ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတွေ ဘယ်လိုအနားယူကြသလဲ

69220284_2233201100139135_1919324329422618624_n.jpg

ရုန်းကန်လှုပ်ရှားနေရသည့် ယနေ့ခေတ်မှာ လူအများစုက အနားယူခြင်းဆိုတာကို မေ့လျော့နေတတ်ကြပါတယ်။ အနားယူခြင်းဆိုတာက လူတွေရဲ့ အလုပ်လုပ်နိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်းတွေကို မြှင့်တင်ပေးနိုင်တဲ့အကောင်းဆုံးဆေးတစ်လက်ဖြစ်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောလေ့ရှိပါတယ်။ အနားယူလိုက်ခြင်းကြောင့် ကုန်ဆုံးသွားတဲ့စွမ်းအင်တွေကို ပြန်ဖြည့်ဆည်းနိုင်ပြီး နောက်ထပ်အလုပ်များစွာ ထပ်လုပ်နိုင်ဖို့ ခွန်အားသစ်တွေရရှိစေပါတယ်။

ခန္ဓာကိုယ်ကစွမ်းအင်တွေကို အများအပြားထုတ်ယူသုံးစွဲရတဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတွေအတွက်တော့ အနားယူခြင်းဆိုတာက ပိုအရေးပါတဲ့အရာပါ။ အထူးသဖြင့် ပြိုင်ပွဲယှဉ်ပြိုင်ခြင်းကြောင့် ဖြစ်စေ၊ လေ့ကျင့်ရေးကြောင့် ဖြစ်စေ ဒဏ်ရာရခဲ့ရင် လုံလောက်တဲ့အနားယူမှုရမှ ပုံမှန်အတိုင်း ပြန်ကောင်းမွန် ကြံ့ခိုင်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတွေဟာလည်း အနားယူမှုကို စနစ်တကျ ပြုလုပ်လေ့ရှိပါတယ်။

“အနားယူဖို့ လိုအပ်တယ်။ ကျွန်တော်တို့က စွမ်းအင်တွေ အများကြီး သုံးရတာ ဆိုတော့ ကုန်သွားတဲ့ စွမ်းအင်တွေ ပြန်ဖြည့်ဖို့ လိုတယ်။ ရိုးရိုး နေထိုင်စားသောက် နေရုံနဲ့ ကုန်သွားတဲ့ စွမ်းအင်က ပြန်မပြည့်ဘူး။ ဒါကြောင့် နားချိန် သတ်သတ်မှတ်မှတ် ယူပြီး နားရတယ်။ အိပ်ချိန် မှန်ရတယ်။ အနားယူရမယ့် အချိန်မှာ လုံးဝ သက်တောင့်သက်သာ ဖြစ်ရမယ်။ အာဟာရ ပြည့်အောင် စားရမယ်။ အဲဒီလို လုပ်ပြီး စွမ်းအင် ပြန်ဖြည့်ရတယ်။ ကျွန်တော်တို့ အတွက် အနားယူတာ အရမ်း အရေးကြီးပါတယ်” လို့ONE Championship ကစားသမားတစ်ဦးဖြစ်တဲ့ “ဘူရှီဒို” ဖိုးသော်က ဆိုပါတယ်။

ONE Championship ရဲ့မြန်မာပြည်တံခွန်စိုက်ပြိုင်ပွဲ ဖယ်သာဝိတ်တန်းချန်ပီယံဖြစ်ဖူးသူ ဖိုးသော်က သူ့ရဲ့အားလပ်ချိန်နဲ့ နားချိန် မျတွေမှာ သက်သောင့်သက်သာအနားယူလေ့ရှိပြီး တစ်ခါတရံ ဝါသနာပါတဲ့ ပရဟိတအလုပ်တွေအတွက် အချိန်ပေးပြီးလုပ်ဖြစကြော်င်းကိုလည်း ဆက်ပြောပြခဲ့ပါတယ်။

“ကိုယ့်ဘာသာ သက်သောင့်သက်သာ အနားယူတာမျိုးကျတော့ ရုပ်ရှင်ကြည့်တယ်။ စာဖတ်တယ်။ အိပ်တယ်။ အားလပ်ရက်မှာ ဆိုရင်တော့ ခရီးတွေ ဘာတွေလည်း သွားတယ်။ တခြား လုပ်စရာ ရှိတာတွေ လုပ်တယ်။ လုံးဝအနားယူလိုက်တာ။ အနားယူတဲ့အချိန် မှာလည်း ကိုယ်စိတ်ပါတဲ့ ပရဟိတတွေလုပ်ဖြစ်တယ်။ ကိုယ်အချိန် ထွက်လာပြီဆိုရင် ဆေးရုံမှာ သွေးလိုတဲ့လူတွေကို သွားကူညီတာမျိုး လုပ်တယ်။ ကျွန်တော်က သွေးလှူအဖွဲ့လည်း ရှိတာဆိုတော့။ အဲဒါလေးတွေ လုပ်ဖြစ်တယ်”လို့ ဖိုးသော်က ပြောပါတယ်။

ဖိုးသော် နည်းတူ အားလပ်ချိန်ကို ဝါသနာပါရာအလုပ်တစ်ခုခု လုပ်ရင်း အချိန်ဖြုန်းလေ့ရှိသူတွေကတော့ အမေရိကန်အခြေစိုက် မြန်မာကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတွေဖြစ်ကြတဲ့ အောင်လအန်ဆန်နဲ့ “Dragon Leg” တီရယ်ထန်တို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာHardKnock 365 အားကစားလေ့ကျင့်ရေးကလပ်မှာ အတူလေ့ကျင့်နေသူတွေဖြစ်ပြီး အားလပ်ရက်တွေမှာအခြား လေ့ကျင့်ဖော်တွေနဲ့အတူ ငါးမျှားထွက်လေ့ရှိတာကိုသူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတျွေပါ်မှာ မကြာခဏတင်လေ့ရှိပါတယ်။

ONE Warrior Series မှာနှစ်ပွဲဆက်တိုက်အနိုင်ရထားတဲ့ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမား စိုင်းဉာဏ်လင်းကလည်း အားလပ်ရက်မှာ ခရီးတွေထွက်ပြီ်းအနားယူလေ့ရှိတယ် လို့ ဆိုပါတယ်။ ဖိုးသော်ရဲ့ Team PT မှာလေ့ကျင့်နေတဲ့ စိုင်းဉာဏ်လင်းက သူ့အတွက် ရက်ရှည်အနားယူချိန်ဆိုတာ ရှားပါးကြောင်းနဲ့။ အနားယူခွင့်ရချိန်မှာ ခရီးထွက်ရတာကို နှစ်သက်တယ်လို့ ပြောပြခဲ့ပါတယ်။

“ပွဲရှိရှိ မရှိရှိ တစ်ပတ်ကို ခြောက်ရက် ကစားတယ်။ ပွဲရှိရင်တော့ လေ့ကျင့်ရေးက ပိုပြင်းထန်တယ်။ ပွဲနားနီးတဲ့ နှစ်လလောက်ဆို လေ့ကျင့်ရေး ပိုပြင်းထန်တယ်။ အဲဒီလိုမှ မဟုတ်ရင် တစ်ပတ်မှာ ခြောက်ရက် လေ့ကျင့်တယ်။ တစ်ရက်ကို နှစ်ကြိမ်။ မနက်နဲ့ ညနေ ပုံမှန်ပဲ။ နားတယ် ဆိုတာက အခါကြီး ရက်ကြီး ရှိတာမျိုး သီတင်းကျွတ်တို့ သြင်္ကန်တို့မှာ ငါးရက်တန်သည် ခြောက်ရက် တန်သည် ရက်ရှည်နားတယ်။ နားတဲ့အချိန်ဆို ခရီးထွက်တာ ပိုကြိုက်တယ်။ တစ်နေရာ တည်းမှာ အချိန်အကြာကြီး လေ့ကျင့်ထားတော့ ငြီးငွေ့နေပြီလေ။ ဘုရားဖူး ထွက်တာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် ခရီးထွက်တယ်”လို့ စိုင်းဉာဏ်လင်းက ဖွင့်ဟခဲ့ပါတယ်။

ONE Championship ရဲ့တစ်ဦးတည်းသော မြန်မာအမျိုးသမီး အားကစားမယ်ဖြစ်တဲ့ ဘိုဇီနာ “တိုတို” အန်တိုနီယာ ကတော့ အနားယူနေတဲ့အခါမှာ ဘာအလုပ်မှမလုပ်ဘဲ အိမ်ပြန်ပြီး သက်သောင့်သက်သာအနားယူလေ့ရှိတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံက Bali MMA လေ့ကျင့်ရေးကလပ်မှာ စခန်းဝင်လေ့ကျင့်လေ့ရှိတဲ့ အန်တိုနီယာဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲအပြီးမှာ မြန်မာပြည် ပြန်လာပြီး အနားယူနေခဲ့တာပါ။ ဒီအချိန်ကာလအတွင်းမှာ မွေးရပ်မြေလွိုင်ကော်မြို့ကအိမ်ကိုပြန်ပြီး သဘာဝ ရေမြေတောတောင်အရသာကိုခံစားရင်း အနားယူခဲ့တာကို တွေ့ရပါတယ်။

“ကျွန်မကတော့ ဘာမှမလုပ်ဘဲ အိမ်မှာ အေးအေးဆေးဆေး နေပြီး အနားယူတယ်။ စိတ်ကိုလည်း အနားပြန်ပေးတယ်။ ခန္ဓာကိုယ် ကိုယ်လည်း ပြန်ပြီး အားဖြည့်တာ ပေါ့နော်။ ပြိုင်ပွဲတစ်ပွဲ အတွက် ပြင်ဆင်တယ် ဆိုတာ ကြွက်သားတွေက အမြဲ အလုပ်လုပ် နေရတာလေ။ အမြဲလေ့ကျင့်နေတယ် ဆိုတော့ ခန္ဓာကိုယ် တစ်ခုလုံး ရစရာမရှိအောင် ပင်ပန်းနေပြီ။ နာလည်း အရမ်း နာနေပြီ။ ဒဏ်ရာတွေ ဘာတွေနဲ့ ဆိုတော့ အနားယူ လိုက်တဲ့အခါ ဒဏ်ရာတွေ ဘာတွေ ပြန်ကုသဖို့ အချိန်ရှိတယ်။ ပင်ပန်းနေတဲ့ ကြွက်သား တွေကိုလည်း အားအင် ပြန်ဖြည့်တာပေါ့”လို့ အန်တိုနီယာက ပြောပြခဲ့ပါတယ်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top