အချိန်တိုအတွင်း ပြင်းပြင်းထန်ထန် လေ့ကျင့်မှုက ဝိတ်ချဖို့ ထိရောက်စေနိုင်

2.jpg

အချိန်ယူပြီး ပေါ့ပေါ့ပါးပါး လေ့ကျင့်တာထက်စာရင် အချိန်တိုအတွင်း ပြင်းပြင်းထန်ထန် လေ့ကျင့်မှု(Hiit)က ဝိတ်ချဖို့အတွက် ပိုထိရောက်နိုင်တယ်လို့ သုတေသနတစ်ရပ်မှာ သုံးသပ်ထားပါတယ်။ အဲဒီသုတေသနကို ဗြိတိန်နိုင်ငံ အားကစားဆိုင်ရာ ဆေးပညာစာစောင်(British Journal of Sports Medicine) မှာ ဖော်ပြထားပါတယ်။ အစောပိုင်းမှာ ပြုလုပ်ထားတဲ့ လေ့လာမှု (၃၆) ခုက ရလဒ်တွေကို လေ့လာသုံးသပ်ပြီး အခုလို သုတေသန လုပ်ခဲ့တာပါ။

အဲဒီသုတေသနမှာ ပါဝင်ခဲ့သူအားလုံး ဝိတ်ကျခဲ့ပေမဲ့ အချိန်တိုအတွင်း ပြင်းပြင်းထန်ထန် လေ့ကျင့်သူတွေရဲ့ ဝိတ်ကျမှုက (၂၈.၅) ရာခိုင်နှုန်း ပိုများတယ်လို့ တွေ့ရပါတယ်။ ဘရာဇီးနိုင်ငံ ဂိုအက်စ်ပြည်ထောင်စုတက္ကသိုလ်က သုတေသီတွေဟာ လေ့ကျင့်ခန်း အမျိုးအစားချင်းမတူကြတဲ့ အမျိုးသား (၅၇၆) ယောက်နဲ့ အမျိုးသမီး (၅၂၂) ဦးရဲ့ အချက်အလက်တွေကို လေ့လာခဲ့ပါတယ်။

 

အချိန် ခဏတဖြုတ်ပဲ အနားယူပြီး ထပ်ဖန်တလဲလဲ အပြင်းအထန် လေ့ကျင့်တဲ့ နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းတွေကို Hiit လို့ သတ်မှတ်ပါတယ်။ အဲဒီလေ့ကျင့်ခန်းတွေထဲမှာ စက်ဘီးစီးတာ၊ ရေကူးတာ၊ ပြေးတာ၊ လက်ဝှေ့ထိုးတာတွေ ပါဝင်ပါတယ်။ အဲဒီလေ့ကျင့်ခန်းတွေကို နာရီဝက်ကနေ ၄၅ မိနစ်ကြား အချိန်ကြာမြင့်တဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေနဲ့ နှိုင်းယှဉ်သုံးသပ်ခဲ့ကြတာပါ။

အဲဒီသုတေသနမှာ ပါဝင်သူအားလုံး အနည်းဆုံး သီတင်းပတ် (၄) ပတ် လေ့ကျင့်ခန်းလုပ်ရပါတယ်။ Hiit လေ့ကျင့်ခန်းလုပ်သူတွေဟာ ပျမ်းမျှအားဖြင့် (၁.၅၈) ကီလိုဂရမ် ဝိတ်ကျပြီး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်သူတွေကတော့ (၁.၁၃) ကီလိုဂရမ် ဝိတ်ကျပါတယ်။ Hiit လေ့ကျင့်ခန်းလုပ်ပြီးရင် အင်အားတော်တော်ကုန်ခန်းသွားလို့ တစ်နေ့တာလုံး ဇီဝကမ္မဖြစ်စဉ် အားကောင်းသလို အစာစားချင်စိတ် လျော့ကျစေနိုင်လို့ ဝိတ်ချဖို့ ထိရောက်တာ ဖြစ်နိုင်တယ်လို့ စတာလင်တက္ကသိုလ်က ကျန်းမာရေးနဲ့ ကိုယ်လက်လေ့ကျင့်ခန်းသိပ္ပံဆိုင်ရာ ပို့ချသူ ဒေါက်တာ နေးလ်ဗိုလက်(Niels Vollaard) က ပြောပါတယ်။

Hiit လေ့ကျင့်ခန်းဟာ ဝိတ်ချဖို့အတွက် ထိရောက်ပေမဲ့ လူတိုင်းနဲ့ မသင့်တော်ဘူးလို့ သုတေသီတွေက သတိပေးထားပါတယ်။ အဲဒီလို လေ့ကျင့်တာဟာ ထိခိုက်ဒဏ်ရာရနိုင်ခြေ ပိုများပြီး နှလုံးသွေးကြော ဖိအားများစေနိုင်ပါတယ်။ ဗြိတိန်နိုင်ငံအမျိုးသားကျန်းမာရေးဌာနကတော့ အပတ်စဉ်တိုင်းမှာ စက်ဘီးစီးတာ၊ လမ်းလျှောက်တာ စတဲ့ လေ့ကျင့်ခန်းတွေကို အနည်းဆုံး မိနစ် ၁၅၀ ကြာ လုပ်ပေးသင့်တယ်လို့ အကြံပြုထားပါတယ်။

Ref:BBC
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top