ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီးစားပါ

avocado-on-sack.jpg

ခုရာသီက ထောပတ်သီးတွေကို ပေါပေါသီသီ တွေ့နိုင်တဲ့ ရာသီမျိုးပါ။ ထောပတ်သီးတွေဟာ ကျန်းမာရေးကို အကျိုးပြုတဲ့ အစားအစာတစ်မျိုးအဖြစ် လူသိများလှပေမယ့် အများစုကတော့ ဝိတ်ချဖို့အတွက်သာ အဓိက အသုံးပြုကြပါတယ်။

တကယ်တော့ ထောပတ်သီးဟာ ဝိတ်ချတာအပြင် တခြားသော ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ပေးနိုင်ပါတယ်။ ဗီတာမင်နဲ့ သက်စောင့်ဓာတ် အမျိုး ၂၀ ကျော်ပါရှိနေတဲ့ ထောပတ်သီးဟာ ကိုယ်အလေးချိန် လျော့ကျစေဖို့ ကူညီတာအပြင် နှလုံးရောဂါကို ကာကွယ်ပေးတာ၊ သွေးတိုးကျစေတာလိုမျိုး အကျိုးကျေးဇူးတွေကိုလည်း ပေးပါတယ်။

ဒါပေမယ့် ဒါတွေက ထောပတ်သီးရဲ့ အကောင်းဆုံးအပိုင်းမဟုတ်သေးပါဘူး။ ထောပတ်သီးကို နေစဉ်စားပေးသင့်ရတဲ့ အဓိက အကြောင်းတရားက ဝမ်းဗိုက်ကို ကျန်းမာစေတာကြောင့်ပါပဲ။ ဝမ်းဗိုက်နဲ့ အစာအိမ်လေး ကျန်းမာနေတာက သင့်ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာမှုရဲ့ အဓိက သောချက်မဟုတ်လား။

ထောပတ်သီးကို နေ့စဉ်စားပါ

အမေရိကန်ပြည်ထောင်စု အီလီနွိုက်တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်အရဆိုရင် ထောပတ်သီးစားတာဟာ အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်းမှာရှိတဲ့ လူကို အကျိုးပြုတဲ့ ဘက်တီးရီးယားလေးတွေကို ဟန်ချက်ညီညွတ်စေပြီး ကျန်းမာစေပါတယ်တဲ့။

ထောပတ်သီးဟာ ဝမ်းဗိုက်ကို အလွန်ကျန်းမာစေနိုင်တာမို့ အစာအိမ်၊ အူလမ်းကြောင်းတွေနဲ့ ဆက်နွယ်တဲ့ ရောဂါတွေဖြစ်လာနိုင်ခြေ လျော့နည်းသွားမှာဖြစ်သလို အစာခြေစနစ်နဲ့ အာဟာရစုပ်ယူမှု လုပ်ငန်းစဉ်တွေလည်း ကောင်းမွန်မှန်ကန်နေမှာဖြစ်တာမို့ သင့်ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာသွားစေမှာပါလို့ Journal of Nutrition ကလည်း ဆိုထားပါရဲ့။

အီလီနွိုက်တက္ကသိုလ်ရဲ့ သုတေသနအဖွဲ့ခေါင်းဆောင် ရှာရွန် သွမ်ဆန်ကတော့ ထောပတ်သီးကို ဘယ်လိုပုံစံမျိုးနဲ့ မှီဝဲမှီဝဲအကျိုးထူးနိုင်တယ်လို့ ဆိုထားပြီး ဝမ်းဗိုက်ကျန်းမာမှုကြောင့် ကိုယ်အလေးချိန်ကို လျှော့ချတာနဲ့ ထိန်းချုပ်တာတွေမှာလည်း ထိရောက်စေတယ်လို့ ဆိုခဲ့ပါတယ်။

ထောပတ်သီးရဲ့ သဘောသဘာဝကိုက ဗိုက်ပြည့်စေသလို သွေးတွင်းက ကိုလက်စထရောတွေကိုလည်း လျော့ပါးသွားအောင် ကူညီပေးနိုင်တာမို့ ဝိတ်ချရာမှာ အလွန် အထောက်အကူဖြစ်စေတာဖြစ်ပါတယ်။

ထောပတ်သီးလေးရဲ့ တခြားအစွမ်းများ

ထောပတ်သီးစားရင် အစာအိမ်နဲ့ ဝမ်းဗိုက်ကို ကျန်းမာစေပြီး ဝိတ်ကျအောင် ကူညီပေးတယ်ဆိုတဲ့ အကျိုးကျေးဇူးတင်ပဲ ရမှာမဟုတ်ပါဘူး။ တခြားအကျိုးကျေးဇူးတွေလည်း ရဦးမှာပါ။ ဒါတွေကတော့

  • အာဟာရဓာတ်ကြွယ်ဝတာ၊
  • နှလုံးကို ကျန်းမာစေတာ၊
  • အမြင်အာရုံကို ကြည်လင်စေတာ၊
  • အရိုးပွရောဂါကို ကာကွယ်ပေးတာ၊
  • ကင်ဆာကို ကာကွယ်ပေးတာ၊
  • ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာဖွံ့ဖြိုးတဲ့ ရင်သွေး ရနိုင်စေတာ၊
  • စိတ်ဓာတ်မကျအောင် ကူညီပေးနိုင်တာ၊
  • အဆိပ်အတောက်ကို ချေဖျက်ပေးနိုင်တာ၊
  • သွေးတိုး၊ ဆီးချိုတို့လိုမျိုး နာတာရှည်ရောဂါတွေဖြစ်မလာအောင် တားဆီးပေးတာ စတဲ့ အကျိုးကျေးဇူးတွေပါပဲ။

ဒီလောက်ဆို ထောပတ်သီးလေးက ဘယ်လောက်တောင် လူကို ကျန်းမာစေလဲဆိုတာကို သဘောပေါက်လောက်ပြီထင်ပါတယ်။ ဒီနေ့ပဲ ထောပတ်သီး စစားကြတော့မလား။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top