ကြက်ဥတစ်လုံးမှာ အာဟာရဓာတ်တွေ ဘယ်လောက်ထိ ပါဝင်သလဲ

eggs.jpg

ကြက်ဥဟာ နည်းမျိုးစုံနဲ့ စားသုံးနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အာဟာရဓာတ်လည်း ကြွယ်ဝပြီး ကြက်ဥစားရင် အားရှိကြောင်း လူအများက လက်ခံထားကြပါတယ်။ တချို့ကတော့ ကိုလက်စထရောနဲ့ ကယ်လိုရီများတယ်လို့ သတ်မှတ်ထားကြပါတယ်။ တကယ်တော့ ကြက်ဥဟာ လူအများထင်တာထက် ကယ်လိုရီပိုနည်းပြီး ကျန်းမာရေးအတွက် ပိုမိုအကျိုးပြုပါတယ်။

ကယ်လိုရီပါဝင်နှုန်း

ကြက်ဥတစ်လုံးမှာ ကယ်လိုရီပါဝင်နှုန်းဟာ ဥအရွယ်အစားပေါ် မူတည်ပါတယ်။ ကြက်ဥအရွယ်အစားနဲ့ ကယ်လိုရီပါဝင်နှုန်းတွေကတော့

  • ဥအသေး (၃၈ ဂရမ်)။ ၅၄ ကယ်လိုရီ
  • အလယ်အလတ်ဥ (၄၄ ဂရမ်)။ ၆၃ ကယ်လိုရီ
  • ဥအကြီး (၅၀ ဂရမ်)။ ၇၂ ကယ်လိုရီ
  • ပိုပြီးကြီးမားသောဥအရွယ် (၅၆ ဂရမ်)။ ၈၀ ကယ်လိုရီ
  • ဧရာမဥ (၆၃ ဂရမ်)။ ၉၀ ကယ်လိုရီ စသဖြင့် ပါဝင်ပါတယ်။

အကာနဲ့ အနှစ်မှာလည်း ကွာခြားချက်ရှိပါတယ်။ ကြက်ဥခပ်ကြီးကြီးတစ်လုံးရဲ့ အနှစ်မှာ ၅၅ ကယ်လိုရီ ပါဝင်ပြီး အကာမှာတော့ ၁၇ ကယ်လိုရီ ပါဝင်ပါတယ်။ ကယ်လိုရီအပြင် တခြားအာဟာရဓာတ်မျိုးစုံ ပါဝင်ပါသေးတယ်။

ပရိုတိန်း

ပရိုတိန်းဟာ ကိုယ်ခန္ဓာကြီးထွားကြံ့ခိုင်ဖို့၊ ကျန်းမာသန်စွမ်းဖို့၊ ဟော်မုန်းနဲ့ အင်ဇိုင်းများ ထုတ်လုပ်ဖို့ အထူးအရေးပါပါတယ်။ ကြက်ဥခပ်ကြီးကြီးတစ်လုံးမှာ ပရိုတိန်း ၆.၂၈ ဂရမ်ပါဝင်ပြီး ၃.၆ ဂရမ်ကို ကြက်ဥအကာမှာ တွေ့ရပါတယ်။ လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ပရိုတိန်းပမာဏကတော့ ကိုယ်အလေးချိန် တစ်ကီလိုဂရမ်မှာ ဝ.၈ ဂရမ်နှုန်း ဖြစ်ပါတယ်။ ဥပမာ ကိုယ်အလေးချိန် ၁၄၀ ပေါင် (၆၃.၅ ကီလိုဂရမ်) ရှိတဲ့ လူတစ်ယောက်ဟာ တစ်နေ့မှာ ပရိုတိန်း ၅၁ ဂရမ် လိုအပ်ပါတယ်။ ကြက်ဥတစ်လုံးမှာ လူတစ်ယောက်ရဲ့ တစ်နေ့တာပရိုတိန်း လိုအပ်တဲ့ပမာဏရဲ့ ၁၂ ရာခိုင်နှုန်းနီးပါး ရရှိနိုင်ပါတယ်။

အဆီဓာတ်

ကြက်ဥခပ်ကြီးကြီးတစ်လုံးမှာ အဆီဓာတ် ၅ ဂရမ်နီးပါး ပါဝင်ပါတယ်။ ဥအနှစ်မှာ ပိုများပါတယ်။ ၁.၆ ဂရမ်လောက်က ပြည့်ဝဆီ အမျိုးအစားဖြစ်ပါတယ်။ ဥအနှစ်မှာ Omega 3 ဖက်တီးအက်ဆစ်လည်းပါဝင်ပါတယ်။ Omega 3 ဟာ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ အဆစ်ရောင်ခြင်း စတာတွေကို ဖြစ်ပွားနိုင်ခြေ လျော့ကျစေပါတယ်။ ဥတဲ့ကြက်မအပေါ်မူတည်ပြီး omega 3 ပါဝင်မှု ကွာခြားနိုင်ပါတယ်။ ကြက်မတချို့ကို omega 3 အားဖြည့်ထားတဲ့ အစာကျွေးတာကြောင့် ဖြစ်ပါတယ်

ကိုလက်စထရော

ကြက်ဥအနှစ်မှာ ကိုလက်စထရောများစွာ ပါဝင်တယ်လို့ ကြားဖူးကြပါလိမ့်မယ်။ ကြက်ဥတစ်လုံးမှာ ကိုလက်စထရော ၁၈၆ မီလီဂရမ် ပါဝင်ပါတယ်။ တကယ်တော့ ကိုလက်စထရော ပါဝင်နှုန်းကြောင့် ကြက်ဥကို ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ မယူဆနိုင်ပါဘူး။ အကျိုးပြုတဲ့ ကိုလက်စထရောအမျိုးအစားလည်း ရှိပါတယ်။ ဒါ့အပြင် ကိုလက်စထရောဟာ ကိုယ်ခန္ဓာရဲ့ အရေးကြီးလုပ်ငန်းတာဝန်တချို့ကို ထမ်းဆောင်ရပါသေးတယ်။ လူအများစုဟာ သူတို့ရဲ့ကိုလက်စထရောပမာဏကို မမြင့်တက်စေဘဲ တစ်နေ့ကို တစ်လုံး (သို့မဟုတ်) နှစ်လုံး စသဖြင့် ပုံမှန်စားသုံးနိုင်ပါတယ်။

ကိုလက်စထရောများတဲ့သူဆိုရင်တောင် တစ်ပတ်ကို ၄ လုံးမှ ၆ လုံးအထိ မည်သည့်ပြဿနာမှာ မဖြစ်စေဘဲ စားသုံးနိုင်ပါတယ်။ ဒါပေမယ့် ကိုလက်စထရောနဲ့ အဆီဓာတ်များတဲ့ တခြားအစားအစာတွေနဲ့ အတူမစားဖို့တော့ လိုပါတယ်။

ကာဘိုဟိုက်ဒရိတ်

ကြက်ဥမှာ ကာဘိုဟိုက်ဒရိတ်ပါဝင်မှု နည်းပါတယ်။ ကြက်ဥခပ်ကြီးကြီးတလုံးမှာ ဝ.၃၆ ဂရမ်သာ ပါဝင်ပါတယ်။ ကြက်ဥမှာ အမျှင်ဓာတ်၊ သကြားဓာတ် နည်းပါတယ်။

ဗီတာမင်

ကြက်ဥမှာ ဗီတာမင် B ကြွယ်ဝပါတယ်။ အထူးသဖြင့် ဗီတာမင် B2 နဲ့ B12 ဖြစ်ပါတယ်။ ဗီတာမင် B12 ကို ဒီအန်အေပြုလုပ်ဖွဲ့စည်းဖို့ ကိုယ်ခန္ဓာမှ အသုံးပြုပါတယ်။ အာရုံကြောနဲ့ သွေးဆဲလ်တွေကိုလည်း ကောင်းမွန်စေပါတယ်။

ဒါ့အပြင် ဗီတာမင် A၊ D၊ E၊ ဖောလိတ်၊ ဘိုင်အိုတင်၊ ကိုလင်း စတာတွေလည်း သင့်တော်တဲ့ ပမာဏနဲ့ ပါဝင်ပါတယ်။ ကိုလင်း (Choline) ဟာ အရေးကြီးတဲ့ ဗီတာမင်တမျိုးဖြစ်ပြီး ကိုယ်ခန္ဓာဆဲလ်များရဲ့ ပုံမှန်လုပ်ငန်းများကို ဆောင်ရွက်နိုင်ဖို့ အထောက်အကူပြုပါတယ်။ အထူးသဖြင့် ဦးနှောက်အတွက် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်တွေမှာ ပိုမိုလိုအပ်ပါတယ်။ ကြက်ဥတစ်လုံးမှာ ကိုလင်း ၁၄၀ မီလီဂရမ်ခန့် ပါဝင်ပါတယ်။

သတ္တုဓာတ်

ကြက်ဥတွေမှာ ဆီလီနီယံ၊ ကယ်လ်ဆီယမ်၊ အိုင်အိုဒင်းနဲ့ ဖော့စဖရပ်စ်တို့ များစွာပါဝင်ပါတယ်။ ဆီလီနီယံဟာ ဓာတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းအမျိုးအစားဖြစ်ပြီး ဖရီးရယ်ဒီကယ်များကြောင့် ကိုယ်ခန္ဓာ ပျက်စီးထိခိုက်နိုင်ခြေကို ကာကွယ်ပေးပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win |
ရေးသားသူ Dr.Thant Zin

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top