အခက်အခဲများကြားမှ ဖောက်ထွက်သူ Nick Vujicic

yyl-026-1.jpg

သင့်ဘဝမှာ အမြဲ အလုပ်ရှုပ်နေရတဲ့ နေ့ တွေကို ကိုယ်လက်မပါပဲ ဖြတ်သန်းနေရမယ့် ခံစားမှုမျိုးကို သင်တွေးကြည့်ဖူးပါသလား။ သင့်ကိုယ်သင် ပုံဖော်ကြည့်ပါ ဥပမာ သင်ဟာ လမ်းမလျှောက်တတ်တဲ့ သူတစ်ယောက်ဆိုပြီး၊ သင့်ရဲ့ နေ့ စဉ် ကိစ္စအ၀၀ကို ကိုယ်တိုင်လုပ်မနိုင်ဘူးဆိုပြီး၊ သင်ချစ်ခင်ပြီး ရင်းနှီးကျွမ်းဝင်သူတွေကို ပွေ့ ဖက် ခွင့် မရဖူးဆိုပြီး တော့ တွေးဖူး နိုင်ကောင်းတွေးဖူးနေမှာပါ။ ဒီလိုသင်တွေးနေတာတွေကို ကိုယ်တိုင်ခံစားဖူးသူရှိပါတယ်။ သူကတော့ နစ်ဗူအိ (ချ်)အိ(ချ်) Nick Vujicic ဖြစ်ပါတယ်။

Nick ဟာ tetra-amelia syndrome လို့ ခေါ်တဲ့ ကိုယ်အင်္ဂါဖွံ့ ဖြိုးမှု မရှိဘဲ ချွတ်ယွင်းမှု ဝေဒနာကို ခံစားနေရပါတယ်။ သူဟာ ကမ္ဘာတစ်ဝှမ်း ဒီရောဂါ ကိုခံစားနေရတဲ့ ၇ ယောက်တည်းက တစ်ယောက်ဖြစ်ပါတယ်။ ဆေးပညာသဘာ၀ အချက်အလက်တစ်စုံတစ်ရာ သတိပေးမှု လက္ခဏာမပြပဲ Nick ကို သြစတြေးလျ နိုင်ငံ မယ်လ်ဘုန်းမြို့ မှာ ၁၉၈၂ ခုနှစ်မှာ ကိုယ်အင်္ဂါချွတ်ယွင်းမှုတွေနဲ့ အတူမွေးဖွားခဲ့ပါတယ်။ ရောဂါရှာဖွေ အချက်အလက်စက်တွေကလဲ ဒီလိုဖြစ်လာမယ်လို့ ကြိုတင်မှန်းဆမှု သေချာ မဖော်ပြခဲ့ပါဘူး။ ဒီလိုနဲ့ မိဘတွေကတော့ အခက်အခဲကြားက အသက်ရှင်လာခဲ့တဲ့ သားလေးအတွက် ကောင်းမွန်စာ ပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ်။ ကံကောင်းတာက သားလေးက မိမိအနေနဲ့ ကိုယ်အင်္ဂါချွတ်ယွင်းမှုတွေကို မမူပဲ စိတ်ဓာတ်ကြံ့ခိုင်စွာ အခက်အခဲတွေကို ကျော်ဖြတ်ကာ အဆုတ်မနှစ် တိုက်ပွဲဝင် ဘဝကိုဖြတ်သန်းနေတဲ့အတွက် မိဘတွေအနေနဲ့ စိတ်သက်သာရာရစေခဲ့ပါတယ်။

ငယ်စဉ် ဘဝရဲ့ နေ့ ရက်တွေက အတော်လေးခက်ခဲစေခဲ့ပါတယ်။ ငယ်ရွယ်စဉ် ဘဝတစ်လျှောက်လုံး ကျောင်းမှာဖြစ်စေ နေရာတိုင်းမှာ ဖြစ်စေ လူတွေရဲ့ ဝေဖန်ကဲ့ရဲ့ မှုကို နေ့ စဉ်နဲ့ အမ ျှ ကြုံတွေ့ လေ့ရှိပါတယ်။ ဒါတွေတင်မက စိတ်ပိုင်းဆိုင်ရာမှာလဲ ဒဏ်ရာတွေနဲ့ ပြည့်နေခဲ့တာပေါ့။ သူဟာ စိတ်ဓာတ်ကျမှု၊ သိမ်ငယ်မှု နဲ့ အထီးကျန်မှု တွေကိုလည်း ခံစားကျော်ဖြတ်ခဲ့ရတယ်။ ဒီလိုနဲ့ ငယ်စဉ်ဘဝက Nickအနေနဲ့ အမြဲမေးခွန်းထုတ်လေ့ရှိတာက ဘာကြောင့်များသူဟာ တစ်ခြားကလေးတွေထက် မတူကွဲပြားမှု ဖြစ်နေရတာလဲ ဆိုတာပါပဲ..။ ဒါ့အပြင် သူဒီဘဝကိုဘာကြောင့်ရရှိခဲ့ရတာလဲ…သူ့ မှာကောမျှော်လင့်ချက်တွေတောင်ရှိတော့ရဲ့လား ဆိုတာကိုလည်း မေးခွန်းထုတ်လေ့ရှိပါတယ်။

Nick ကတော့ သူ့ ဘဝကို ဒီလိုရုန်းကန် ကျော်လွှားနိုင်မှု၊ ဘဝမှာ ခွန်အားအပြည့်ရှိမှု နဲ့ သူ့ ရဲ့ ဘဝကို သူချစ်ခင် မှု တွေဟာ ဘုရားသခင်အပေါ်မှာ ယုံကြည်မှုတွေကြောင့် သူဒီလို ဘဝကို ရင်ဆိုင်ကျော်ဖြတ်နိုင်တာလို့ ဆိုပါတယ်။ မိသားစု၊ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေ နဲ့ အခြားသော လူများကလည်း သူ့ ကို အားပေးနှစ်သိမ့် ပေးကြတဲ့အတွက် သူအနေနဲ့ ခွန်အားများရရှိကာ ဘဝကို အရှုံးမပေးပဲ ကြံ့ကြံ့ခံ ခရီးရှေ့ ဆက်နိုင်ခဲ့ပါတယ်။

ပထမဦးဆုံးသော လူထု မိန့် ခွန်းကို Nick အသက် ၁၉ နှစ်အရွယ်မှာ ကမ္ဘာ့ နိုင်ငံများသို့ ခရီးနှင်ကာ သန်းနဲ့ ချီသော သူတွေကို သူ့ရဲ့ ဘဝအကြောင်းကို မျှဝေကာ အားပေး မိန့် ခွန်းများကို ပြောကြားပါတယ်။ သူမိန့် ခွန်းပြောလေ့ရှိတာက အားကစားရုံများဖြစ်ပြီး လူတွေ ပြည့်ကျပ်နေအောင်လာအားပေးနားထောင်ကြပါတယ်။ သူ့ ရဲ့ အမာခံပရိသတ်တွေကတော့ ကျောင်းသားများ၊ ဆရာ၊ဆရာမများ၊ လူငယ်လူရွယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘုရားကျောင်းဝတ်ပြု ပရိသတ်တွေပဲဖြစ်ပါတယ်။ ဒီလိုအားဖြင့်တွေးကြည့်သောအခါ Nick မှာ မည်သိုပဲ ချွတ်ယွင်းမှု ရှိစေကာမူ သူဟာ လူတွေကို စိတ်ဓာတ်မြှင့်တင်ပေးကာ လူကောင်းတစ်ယောက် လုပ်နိုင်တာထက် တန်းတူမကပဲ ကျော်လွန်နေတာတွေ့ နိုင်ပါတယ်။

Nick ဟာ စာရေးဆရာတစ်ယောက်၊ ဂီတပညာရှင်တစ်ယောက်၊ သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ အပြင် သူ့ ရဲ့ အခြားသော ဝါသနာ တွေက ငါးမ ျှားခြင်း၊ ရေကူးခြင်း၊ နဲ့ ပန်းချီဆွဲခြင်းတို့ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်အတွင်း Nick ဟာ ကယ်လီဖိုးနီးယားမှာရှိတဲ့ International non-profit ministry ရဲ့ ဥက္ကဌ တစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Life without Limbs ဖြစ်တဲ့ အဖွဲ့ အစည်းတစ်ခုကို ၂၀၀၅ မှာ တည်ထောင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာလည်း သူဟာ Attitude is Attitude ဆိုတဲ့ စိတ်ဓာတ်လှုံ့ ဆော်ပေးတဲ့ အဖွဲ့ အစည်းကိုတည်ထောင်ပြန်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်အတွင်းမှာ ကျင်းပခဲ့တဲ့ Method Fest Independent Film Festival ရုပ်ရှင်ပြပွဲမှာ Nick အနေနဲ့ ဇာတ်လမ်းအတို တစ်ခုမှာ အကောင်းဆုံး သရုပ်ဆောင်ဆု ရရှိခဲ့ပါတယ်။

အိမ်ထောင်ရေးအရ သူ ဟာ Kanae Miyahara ဆိုတဲ့ အမျိုးသမီးနဲ့ ၂၀၁၂ ခုနှစ်မှာလက်ထပ်ခဲ့ပြီး သားနှစ်ယောက်မွေးဖွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇွန်လ အတွင်းမှာတော့ Nick ရဲ့ အမျိုးသမီးအနေနဲ့ အမွှာကလေး မွေးလာပါတယ်။ ယခုလက်ရှိမှာတော့ Nick မှာ သားသမီး ၄ယောက်ရှိနေပါပြီး။ပညာရေးအရမှာလဲ သူဟာ စာရင်းအင်းပညာ ဘွဲ့ နဲ့ ဘဏ္ဌာရေး စီမံခန့် ခွဲမှု ပညာ ဘွဲ့ တို့ ကို ရရှိထားပါတယ်။

သူ့ရဲ့ ကမ္ဘာကျော်တဲ့ စကားတစ်ခွန်းကတော့ ဘဝမှာ မဖြစ်နိုင်တာ မရှိပါဘူးတဲ့။ ဘာမဆိုဖြစ်နိုင်ပါတယ်တဲ့။ ဒီလိုဖတ်ကြည့်ခြင်းအားဖြင့် သင့်အနေနဲ့ သင်ခန်းစာ တစ်ခုခုတော့ ရရှိမယ်လို့ စာရေးသူမြင်မိပါတယ်။ တကယ်တမ်းတော့ သင့်မှာ မည်သည် ဘဝပေးအခြေအနေနဲ့ ပဲ ရင်ဆိုင်နေရပါစေ သင့်အနေနဲ့ အကောင်းဆုံး လုပ်ကိုင် ပြီးတော့ အခက်အခဲအားလုံးကို ရင်ဆိုင်ကျော်ဖြတ် နိုင်ပါတယ်။ သင့်မှာ ရှိတဲ့ အခက်အခဲကို သင်ရဲ့ ကျော်လွှားချင်တဲ့ စိတ်က အနိုင်ယူသွားနိုင်ပြီး အခက်အခဲကို ကျော်ဖြတ်နိုင်ပါတယ်။ အားလုံးကတော့ မပြည့်စုံကြပေမယ့် ကျွန်တော်တို့ အားလုံးကတော့ မတူကွဲပြားစွာ စွမ်းဆောင်နိုင်စွမ်းရှိကြပါတယ်။

REF: LifewithoutlimbsORG

TharHtoo(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top