နေလောင်တာ တွေကနေ သက်သာစေဖို့

sun_large.jpg

အခုဆိုရင်တော့ အားလပ်ရက်လေးကနေ လည်ကြပတ်ကြတာက ပြန်ရောက်လာကြပြီလို့ ထင်ပါတယ်။ ဒါပေမယ့် နယ်တွေဘက် ဘုရားဖူးသွားတာတို့ ပူပြင်းတဲ့ဒေသတွေဘက်ကနေ ပြန်လာတဲ့သူတွေကတော့ ကျိန်းသေပေါက် နေလောင်ခံလာရမှာ အသေအချာပါပဲ။ ဒီတော့ ဒီ နေလောင်ဒဏ်တွေကနေ ပုံမှန်ပြန်ဖြစ်အောင် ဘယ်လိုပြုမူနေထိုင်ရမလဲ ဝေမျှပေးပါရစေ။

အေးမြခြောက်သွေ့တဲ့ အဝတ်စ သန့်သန့်လေးနဲ့ အရေပြားကို မကြာခဏ လိုက်တို့ ပွတ်တိုက်ပေးပါ။ Wet Tissue ဆိုလည်း ရပါတယ်။ နေ့တိုင်း လုပ်ရမှာပါ။ ရေအေးအေးလေးနဲ့ ရေချိုးပေးပါ။ ပြီးရင် ရေကို အကုန် ပွတ်တိုက်လိုက်တာမျိုး မလုပ်ပဲ အသားပေါ်မှာ နည်းနည်း တင်ကျန်နေပါစေ။ ပြီးရင် အစိုဓာတ် ထိန်းခရင်မ် တစ်ခုခုလိမ်းထားပါ။ သနပ်ခါးပါးပါးလေး လိမ်းထားလည်း ရပါတယ်။ ဒါက အရေပြား ခြောက်သွေ့မှုကို သက်သာစေပါလိမ့်မယ်။

ရှားစောင်းလက်ပတ် ပါဝင်တဲ့ ကရင်မ်/gel၊ ဒါမှမဟုတ် ရှားစောင်းလက်ပတ် အစစ်နဲ့ နေလောင်ထားတဲ့ နေရာတွေမှာ အသားထဲ စိမ့်ဝင်အောင် ပွတ်တိုက်ပေးပါ။ ရှားစောင်းလက်ပတ်ဟာ အသားအရည်ကို အေးမြ ကြည်လင်စေတဲ့အစွမ်း ရှိပါတယ်။ ဓာတုပစ္စည်း ပါဝင်မှုနည်းတဲ့၊ သဘာဝနဲ့ အနီးစပ်ဆုံး ရှားစောင်းလက်ပတ် ခရင်မ်တွေ လိမ်းထားနိုင်ပါတယ်။

နေလောင်တဲ့နေရာတွေက ယားစပ်စပ်တွေ ဖြစ်လာပြီး နီရဲ ယောင်ယမ်းလာတာမျိုး နာကျင်တာမျိုး ဖြစ်မယ်ဆိုရင် မပေါ့ပါနဲ့။ နီးစပ်ရာ ဆေးခန်းမှာ ပြသပြီး သေချာကုသမှု ခံယူဖို့ လိုပါတယ်။

ရေများများသောက်ပါ။ ဒါကတော့ အရေးအကြီးဆုံး အချက်ပါ။ နေလောင်တာဟာ ခန္ဓာကိုယ် အတွင်းဘက်ကိုပါ ခြောက်သွေ့စေတတ်တာကြောင့် ရေများများသောက်သုံးပေးဖို့ လိုအပ်ပါလိမ့်မယ်။

အရည်ကြည်ဖုလေးတွေ ထလာရင် လုံးဝလက်နဲ့ သွားမဆိတ်ပါနဲ့။ ဒါက ဒဏ်ရာတွေကို ပိုဆိုးသွားနိုင်ပါတယ်။ သေချာကုသပြီး ပိုးမဝင်စေအောင် ဂရုစိုက်ပါ။ နေမကောင်းတာ ခေါင်းမူးတာ မအီမသာဖြစ်တာမျိုးဆိုရင် ဆေးခန်းချက်ခြင်းပြပါ။

နေလောင်ဒဏ် အရှင်းပျောက်သည်အထိ စိတ်ရှည်လက်ရှည် ဂရုစိုက်ပါ။ အဝတ်အစားတွေကိုလည်း ပွပွချောင်ချောင်နဲ့ ပေါ့ပေါ့ပါးပါး ဖြစ်စေမယ့် အဝတ်မျိုးကိုသာ ရွေးချယ်ဝတ်ဆင်ပါ။ အရောင်နုလေးကို ပိုရွေးချယ်သင့်ပါတယ်။

Ref: American Academy of Dermatology: Treating Sunburn

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top