Myanmar-3 Font အစား PyiDaungSu Font စနစ်ကိုပြောင်းလဲအသုံးပြုသင့်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကြံပြု

52744538_1516568685144009_2956720795839102976_n.jpg

အစိုးရရဲ့ Electronic ဝန်ဆောင်မှုတွေကို ပြည်သူအားလုံး သိရှိနားလည်နိုင်ဖို့အတွက် မြန်မာဘာသာစကားနဲ့ ဝန်ဆောင်မှုပေးနိုင်အောင် ကွန်ပျူတာသုံးမြန်မာဘာသာစကားစနစ်ကို ပြုပြင်ဖို့လိုအပ်ကြောင်း e-Government ဦးဆောင်ကော်မတီရဲ့တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကြံပြုတိုက်တွန်းခဲ့ပါတယ်။

အစည်းအဝေးမှာ ဦးဆောင်ကော်မတီရဲ့နာယကဖြစ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့ သတ်မှတ်ထားတဲ့ စီးပွားရေးရည်ရွယ်ချက် (၁၂) ရပ်ထဲမှာ e-Government လည်းပါဝင်နေပြီး အမြန်ဆုံးထူထောင်နိုင်ဖို့ အရေးကြီးကြောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအသုံးပြုနေတဲ့ Myanmar-3 Font ကိုမသုံးစွဲဘဲ International Standard Organization 10646 နဲ့ ပိုကိုက်ညီတဲ့ PyiDaungSu Font စနစ်နဲ့ Keyboard ကိုအသုံးပြုဖို့ပြင်ဆင်သင့်တယ်လို့ အကြံပြုခဲ့ပြီး နောင်အခါမှာ e-Government System ကို တိုင်းရင်းသားဘာသာစကားတွေနဲ့ပါ ထိထိရောက်ရောက်သုံးနိုင်မယ့် အခြေအနေကိုရောက်ရှိလာတော့မှာဖြစ်လို့ ဒီစနစ်ကို အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်းလည်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ Tele Density ဟာ ၁ဝဝ ရာခိုင်နှုန်းကျော်ရှိပြီး Internet အသုံးပြုမှုက ၈ဝ ရာခိုင်နှုန်းကျော်ရှိနေတဲ့အတွက် စနစ်တွေက ခေတ်နှင့်အညီဖြစ်ဖို့အရေးကြီးသလို Data Security၊ Data Privacy၊ Data Sharing စတဲ့ကိစ္စတွေမှာ ပြည်သူပြည်သားတွေနဲ့ နိုင်ငံရဲ့လုံခြုံမှုကို ကာကွယ်ပေးရမယ်လို့ ညွှန်ကြားခဲ့ပါတယ်။ Cyber Law and Policy အတွက်ကိုလည်း အများပြည်သူရဲ့သဘောထား၊ ပြည်တွင်းပြည်ပအသိပညာရှင်တွေရဲ့သဘောထားတွေကိုတောင်းခံပြီး မြန်မာနိုင်ငံအတွက် သင့်တော်မယ့် အကောင်းဆုံးနည်းလမ်းတွေကို ရွေးချယ်ပြင်ဆင်သွားရမယ်လို့လည်း ထပ်မံ ပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာ သက်ဆိုင်ရာဌာနတွေနဲ့ ဆပ်ကော်မတီရဲ့တာဝန်ရှိသူတွေက နိုင်ငံတကာ Unicode စံ ISO 10646 နဲ့ ကိုက်ညီတဲ့ PyiDaungSu Font စနစ်နဲ့ Keyboard ကို အစိုးရရုံးဌာနတွေမှာ လက်ရှိအသုံးပြုနေတဲ့ Myanmar3 Font နေရာမှာ အစားထိုးအသုံးပြုရေးကိစ္စ၊ နိုင်ငံတကာ Unicode စံ ISO 10646 ဖြင့်ကိုက်ညီသော မြန်မာ Unicode စနစ်ကို မြန်မာနိုင်ငံမှာ အသုံးပြုနိုင်ဖို့ဆောင်ရွက်မယ့် Migration အစီအစဉ်နဲ့ ဝန်ကြီးဌာနတွေ၊ နိုင်ငံတော်အဖွဲ့အစည်းတွေအတွက် Domain Name နဲ့e-mail လိပ်စာသတ်မှတ်နိုင်ရေးကိစ္စတွေကို ရှင်းလင်းတင်ပြကြပြီး e-Government ဦးဆောင်ကော်မတီရဲ့ ဆုံးဖြတ်ချက်ကိုရယူခဲ့တယ်လို့ သိရပါတယ်။

Ref: Myanmar State Counsellor Office
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top