ပန်းနာရင်ကြပ်ရောဂါ ဘာကြောင့် ဖြစ်ရသလဲ။

senior-man-using-asthma-pump.jpg

ပန်းနာရင်ကြပ်ရောဂါ က မြန်မာနိုင်ငံမှာ အဖြစ်များဆုံး အသက်ရှူလမ်းကြောင်းရောဂါတွေထဲမှာ နံပါတ် ၇ချိတ်ပါတယ်။ ကလေးမှာရော လူကြီးမှာရော ဖြစ်နိုင်ပါတယ်။ ပန်းနာရင်ကြပ်က ဘာကြောင့် ဖြစ်ရတာလဲ။ ဘယ်သူတွေ ပိုဖြစ်နိုင်လဲဆိုတာ သိထားရင် လက္ခဏာတစ်ခုခု ခံစားရတဲ့အခါ ပန်းနာရင်ကြပ်များလားလို့ တွေးမိနိုင်ပါတယ်။ ဒါဆိုရင် စောစောကုသမှု ခံယူနိုင်မှာပါ။

ပန်းနာရင်ကြပ် ဘာကြောင့် ဖြစ်တာလဲ။

ပန်းနာရင်ကြပ် ဘာကြောင့် ဖြစ်တာလဲဆိုတာ တိတိကျကျ ပြောလို့ မရသေးပါဘူး။ ဒါပေမယ့် ဒီရောဂါက မျိုးရိုးလိုက်ပြီး ပတ်ဝန်းကျင်က အချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေတွေကတော့

မျိုးရိုး

ပန်းနာရင်ကြပ်က မျိုးရိုးလိုက်တတ်ပါတယ်။ မိဘနှစ်ပါးက တစ်ယောက်ယောက်မှာ ရှိရင်ကို သားသမီးမှာ ဖြစ်နိုင်ခြေရှိပါတယ်။ မောင်နှမထဲမှာ ရှိရင်လည်း ဖြစ်တတ်ပါတယ်။

ဓာတ်မတည့်ရောဂါ

ဓာတ်မတည့်ရောဂါရှိတဲ့ သူတွေက သာမန်လူတွေနဲ့စာရင် ပန်းနာရင်ကြပ် ပိုဖြစ်နိုင်ပါတယ်။ လေ့လာချက်တွေအရ တချို့သော ဓာတ်မတည့်ရောဂါတွေက ပန်းနာရင်ကြပ်ရောဂါနဲ့ ဆက်စပ်နေပါတယ်တဲ့။

အသက်ရှူလမ်းကြောင်း ပိုးဝင်တာ

ကလေးဘဝမှာ မကြာခဏ အသက်ရှူလမ်းကြောင်းပိုးဝင်မယ်ဆိုရင် အဆုတ်တစ်ရှူးတွေ ခဏခဏ ရောင်ရမ်းပြီး ပျက်စီးလာမှာပါ။ ဒီလို ပျက်စီးတာတွေက နောင်အခါမှာ အဆုတ်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို ထိခိုက်စေပါတယ်။

ပတ်ဝန်းကျင် အခြေအနေ

ကလေးဘဝ ခုခံအား ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ အခြေအနေမှာ ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေ၊ အသက်ရှူလမ်းကြောင်းကို ယားယံစေတဲ့ ပစ္စည်းတွေ၊ ပိုးဝင်ကူးစက်တာတွေ ကြုံရတဲ့အခါ နောင်အခါမှာ ပန်းနာရင်ကြပ်ဖြစ်ဖို့ အလားအလာ ပိုများပါတယ်တဲ့။ အသက်ကြီးတဲ့အခါ လုပ်ငန်းခွင်က ဓာတုပစ္စည်းတွေ၊ အမှုန်တွေနဲ့ ထိတွေ့ရတဲ့အခါ လူကြီးပန်းနာရင်ကြပ်ကို ဖြစ်စေပါတယ်။

ဘယ်လိုလူတွေ ပန်းနာရင်ကြပ် ပိုဖြစ်နိုင်လဲ။

မျိုးရိုးရှိတဲ့သူတွေ

မိဘ ဒါမှမဟုတ် မောင်နှမတွေမှာ ပန်းနာရင်ကြပ်မျိုးရိုးရှိတဲ့သူတွေက သာမန်လူတွေထက် ၆ဆ ဖြစ်နိုင်ခြေ ပိုများပါတယ်တဲ့။

မကြာခဏ အသက်ရှူလမ်းကြောင်း ပိုးဝင်တဲ့သူတွေ

ကလေးဘဝမှာ မကြာခဏ အသက်ရှူလမ်းကြောင်း ပိုးဝင်ပြီး တရွှီရွှီနဲ့ ကြပ်တဲ့သူတွေ ရှိပါတယ်။ ဒီကလေးတွေက နောက်ပိုင်းကျရင် နာတာရှည် ပန်းနာရင်ကြပ်ဖြစ်နိုင်ခြေ ပိုများပါတယ်။

ဓာတ်မတည့် ရောဂါ

အရေပြား ဓာတ်မတည့်ရောဂါ၊ နှင်းခူ၊ ဓာတ်မတည့် နှာစေး စတဲ့ ရောဂါရှိသူတွေက ပန်းနာရင်ကြပ် ပိုဖြစ်နိုင်ပါတယ်။

လုပ်ငန်းခွင်မှာ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တဲ့သူတွေ

နဂို ပန်းနာရင်ကြပ် အခံရှိတယ်ဆိုရင် လုပ်ငန်းခွင်က ပစ္စည်းတွေနဲ့ ထိတွေ့မိတဲ့အခါ ပိုပြီး ကြပ်နိုင်ပါတယ်။ တချို့တွေက အရင်တုန်းက မကြပ်ဘဲ လုပ်ငန်းခွင်က အမှုန်အမွှားတွေ၊ မီးခိုးငွေ့တွေ၊ မှိုတွေ ရှူမိတဲ့အခါမှ ပန်းနာရင်ကြပ်ရှိမှန်း သတိထားမိတတ်ပါတယ်။

ဆေးလိပ်သောက်တာ

ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေက လေပြွန်ကို ယားယံစေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တဲ့သူတွေက ပန်းနာရင်ကြပ် ပိုဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က ဆေးလိပ်သောက်ရင် မွေးလာတဲ့ ကလေးမှာ ပန်းနာရင်ကြပ် ဖြစ်နိုင်ခြေ များပါတယ်။ ကိုယ်မသောက်ဘဲ သူများသောက်တာကို ရှူရတဲ့သူတွေကလည်း ဖြစ်နိုင်ခြေ များတာကို တွေ့ရပါတယ်။

လေထုညစ်ညမ်းတာ

အိမ်တွင်းမှာ လေထုညစ်ညမ်းတာ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာ စက်ရုံ၊ အလုပ်ရုံ၊ ကားတွေကြောင့် လေထုညစ်ညမ်းတာဖြစ်ဖြစ် ဒီလိုပတ်ဝန်းကျင်မှာ အကြာကြီး နေတဲ့သူတွေက မီးခိုးငွေ့မှာပါတဲ့ အိုဇုန်းကြောင့် ပန်းနာရင်ကြပ် ဖြစ်တတ်ပါတယ်။ လူနေထူထပ်ပြီး လေကောင်းလေသန့်မရတဲ့ မြို့ကြီး ပြကြီးက လူတွေဆို ပိုဆိုးပါတယ်။

အဝလွန်တာ

ကလေးဘဝမှာထဲက အဝလွန်နေခဲ့မယ်ဆိုရင် ပန်းနာရင်ကြပ် ဖြစ်နိုင်ခြေ ပိုများပါတယ်တဲ့။ အကြောင်းရင်းကို သေချာ မပြောနိုင်ပေမယ့် အဝလွန်တာက ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေ ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။ ဒီထဲမှာ လေပြွန်ရောင်ရမ်းတာလည်း ပါပါတယ်။

ဒီကလေးတွေက ပန်းနာရင်ကြပ်ဖြစ်ခဲ့ရင် သူများထက် ဆေးပမာဏပိုသုံးရတယ်၊ လက္ခဏာတွေ ပိုဆိုးတဲ့အပြင် ထိန်းချုပ်ရလည်း ခက်ပါတယ်။

ဒီအချက်တွေရှိတိုင်း ပန်းနာရင်ကြပ် ဖြစ်ကို ဖြစ်လာမယ်လို့ တထစ်ချ ပြောလို့ မရပါဘူး။ အချက်တွေ တော်တော်များများ ကိုက်ညီနေရင်တော့ ဖြစ်နိုင်ခြေ များတာပေါ့။ မျိုးရိုးရှိတိုင်းလည်း ဖြစ်ချင်မှ ဖြစ်တာပါ။ မျိုးရိုးရှိပေမယ့် အနေအထိုင်ဆင်ခြင်မယ်ဆိုရင် ဖြစ်နိုင်ခြေ လျော့နည်းသွားနိုင်ပါတယ်။

ဘာကြောင့်မှန်း မသိ ပန်းနာရင်ကြပ် လက္ခဏာလိုမျိုးတွေ (ဥပမာ ညဘက်တွေ ချောင်းဆိုးတာ၊ အသက်ရှူရင် တရွှီရွှီမြည်တာ) ရှိနေတယ်ဆိုရင် အပေါ်က အချက်တွေနဲ့ တိုက်ကြည့်ပါ။ ကိုက်ညီတဲ့အချက်တွေ များနေရင် ပန်းနာရင်ကြပ် ဖြစ်နိုင်ခြေ များတာကြောင့် စောစောစီးစီး စစ်ဆေးပြီး ကုသမှု ခံယူပါ။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top