ကာကွယ်ပြီး ကိုယ့်စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ကြိုးစားရုန်းကန်နေရတာပါ။ ကျွန်တော်ကတော့ ရုံးကစီစဉ်ပေးတဲ့ Mask တွေ၊ လက်အိတ်တွေအမြဲတမ်း တပ်ထားတယ်။ ဆိုင်မှာ ပစ္စည်းဝင်ယူအချိန်နဲ့ Customer တွေကို ပေးဖို့ အိတ်ထဲကမထုတ်ခင် အချိန်တွေမှာလည်း Hand Sanitizer နဲ့ လက်ကို သေချာဆေးပြီး ကိုယ့်ကိုယ်ကိုရော customer တွေကိုပါ မကူးစက်အောင် ကာကွယ်တယ်။ ဒါမှမဟုတ်လဲ ဆိုင်ထဲမဝင်ခင် ဆိုင်အရှေ့က လက်ဆေးစင်မှာ လက်ဆေးပြီးမှဝင်တယ်။ အခုအချိန်က အရမ်းအန္တရာယ်များတယ်ဆိုပေမယ့်လည်း အသွားအလာ အခက်အခဲရှိနေတဲ့ ပြည်သူတွေကို ကူညီပေးရာရောက်တယ်ဆိုတဲ့ ခံယူချက်လေးနဲ့ပဲ ရှေ့ဆက်နေတာပါ” လို့ Food delivery လုပ်ငန်းတစ်ခုမှာ အစားအသောက်ပို့ဆောင်သူအဖြစ် လုပ်ကိုင်နေသူတစ်ယောက်က ပြောပါတယ်။ ကိုဗစ်ကာလမှာ အစားအသောက်ပို့ဆောင်နေသူတွေဟာ ရောဂါကူးစက်နိုင်မှုအန္တရာယ်ကို အံတုပြီး ပြည်သူတွေ စားရေး၊ သောက်ရေးအဆင်ပြေစေဖို့၊ စားသောက်ဆိုင်လုပ်ငန်းတွေ ပုံမှန်လည်ပတ်ပြီး အလုပ်အကိုင်အခွင့်အလမ်း မဆုံးရှုံးစေဖို့ ဆောင်ရွက်ပေးနေသူတွေပါ။ COVID ကာလမှာ စားသုံးသူတွေ ဈေးနှုန်းသက်သက်သာသာနဲ့ မှာယူစားသောက်နိုင်ဖို့အတွက် Food Delivery လုပ်ငန်းတွေကလည်း Promotion တွေ၊ Discount တွေ ပေးအပ်နေပါတယ်။

Food Delivery လုပ်ငန်း လုပ်ကိုင်ခွင့်ကို တရားဝင်ခွင့်ပြုထားပေမယ့် တချို့လမ်းတွေ၊ ရပ်ကွက်ထဲတွေမှာ အစားအသောက် ပို့ဆောင်သူတွေကို လမ်းထဲ အဝင်မခံတာ၊ အုပ်စုလိုက် ကိုယ်ထိလက်ရောက်ကျူးလွန်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ် အနည်းငယ်က မြို့နယ်တချို့ရဲ့လမ်းတွေထဲ အဝင်မခံဘဲ ပိတ်ဆို့တားဆီးမှုတွေဖြစ်ပေါ်ခဲ့လို့ အစားအသောက် ပို့ဆောင်သူတွေအနေနဲ့ အစားအသောက်တွေ အိမ်တိုင်ရာရောက်ပို့ဆောင်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

“ကျွန်တော့အမြင်ကတော့ ဒီ COVID ကာလမှာ Food Delivery လုပ်ငန်းက သက်ဆိုင်ရာ အစိုးရရဲ့ တရားဝင် ခွင့်ပြုချက်လည်းရထားပြီးသား နောက်ပြီး ပြည်သူတွေ စားရေးသောက်ရေး အဆင်ပြေအောင် တစ်ဖက်တလမ်းကနေ ကူညီပေးနေတာကြောင့် ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းကူညီပေးစေချင်ပါတယ်။ ကူညီပေးကြပါလို့လည်း မေတ္တာရပ်ခံချင်ပါတယ်” လို့ အစားအသောက်ပို့ဆောင်သူတစ်ဦးက ပြောပါတယ်။

အဲဒီအခြေအနေနဲ့ပတ်သက်ပြီး အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းမှာ ထိပ်တန်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ Food Panda က “ကျွန်တော်တို့ Food Panda အနေနဲ့ COVID ကာလမှာ အစားအသောက်ပို့ဆောင်တဲ့ Rider တွေအတွက် Mask တွေ လက်အိတ်တွေ၊ Hand Sanitizer တွေ လိုအပ်သလို အသုံးပြုနိုင်ဖို့ ထောက်ပံ့ပေးထားပြီးတော့ Mask အမြဲတမ်း တပ်ထားဖို့ စည်းကမ်းချက်တွေ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီစည်းကမ်းတွေကို လိုက်နာမှု ရှိ၊ မရှိဆိုတာလည်း အဖွဲ့တစ်ခုဖွဲ့ပြီး ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ပါတယ်။ နောက်တစ်ခုက ဒီ COVID ကာလမှာ Food Delivery လုပ်ငန်းတွေအနေနဲ့ သတင်းအမှားတွေ၊ ကောလာဟလတွေနဲ့ အမြဲရင်ဆိုင်နေရပါတယ်။ အဲဒီသတင်းအမှားတွေ၊ ကောလဟာလ တွေကြောင့်မို့လို့လည်း ကျွန်တော်တို့ရဲ့ Rider တွေ အခက်အခဲတော်တော် ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုတွေအနေနဲ့ သတင်းအမှားတွေကို မယုံဖို့နဲ့ သက်ဆိုင်ရာ သတင်းဌာနကနေ တရားဝင်ထုတ်ပြန်တဲ့ သတင်းတွေကိုပဲ စောင့်ကြည့်ပေးကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ရိုးရာလေးကို ဖြေကြားခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top