ပြီးခဲ့တဲ့အပတ်မှာတော့ အလုပ်လက်မဲ့ဖြစ်တဲ့ အမေရိကန်လူမျိုးအရေအတွက်က ၇ သိန်းကျော်ထိ ကျသွားခဲ့ပါတယ်။ ဒါက မတ်လကတည်းကဆိုရင် အနည်းဆုံးရက်သတ္တပတ်ပါပဲ။ ဒါပေမဲ့ အမေရိကန်လူမျိုး (၂၃) သန်းက အလုပ်လက်မဲ့ဖြစ်နေဆဲဖြစ်ပြီး မိသားစုကို ကျွေးမွေးဖို့အတွက် ရုန်းကန်နေရတဲ့နှုန်းက ဆက်လက်မြှင့်တတ်နေပါတယ်။ ကပ်ရောဂါအတွင်းမှာ အီရီရယ်ကီနာ ပီဇာရို ( Erielkina Pizarro) ဆိုတဲ့ ကလေး (၃) ဦးမိခင်ကလည်း အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေရပါတယ်။ သူ့ရဲ့ကလေး (၃) ဦးစလုံးကလည်း မသန်စွမ်းဖြစ်နေတာပါ။
![](https://yoyarlay.com/wp-content/uploads/2020/10/23-10-2020-yyl-010.jpg)
“အမေ အလုပ်မရှိဘူးလို့ သူတို့ကို ပြောလိုက်တော့ ကလေးတွေက မာမီက အလုပ်မလုပ်ဘူး။ မာမီက အစားအစာတွေဝယ်မလာနိုင်တော့ဘူးတဲ့”လို့ အီရီရယ်ကီနာက ဆိုပါတယ်။ အခုဆိုရင် အီရီရယ်ကီနာဟာ သားလေး (၃) ဦး စားသောက်နိုင်ဖို့အတွက် BronxWorks က လုပ်ဆောင်ပေးနေတဲ့ အစားအစာအခမဲ့ယူနိုင်တဲ့ Food Bank ကို အားကိုးနေရပါတယ်။ BronxWorks ဆိုတာက လိုအပ်နေတဲ့သူတွေကို ကူညီပေးနေတဲ့အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းပါ။ “ကျွန်တော်တို့ မိသားစုတွေကို အစားအစာ (၅၀၀) ထောက်ပံ့နေရတာကနေ အခုဆိုရင် ၄၀၀၀ ထိ တိုးသွားခဲ့ပါတယ်” လို့ BronxWorks ရဲ့အမှုဆောင်ဒါရိုက်တာ အီလိန် တော်ရက်စ်က ပြောပါတယ်။
![](https://yoyarlay.com/wp-content/uploads/2020/10/23-10-2020-yyl-011.jpg)
မေလက ကလေး (၃) ဦးကို ထိန်းပေးတဲ့ အီရီရယ်ကီနာရဲ့အဘိုးကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရပါတယ်။ အီရီရယ်ကီနာက သူ့ရဲ့သားတွေကို ကြည့်ပေးမယ့် ကလေးထိန်းဌားဖို့လည်း ပိုက်ဆံမတတ်နိုင်ခဲ့တဲ့အပြင် အိမ်အရောက်ကျန်းမာရေးဝန်ဆောင်မှုအလုပ်ကနေလည်း ထွက်ခဲ့ရပါတယ်။ “အခုလာမယ့်အပတ် ၂၄ ရက်နေ့က ကျွန်မရဲ့သားလေးမွေးနေ့ပါ။ သူ့အတွက် မွေးနေ့ကိတ်တောင် ဝယ်မပေးနိုင်ပါဘူး” လို့ အီရီရယ်ကီနာက ဆိုပါတယ်။
![](https://yoyarlay.com/wp-content/uploads/2020/10/23-10-2020-yyl-012.jpg)
အီရီရယ်ကီနာကလည်း သူ့မှာ ပိုင်ဆိုင်တာဆိုလို့ ဒေါ်လာ ၄၅ ပဲရှိတယ်လို့ ဆိုပါတယ်။ “ကျွန်မ အရင်တုန်းက ဘဝကို လိုချင်တယ်” လို့ ပြောပါတယ်။ ဒါပေမဲ့ အီရီရယ်ကီနာက အခုအခြေအနေမျိုးနဲ့ နေသားကျဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ အီရီရယ်ကီနာကို ကူညီပေးချင်တဲ့သူတွေက BronxWorksEmergency Fund မှာ အီရီရယ်ကီနာရဲ့အကျိုးအတွက်လို့ပြောပြီး လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။ ကပ်ရောဂါအတွင်းမှာ နယူးယောက်မြို့က မိဘတွေထဲက တစ်ဝက်ကလည်း အစားအစာမစားရတဲ့ရက်တွေရှိတယ်လို့လည်း သတင်းထွက်ရှိခဲ့ပါသေးတယ်။
Ref: CBSNews “New York mother relies on food bank to feed young sons amid COVID-19 pandemic”
WL (ရိုးရာလေး)