ONE: Masters of Destiny ပြိုင်ပွဲကြီးတွင် အန်တိုနီယာ အောင်နိုင်ခဲ့သည့်အကြောင်းရင်း (၄) ချက်

4f3d8fe4-a49c-11e9-9a3c-98259c87fba2_image_hires_054950.jpg

ပြီးခဲ့သည့် ဇူလိုင် (၁၂) ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည့် ONE: Masters of Destiny ပြိုင်ပွဲကြီး၌ မြန်မာအမျိုးသမီး ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမား ဘိုဇီနာ “တိုတို” အန်တိုနီယာသည် ဗီယက်နမ်နိုင်ငံသူ ပြိုင်ဘက် “Killer Bee” Bi Nguyen ကို အမှတ်ဖြင့် အနိုင်ရခဲ့သည်။ အဆိုပါပွဲသည် အန်တိုနီယာအတွက် စတုတ္တမြောက် ONE Championship ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ ဖြစ်သလို တတိယမြောက်နိုင်ပွဲလည်း ဖြစ်သည်။ ခက်ခဲသည့်ပြိုင်ဘက်ကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး အောင်မြင်မှုရရှိခဲ့သည့် အန်တိုနီယာ၏ နိုင်ပွဲကို အထောက်အပံ့jဖစ်စေခဲ့သည့် အဓိကအကြောင်းရင်း (၄) ချက်ကို သုံးသပ်တင်ပြလိုက်ရပါသည်။

ပြောင်မြောက်သည့် ပွဲတွင်းနည်းဗျူဟာ

အန်တိုနီယာသည် ယခုပွဲကိုမယှဉ်ပြိုင်မီကတည်းက ခက်ခဲမည့်ပွဲစဉ်တစ်ပွဲ ဖြစ်လိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားခဲ့သည်။ ၎င်းထက် ပွဲအတွေ့အကြုံ ပိုများသလို ကိုယ်အလေးချိန်ကွာခြားချက်လည်း ရှိနေသည့် ပြိုင်ဘက်ကို လူချင်းပူးကပ်ပြီး ဂျူဂျစ်ဆုချုပ်ကွက်များဖြင့်ကစားပါက အသာရရန်မလွယ်ကူကြောင်း သုံးသပ်မိခဲ့သည်။ ထို့ကြောင့် ပွဲအစအဆုံး လူချင်းအပူးမခံဘဲ မတ်တပ်ရပ်တိုက်ခိုက်မှုဖြင့်တစ်ပွဲလုံး ကစားသွားခဲ့သည်ကို တွေ့ရသည်။ အနောက်တိုင်းလက်ဝှေ့ကစားသမားတစ်ဦးအဖြစ် တစ်နိုင်ငံလုံးအဆင့် ချန်ပီယံ ရွှေတံဆိပ် နှစ်ကြိမ်ရရှိဖူးသည့် အန်တိုနီယာအတွက် မတ်တပ်ရပ် တိုက်ခိုက်မှုတွင် အမှတ်ရအောင် မည်သို့ ကစားရမည် ဆိုသည်ကို ကောင်းစွာ နားလည်ထားသဖြင့် အသင့်တော်ဆုံး ဗျူဟာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ကြိုးဝိုင်းထဲတွင် အန်တိုနီယာ၏ ဗျူဟာ အလုပ်ဖြစ်ခဲ့ပုံပါ်ပြီး ပွဲစခေါင်းလောင်း တီးသည်နှင့် ပြင်းထန်အားပါသည့် လက်သီးချက်များဖြင့် Nguyen ကို ခြိမ်းခြောက်နိုင် ခဲ့သည်။ သို့သော် အတွေ့အကြုံ များပြားသည့် Nguyen ကလည်း အန်တိုနီယာ၏ လက်သီးချက် များကို ခုခံကာကွယ်ပြီး တန်ပြန် တိုက်စစ်ဆင်မှု များပင် ပြုလုပ်နိုင်ခဲ့သည်။ ကစားသမား နှစ်ဦးသည် ကြိုးဝိုင်းကို စီးမိရန် အပြန်အလှန် ကြိုးစားခဲ့ကြပြီး ဒုတိယ အချီတွင် ပြိုင်ဘက်ကို အရိပ်အကဲ နားလည်လာသည့် အန်တိုနီယာ၏ ထိုးချက်၊ ကန်ချက်များက ပိုမို ပြင်းထန်တိကျ လာခဲ့သည်။ နောက်ဆုံး အချီအထိ ကစားသမား နှစ်ဦး အကြိတ်အနယ် ကစားခဲ့ကြပြီး အရှုံးအနိုင်မပေါ် သောကြောင့် အမှတ်ပေးဒိုင်များ၏ အဆုံးအဖြတ် ရယူခဲ့ရာ ဒိုင်နှစ်ဦးက အန်တိုနီယာက အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။

မဆုတ်မနစ် ထက်သန်သောအနိုင်ရလိုစိတ်

အန်တိုနီယာအတွက် ယခုပွဲ အနိုင်ရခြင်းသည် ၎င်း၏ မဆုတ်မနစ် ထက်သန်သော အနိုင်ရလိုသည့် စိတ်ဓာတ်ကို မှတ်ကျောက် အတင်ခံလိုက်ခြင်း ဖြစ်သည်။ ၎င်းထက် အဘက်ဘက်ကသာလွန်နေသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်ရမည်ဆိုကတည်းက စိတ်ဓာတ်ပိုင်းတွင် ထိုးနှက်ချက်တစ်ခုသဖွယ် ဖြစ်လာခဲ့သည်။ သို့သော် အန်တိုနီယာက အဆိုပါထိုးနှက်ချက်ကို အောင်မြင်စွာကျော်လွှားပြီး ကြိုးဝိုင်းထဲတွင် လုံးဝ နောက်မတွန့်ဘဲ အပြန်အလှန် ရင်ဆိုင်ထိုးသတ်ခဲ့သည်ကို တွေ့ရသည်။ အနိုင်ရလိုစိတ်အပြည့်ဖြင့် ပွဲစပွဲဆုံး အချိန်ပြည့် အာရုံစူးစိုက်ကစားနိုင်ခဲ့မှုကြောင့် အောင်မြင်မှုရရှိခြင်းလည်း ဖြစ်သည်။

ပထမအချီတွင် ပြိုင်ဘက်ကို အကဲခတ်ကာထိန်းကစားခဲ့သည့် အန်တိုနီယာသည် ဒုတိယအချီတွင်တော့ ပြိုင်ဘက်အကြောင်းပိုသိလာသဖြင့် ရဲရဲတင်းတင်း ဝင်ရဲထွက်ရဲလာခဲ့သည်။ တစ်ခါတရံတွင် အနာခံပြီး ပြိုင်ဘက်ကို ထိထိမိမိစွန့်စားထိုးနှက်သည့်တိုက်ကွက်များကိုလည်း တွေ့ရသည်။ ပွဲပြီးခါနီးလေ ကစားသမားနှစ်ဦးစလုံး ပိုအားစိုက်လာလေဖြစ်သဖြင့် စိတ်ဓာတ်နှင့် အာရုံ စူးစိုက်မှု လုံးဝလျော့ကျ၍မရသည့် အခိုက်အတန့်များ ဖြစ်ခဲ့သည်။ တစ်ချက်မှားသည်နှင့် အရှုံးအနိုင် အဖြေထွက်သွားနိုင်သည့်အခြေအနေကို အောင်မြင်စွာကျော်ဖြတ်ခဲ့ပြီး နောက်ဆုံးခေါင်းလောင်းတီးသည်အထိ ထက်သန်သောစိတ်ဓာတ်အပြည့်ဖြင့် ကစားခဲ့သောကြောင့် အန်တိုနီယာ အနိုင်ရခဲ့ခြင်းဖြစ်သည်။

နည်းပြများ၏ စနစ်တကျသင်ကြားမှု

အန်တိုနီယာကိုယ်တိုင် ပွဲမတိုင်ခင်က ၎င်း၏နည်းပြများကို ချီးကျူးခဲ့ဖူးသည်။ ၎င်းတို့ကြောင့် နည်းစနစ်ပိုင်း ပိုမိုတိုးတက်လာသလို အသိဉာဏ်ပိုင်းလည်း ပိုတိုးလာခဲ့သည်ဟု အန်တိုနီယာက ဆိုခဲ့သည်။ ၎င်းကို အောင်မြင်စေရန်လည်း များစွာမျှော်လင့်ပြီး ပိုမိုအချိန်ပေးလေ့ကျင့်သင်ကြားပေးခဲ့သည်ဟုဆိုသည်။ အဆိုပါ စကားများမှန်ကန်ကြောင်း ယခုပွဲအတွင်း မျက်မြင်တွေ့ရှိခဲ့ကြပြီး အန်တိုနီယာ၏ ပွဲတွင်းလှုပ်ရှားမှု၊ တိုက်စစ်ဆင်မှု၊ ခံစစ်ကစားမှုအနေအထားများ အားလုံးယခင်ပွဲများထက် တိုးတက်လာခဲ့ကြောင်း တွေ့ခဲ့ရသည်။ ၎င်း၏ ပြိုင်ဘက်သည် အမေရိကန်တွင် နာမည်ကျော်ကစားသမားများနှင့် တွဲဖက်လေ့ကျင့်ခဲ့ဖူးသူဖြစ်သည့်တိုင် ယခုပွဲတွင် သိသိသာသာ အသာစီးရအောင် မကစားနိုင်ခဲ့ခြင်းက ၎င်းအချက်မှန်ကန်ကြောင်း သက်သေခံနေသည်။

Nguyen နှင့် ပွဲတွင် မြင်တွေ့ခဲ့ရသည့် အန်တိုနီယာသည် ပထမဆုံးပွဲ ရွှေစင်နှင့်ကစားခဲ့သည့် အန်တိုနီယာ မဟုတ်တော့ သလို Rika Ishige ကို ရှုံးနိမ့်ခဲ့သည့် အန်တိုနီယာလည်းမဟုတ်တော့ဘဲ ၎င်းတို့ထက် များစွာပိုကောင်းလာသည့် အန်တိုနီယာဖြစ်လာခဲ့သည်။ အာရှ၏ အကောင်းဆုံးလေ့ကျင့်ရေးရုံတစ်ခုဖြစ်သည့် Bali MMA ၏ နည်းပြများ စနစ်တကျသင်ကြားပေးမှုအောက်တွင် အန်တိုနီယာသည် ONE Championship အမျိုးသမီး အက်တမ် ဝိတ်တန်း၏ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာသည်။ ထို့ပြင် ၎င်း၏နည်းပြများသည် ကြိုးဝိုင်းအကူအဖြစ် လိုက်ပါလာကာ ပွဲကိုအနီးကပ် လေ့လာညွှန်ကြား ပေးမှုများကလည်း အန်တိုနီယာ၏ နိုင်ပွဲအတွက် အရေးပါသည့်အထောက်အပံ့ဖြစ်ခဲ့သည်။

ပြင်းထန်သည့်လေ့ကျင့်မှုများ

အန်တိုနီယာ၏ နောက်ဆုံးကစားခဲ့သည့်ပွဲသည် ပြီးခဲ့သည့် မတ်လအတွင်းကဖြစ်သောကြောင့် ယခုပွဲသည် လေးလနီးပါး လေ့ကျင့်ပြင်ဆင်ချိန်ရရှိခဲ့သည့် ပွဲတစ်ပွဲဖြစ်ခဲ့သည်။ ယင်းကာလအတွင်း ပွဲတစ်ပွဲကစားရန် ကမ်းလှမ်းမှုရှိခဲ့သော်လည်း အန်တိုနီယာက ဒဏ်ရာပြဿနာတစ်ခုကြောင့် ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် ယခုပွဲသည် အန်တိုနီယာအတွက် လေ့ကျင့်ပြင်ဆင်ချိန် လုံလုံလောက်လောက်ရရှိခဲ့သည့်ပွဲတစ်ပွဲဟု ဆိုနိုင်သည်။ ထို့ပြင် ၂ဝ၁၈ သြဂုတ်လကတည်းက Bali MMA တွင် လေ့ကျင့်ခဲ့သော အန်တိုနီယာအတွက် ထိပ်တန်းနည်းပြများ၏ တစ်နှစ်နီးပါးလေ့ကျင့်ပေးမှုကို ရရှိထားပြီးဖြစ်နေသည်။

အန်တိုနီယာသည် ၎င်း၏ပြိုင်ဘက် မည်သူဆိုသည်ကို ပွဲမကစားမီ သီတင်းပတ်အနည်းငယ်အကြာမှ ကြိုတင်သိရှိခဲ့ရသည်။ ထို့ကြောင့် အချိန်တိုအတွင်း ပြိုင်ဘက်၏ ကစားပုံများကိုလေ့လာပြီး အကောင်းဆုံး တုံ့ပြန်နိုင်ရန် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရသည်။ ပုံမှန်လေ့ကျင့်ချိန်နှင့်ပင် မလုံလောက်သဖြင့် လေ့ကျင့်ချိန် ထပ်မံတိုးမြှင့်ကာ နည်းပြများက အနီးကပ်သင်ကြားလေ့ကျင့်ပေးမှုများ ပြုလုပ်ပေးခဲ့သည်။ ယင်းသို့ ပြင်းထန်သည့်လေ့ကျင့်မှုများဖြင့် ကြိုတင်ပြင်ဆင်ခဲ့သောကြောင့် ယခုကဲ့သို့ အောင်မြင်မှုအသီးအပွင့်ကို ဆွတ်ခူး နိုင်ခဲ့ခြင်းဟုဆိုနိုင်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top