ကြန့်ကြာနေတဲ့ ဗိုလ်ချုပ်ရုပ်ရှင်ကို အခုလကုန်မှာ စတင်ရိုက်ကူးမယ်

71493799_1599063210236399_4820776957815816192_n.jpg

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိကို ရိုက်ကူးမယ့် အောင်ဆန်းရုပ်ရှင်ကို ရန်ကုန်၊ မန္တလေးနဲ့ နတ်မောက်မြို့တွေက သမိုင်းဝင်နေရာတွေမှာ စက်တင်ဘာလကုန်ပိုင်း ကနေ အောက်တိုဘာ ၁၅ ရက်အတွင်း စတင်ရိုက်ကူးသွားတော့မှာ ဖြစ်ပါတယ်။

အခုလိုရိုက်ကူးမယ့် အောင်ဆန်းရုပ်ရှင်ဇာတ်ကားအတွက် ကန်တော့ပေးပွဲအခမ်းအနားနဲ့ အောင်ဆန်း ရုပ်ရှင်စတင်ရိုက်ကူးတဲ့အခမ်းအနား တွေကို စက်တင်ဘာ ၂၄ ရက်၊ နံနက်ပိုင်းက ရွှေတိဂုံဘုရားနဲ့ နိုဗိုတယ် ဟိုတယ်တို့မှာ ကျင်းပခဲ့ပါတယ်။
”ဘောလုံးသမားဘဝက နားပြီး ဒီဘက်ကို ပြောင်းလိုက်ကတည်းက ဇာတ်ကားထွက်တဲ့အချိန်အထိဆို ၁၀ နှစ်လောက်ကြာတယ်။ ကျွန်တော့်ဘဝရဲ့ အချိန်အစိတ်အပိုင်းတစ်ခုကို လှူထားတာဗျ”လို့ ဗိုလ်ချုပ်အောင်ဆန်း နေရာမှာ သရုပ်ဆောင်မယ့် ကိုကျော်ကျော်မျိုးက ပြောပါတယ်။

အောင်ဆန်းရုပ်ရှင်မှာ အခန်းစဉ် ၁၁၇ ခန်းပါဝင်မှာဖြစ်ပြီးတော့ ဇာတ်လမ်းအခန်းစဉ်စာအုပ်ကို ၂၀၁၉ ခုနှစ်၊ မေ ၇ ရက်က ရေးသားပြုစုခဲ့ပြီးဖြစ်ပါတယ်။ အခန်းစဉ်အလိုက် စကားပြောတွေပါဝင်တဲ့ ဇာတ်ညွှန်းတွေကို လည်း သမိုင်းအထောက်အထား စိစစ်ရေးဆပ်ကော်မတီက အတည်ပြုပေးပြီး ဖြစ်ပါတယ်။

အောင်ဆန်းရုပ်ရှင်ကို ဇာတ်လမ်း/ဇာတ်ညွှန်း ပြုစုရေးဆပ်ကော်မတီဝင်များ၊ ဒါရိုက်တာအကယ်ဒမီလူမင်း၊ Casting ဒါရိုက်တာ အလင်္ကာကျော်စွာ အကယ်ဒမီ ပန်းချီစိုးမိုး၊ Production ဒီဇိုင်နာ အကယ်ဒမီ ဦးထွန်းအောင်ဇော်၊ Art ဒါရိုက်တာ အကယ်ဒမီ စိုးကျော်ဆန်းတို့က ဦးဆောင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

”ဒီကားကို ရိုက်ဖို့ တာဝန်ယူလိုက်တဲ့အချိန်မှာ ဒီကားကို ပြီးအောင်၊ ဆုံးခန်းတိုင်အောင်၊ အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက် ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် မယုံဘဲ ဒီလောက်ကြီးလေးတဲ့ တာဝန်ကို လုံးဝ မယူဘူး”လို့ ဒါရိုက်တာ အကယ်ဒမီ လူမင်းက ပြောပါတယ်။
ဒီရုပ်ရှင်မှာ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်အဖြစ် နန့်ဇာခြည်လင်း၊ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီရဲအောင်၊ အကယ်ဒမီမင်းဦး၊ အကယ်ဒမီခန့်စည်သူ၊ နိုင်းနိုင်း၊ ညိုမင်းလွင်၊ ပြေဇင်၊ မိုးဟေကိုနဲ့ ဇာတ်ပို့၊ ဇာတ်ရံများ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။


အောင်ဆန်းရုပ်ရှင်ကို ၆ လကနေ တစ်နှစ်အတွင်း အပြီးရိုက်ကူးသွားမှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာ ရုံတင် ပြသနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို စက်တင်ဘာ ၃၀ ရက်ကနေ စတင်ရိုက်ကူးမှာဖြစ်ပြီး စတင်ရိုက်ကူးမယ့်နေရာကတော့ ရန်ကုန်မြို့၊ အမျိုးသားပြတိုက်မှာ ဖြစ်ပါတယ်။

အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးကုန်ကျစရိတ်ကို ကျပ်သိန်း ၁၅၀၀၀ လောက် ခန့်မှန်းထားပြီးတော့ ကျပ်သိန်း ၁၂၃၀၀ ကျော်နဲ့ အမေရိကန်ဒေါ်လာ ၄၃၁၃ ထုတ်ယူသုံးစွဲရေးကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ငန်းစစ်ဆေးရေးဆပ်ကော်မတီက ကြီးကြပ်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top