၂ဝ၂ဝ ခုနှစ်အတွင်း ပရိသတ်များ အကြည့်ချင်ဆုံး ONE Championship တွဲဆိုင်း ၅ တွဲ

yyl-002-12.jpg

ကမ္ဘာ့အကောင်းဆုံး ကိုယ်ခံပညာရှင် အားကစားသမားများ ပါဝင်ယှဉ်ပြိုင်နေကြသည့် ONE Championship ပြိုင်ပွဲကြီးသည် ၂ဝ၁၉ ခုနှစ်အတွင်းတွင် ပရိသတ်များ အတွက် စိတ်လှုပ်ရှားဖွယ်ရာ ပွဲကြီးပွဲကောင်းများစွာကို တင်ဆက်ခဲ့ပြီး ဖြစ်သည်။ ၂ဝ၂ဝ ခုနှစ် အတွင်းတွင်လည်း နောက်ထပ် ပွဲကောင်းများစွာ ထပ်မံကျင်းပရန် စီစဉ်ထားပြီး ၎င်းတို့အနက်မှ ပရိသတ်များ စိတ်အဝင်စားဆုံး ဖြစ်နိုင်မည့် တွဲဆိုင်း ၅ တွဲကို ရွေးချယ်တင်ဆက်လိုက်ရပါသည်။

(၁) Nguyen နှင့် Lee တို့၏ ချန်ပီယံချင်း ထိပ်တိုက်တွေ့ဆုံမှု

အသက် ၂၁ နှစ် အရွယ်ဖြင့်ပင် ONE Championship ၏ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဝိတ်တန်းတစ်ခုဖြစ်သော လိုက်ဝိတ်တန်း၏ ချန်ပီယံ ဖြစ်လာသည့် Christian “The Warrior” Lee သည် ၎င်း၏ ကစားသမားဘဝတွင် ၃ ပွဲသာ ရှုံးနိမ့်ခဲ့ဖူးသည်။ ပရော်ဖက်ရှင်နယ် ဘဝ ပွဲပေါင်း ၁၆ ပွဲအထိ ကစားခဲ့ဖူးသည့် Lee ၏ ရှုံးပွဲ တစ်ပွဲသည် တားမြစ်ထားသည့် ကိုင်ပေါက်မှု ပြုလုပ်ခဲ့မိသဖြင့် အရှုံးသတ်မှတ် ခံခဲ့ရခြင်း ဖြစ်သည်။ ကျန်ရှုံးပွဲနှစ်ပွဲမှာ ကစားသမားတစ်ဦးတည်းကို နှစ်ကြိမ် ပြန်လည်ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ယင်းကစားသမားမှာ လက်ရှိ ONE ဖယ်သာဝိတ်တန်း ချန်ပီယံ Martin “The Situ-Asian” Nguyen ဖြစ်သည်။

ONE Championship တွင် နှစ်ကြိမ်တိုင်တိုင် ဆုံတွေ့ခဲ့ဖူးသည့် ယင်းကစားသမား နှစ်ဦး၏ တွေ့ဆုံမှုများကို လေ့လာကြည့်သည့်အခါ ပထမတစ်ကြိမ်က Nguyen ၏ မြေပြင်ချုပ်ကွက်ကြောင့် ပထမအချီတွင်ပင် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ ဒုတိယ တစ်ကြိမ်တွင်မူ အကြိတ်အနယ် ပိုရှိခဲ့ပြီး Nguyen ကပင် အမှတ်ဖြင့် ကပ်နိုင်ခဲ့သည်။ ယခုအချိန်တွင် Lee သည် လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်အပြင် လိုက်ဝိတ်တန်း ရှုံးထွက် GP ပြိုင်ပွဲ ချန်ပီယံခါးပတ်ကိုပါ ရယူနိုင်ခဲ့သဖြင့် လက်စွမ်းအမြင့်ဆုံး ရောက်နေသူဟု ဆိုနိုင်သည်။ ထို့ကြောင့် အကယ်၍သာ Nguyen က ၎င်းပိုင်ဆိုင်ခဲ့ဖူးသည့် လိုက်ဝိတ်တန်း ချန်ပီယံခါးပတ်အတွက် Lee ကို စိန်ခေါ် လာပါက အကောင်းဆုံး တွဲဆိုင်းတစ်ဆိုင်း ဖြစ်လာမည် ဖြစ်သည်။

(၂) Johnson နှင့် Moraes တို့၏ ဖလိုင်းဝိတ် ချန်ပီယံစိန်ခေါ်ပွဲ

ဂူတစ်ဂူတည်းတွင် ခြင်္သေ့နှစ်ကောင် အောင်းရိုး ထုံးစံမရှိ ဟူသည့် စကားအတိုင်း လက်ရှိ ONE Championship ၏ ဖလိုင်းဝိတ်တန်း တွင် ခြင်္သေ့နှစ်ကောင် ဖြစ်နေသည့် ပြဿနာက ပရိသတ်များ စိတ်ထဲတွင် စနိုးစနောင့် ဖြစ်စရာတစ်ခု ဖြစ်နေသည်။ ယင်းဝိတ်တန်းတွင် လက်ရှိ ကမ္ဘာ့ချန်ပီယံ ဘရာဇီးသား Adriano “Mikinho” Moraes သည် ၎င်း၏ ချန်ပီယံခါးပတ်ကို သုံးကြိမ်တိုင်တိုင် ပြန်လည်သိမ်းပိုက် ခဲ့ကာ ဝိတ်တန်း၏ အကောင်းဆုံးကစားသမား ဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။

သို့သော် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ ONE Championship သို့ ရောက်လာသည့် နာမည်ကြီး ကစားသမား Demetrious “Mighty Mouse” Johnson က ယခုနှစ် အတွင်း ONE ဖလိုင်းဝိတ်တန်း ရှုံးထွက် GP ချန်ပီယံခါးပတ်ကို သိမ်းပိုက်ခဲ့ပြီး နောက်တွင် ဝိတ်တန်း၏ အကောင်းဆုံး ကစားသမား မည်သူဆိုသည့် ကိစ္စမှာ အငြင်းပွားဖွယ်ရာကိစ္စ ဖြစ်လာသည်။ UFC ပြိုင်ပွဲ၏ ဖလိုင်းဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ၁၁ ကြိမ် တိုင်တိုင် ကာကွယ်နိုင်ခဲ့သည့် ချန်ပီယံဟောင်း Johnson ၏ နာမည်သည် ဖလိုင်းဝိတ်တန်းတွင် လက်ရှိချန်ပီယံ Moraes ထက် ပိုပြီး တောက်ပလာမှုက ၎င်းတို့နှစ်ဦး ထိပ်တိုက် တွေ့ဆုံသင့်သည့် အကောင်းဆုံး အကြောင်းပြချက် ဖြစ်သည်။

(၃) Alvarez နှင့် Aoki တို့၏ ကျောင်းတော်က ရန်စ

ONE လိုက်ဝိတ်တန်း ချန်ပီယံဟောင်း ဂျပန်ကစားသမား Shinya “Tobikan Judan” Aoki သည် DEEP၊ Shooto၊ PRIDE၊ DREAM၊ Bellator စသည့် အရှိန်အဝါ ကြီးမားသော ပြိုင်ပွဲအများအပြားတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ကမ္ဘာ့ အကောင်းဆုံး ကစားသမား များနှင့် ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်သည်။ အဆိုပါ ကစားသမားများ ထဲတွင် လက်ရှိ ONE Championship သို့ ရောက်ရှိနေသော UFC နှင့် Bellator ချန်ပီယံဟောင်း Eddie “The Underground King” Alvarez လည်း တစ်ဦး အပါအဝင် ဖြစ်သည်။

Aoki နှင့် Alvarez တို့သည် ကစားသမား ဘဝတစ်လျှောက် နှစ်ကြိမ်တိုင်တိုင် ဆုံတွေ့ခဲ့ကြဖူးပြီး ပထမတစ်ကြိမ်က Fields Dynamite!! 2008 ပြိုင်ပွဲတွင် ဖြစ်သည်။ ထိုစဉ်က Aoki သည် Alvarez ကို ပထမ အချီတွင်ပင် ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သည်။ နောက် ၄ နှစ် အကြာတွင် ၎င်းတို့နှစ်ဦးသည် Bellator ပြိုင်ပွဲတွင် ထပ်မံ ဆုံတွေ့ခဲ့ကြပြီး ယခုတစ်ကြိမ် တွင်တော့ Alvarez က ပထမ အချီတွင်ပင် အလဲထိုး/ဒိုင်ပွဲရပ် ဖြင့် ပြန်လည် အနိုင်ယူခဲ့သည်။ ထို့ကြောင့် တစ်ယောက် တစ်ပွဲစီ နိုင်ထားသည့် ၎င်းတို့နှစ်ဦး ONE Championship တွင် ထပ်မံတွေ့ဆုံမည် ဆိုပါက အရှုံးအနိုင် ပြတ်ပြတ်သားသား အဖြေထွက်မည် ဖြစ်သဖြင့် ပရိသတ်များ စိတ်ဝင်စားသည့် တွဲဆိုင်း တစ်ဆိုင်း ဖြစ်သည်။

(၄) အက်တမ်ဝိတ် ဘုရင်မ Angela Lee ကို Stamp ၏ စိန်ခေါ်မှု

ONE အမျိုးသမီး အက်တမ်ဝိတ်တန်း ချန်ပီယံ Angela “Unstoppable” Lee သည် ၂ဝ၁၉ နှစ်အတွင်းတွင် နယ်မြေသစ် ဖြစ်သည့် စတောဝိတ်တန်းသို့ တက်ကာ လက်ရည်စမ်းခဲ့သည်။ ချန်ပီယံ Xiong Jing Nan ကိုပင် စိန်ခေါ်ခဲ့ပြီး ဝိတ်တန်းနှစ်ခု ချန်ပီယံ ဖြစ်ရန် အထိ ရည်မှန်းခဲ့သော်လည်း မအောင်မြင်ခဲ့သည့်အပြင် ယင်းဝိတ်တန်းတွင် နောက်ထပ် ရှုံးပွဲတစ်ပွဲပါ ထပ်တွေ့ခဲ့သည်။ သို့သော် နှစ်ကုန် ခါနီးတွင် ၎င်း၏ ဝိတ်တန်းသို့ ပြန်ဆင်းကာ ချန်ပီယံ ခါးပတ်ကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည်။ Lee ၏ တန်းတက် စိန်ခေါ်မှုများ မအောင်မြင် ခဲ့သည့်တိုင် အက်တမ်ဝိတ်တန်းတွင် ရှုံးပွဲမရှိဘုရင်မအဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်သည်။

ယင်းအခြေအနေတွင် လက်ရှိ ONE ၏ အားကစားနည်း နှစ်ခု ကမ္ဘာ့ချန်ပီယံ Stamp Fairtex က ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား နယ်ပယ်ကိုပါ ချဲ့ထွင်လာသည့် အခါ စိတ်ဝင်စားစရာ အခြေအနေ တစ်ခု ဖြစ်လာသည်။ အက်တမ်ဝိတ်တန်း မွေထိုင်းနှင့် Kickboxing ကမ္ဘာ့ချန်ပီယံ Stamp သည် Lee ၏ ချန်ပီယံခါးပတ်ကိုပါ မျက်စောင်းထိုးလာခဲ့ပြီး ကမ္ဘာ့ပထမဆုံး အားကစားနည်း သုံးမျိုး ချန်ပီယံ ဖြစ်လိုသည်ဟု စကားခေါ်လာသည်။ ထို့ကြောင့် Lee အနေဖြင့် ၎င်း၏ အက်တမ်ဝိတ်တန်း ဘုရင်မသရဖူကို ထိုက်တန်ကြောင်း သက်သေပြရန် မွေထိုင်းနှင့် Kickboxing ဘုရင်မ Stamp ကို ရင်ဆိုင်သင့်ကြောင်း ပရိသတ်များက ယူဆနေသည်။

(၅) အောင်လအန်ဆန်၏ ချန်ပီယံ ကာကွယ်ပွဲ

လက်ရှိတွင် ONE ၏ ဝိတ်တန်းနှစ်ခု ချန်ပီယံ ဖြစ်သလို အကောင်းဆုံး ကစားသမားအဖြစ်ပါ ယူဆခြင်း ခံထားရသည့် “မြန်မာစပါးအုံး” အောင်လအန်ဆန် အနေဖြင့် ပြည်တွင်း ပြည်ပ ပရိသတ်ပေါင်းများစွာ၏ အသည်းနှလုံးကို သိမ်းပိုက်ထားသူ ဖြစ်သည်။ ၂ဝ၁၈ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရသူ အောင်လအန်ဆန်သည် ၂ဝ၁၉ ခုနှစ် အတွင်းတွင်လည်း ချန်ပီယံ ကာကွယ်ပွဲ ၂ ပွဲကို ပြောင်မြောက်စွာ အနိုင်ယူပြီး အောင်မြင်မှု သက်တမ်း ဆက်တိုးခဲ့သည်။ ထို့ကြောင့် ပရိသတ်များက အောင်လအန်ဆန်၏ ချန်ပီယံကာကွယ်ပွဲများကို ကြည့်ရှုအားပေးလိုကြသည်။

သို့သော် ဟဲဗီးဝိတ်တန်း ချန်ပီယံ Brandon Vera ကိုပင် အနိုင်ယူထားသူ အောင်လအန်ဆန်ကို မည်သည့် ကစားသမားနှင့် တွေ့ဆုံစေမည် ဆိုခြင်းက ဖြေရန် ခက်ခဲ့သည့် မေးခွန်းတစ်ခု ဖြစ်နေသည်။ ONE Championship တွင် ၎င်း၏ အရှိန်အဝါကို မီသည့် ကစားသမား ဟူ၍ မရှိသလောက် ဖြစ်နေသလို အောင်လအန်ဆန်က ဟဲဗီးဝိတ်တန်းအထိ တက်ရန် အစီအစဉ် မရှိကြောင်း ပြောထားသဖြင့် Vera နှင့် မကျေပွဲ ထပ်နွှဲနိုင်ချေလည်း မရှိသလောက် ဖြစ်နေသည်။ ထို့ကြောင့် အကယ်၍ ပွဲဖြစ်မည် ဆိုပါက ကစားသမားကောင်း များပြားသည့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ကာကွယ်ရန်သာ ဖြစ်နိုင်မည် ဖြစ်သည်။ ဝယ်တာဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ပူပူနွေးနွေး ရထားသည့် Kiamrian Abbasov ကလည်း အောင်လအန်ဆန်နှင့် ရင်ဆိုင်လိုသည် ပြောထားသဖြင့် တန်းတက် စိန်ခေါ်ပွဲလည်း ဖြစ်နိုင်ဖွယ် ရှိနေသည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top