မူပိုင်ခွင့်အမှုမှာ သူ့ရဲ့နာမည်ကို ရှင်းလင်းချင်တယ်ဆိုတဲ့ အက်ဒ်ရှီရန်

10-3-2022-yyl11.jpg

သီချင်းချစ်သူတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ Shape of you သီချင်းပိုင်ရှင် အက်ဒ်ရှီရန် (Ed Sheeran) က သူ့ရဲ့နာမည်ကြီးသီချင်းကြောင့်ပဲ တရားရင်ဆိုင်နေရပါတယ်။ အက်ဒ်ရှီရန်ကို အဆိုတော် ဆာမီ ချိုခရီ (Sami Chokri) နဲ့ သီချင်းထုတ်လုပ်သူ ရိုစ် အိုဒိုနိုဟူ (Ross O’Donoghue) တို့က Shape of you သီချင်းက သူ့ရဲ့ ၂၀၁၅ခုနှစ် သီချင်း “Oh Why” ကနေ စာကြောင်းနဲ့ စကားအသုံးအနှုန်းတွေကို ကူးယူထားတယ်ဆိုပြီး မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားစွဲဆိုခဲ့တာပါ။

အင်္ဂါနေ့က မူပိုင်ခွင့်အမှုကို စစ်ဆေးတဲ့ တရားခွင်မှာ အက်ဒ်ရှီရန်က Shape of you သီချင်းကို ဆိုခဲ့ပြီး ကူးယူခြင်းမရှိဘဲနဲ့တောင် မယ်လိုဒီတွေက ဆင်တူနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆာမီနဲ့ ရိုစ်တို့ရဲ့ရှေ့နေ အန်ဒရူး ဆောကလစ်ဖ် (Andrew Sutcliffe) မေးမြန်းတဲ့ အက်ဒ်ရှီရန်ရဲ့ တရားခွင်ဒုတိယရက်မှာ ရှီရန်က မယ်လိုဒီတွေက ဘယ်လိုဆင်တူနိုင်လဲဆိုတာ ပြသဖို့အတွက် ကီးတူတဲ့ နီနာ ဆိုင်မွန် (Nina Simone) ရဲ့ Feeling Good သီချင်းအပါအဝင် သီချင်းတွေက စာသားတွေနဲ့ Shape of you သီချင်းထဲက နားထောင်သူတွေကို ဆွဲစေတဲ့ Oh I ချိတ် (hook) နေရာကို ဆိုပြခဲ့ပါတယ်။

ဆာမီနဲ့ ရိုစ်တို့က Shape of You ရဲ့ Oh I ချိတ် နဲ့ သူတို့သီချင်းထဲက Oh Why ချိတ်က ဆင်တူပြီး ဒါဟာ ရှီရန်က သူတို့ရဲ့သီချင်းကို အရင်က သေချာပေါက် ကြားဖူးခဲ့တယ်လို့ ဆိုပါတယ်။ ဒါကို ရှီရန်နဲ့ သူ့ရဲ့တွဲဖက်သီချင်းရေးဆရာက ငြင်းဆိုခဲ့ပါတယ်။ “Oh Why” နဲ့ “Oh I” ကြားက တူညီမှုအကြောင်း မေးမြန်းတော့ ရှီရန်ဟာ လန်ဒန်မြို့ရဲ့ အထက်လွှတ်တော်တရားရုံးကို “ဒီနှစ်ခုလုံးက pentatonic scale ဖြစ်ပြီး သရတွေကို အသုံးပြုထားတယ်” လို့ ပြောခဲ့တယ်လို့ သတင်းထွက်ရှိခဲ့ပါတယ်။

တရားလိုဘက်က ရှေ့နေက ရှီရန်ကို ၂၀၁၆ခုနှစ် အောက်တိုဘာမှာ သီချင်းရေးခဲ့တာနဲ့ပတ်သက်ပြီး သီချင်းကို အပြောင်းအလဲလုပ်ခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ တရားရုံးက “Oh I” ချိတ်ကို အသံအနိမ့်အမြင့်အမျိုးမျိုးနဲ့ ဆိုနေတဲ့ ရှီရန်ရဲ့ အသံသွင်းမှတ်တမ်းကို ဖွင့်ပြခဲ့ပါတယ်။ “Oh Why လို့ ဆိုနေတဲ့အသံလိုပဲ” လို့ ရှေ့နေက မေးတော့ ရှီရန်က “ကျွန်တော် ‘Oh I’ လို့ ဆိုနေခဲ့တာပါ။ စာသားက “Oh I, I’m in love with your body” ပါ။ “Oh Why, I’m in love with your body” ဆိုတဲ့ စာသားက အဓိပ္ပာယ်မရှိပါဘူး” လို့ ပြန်ဖြေကြားခဲ့ပါတယ်။ အစက “Shape of You” ဗာရှင်းက ချိတ်တစ်ခုအဖြစ် “Heya” ထားခဲ့ပေမဲ့ Blackstreet ရဲ့ No Diggity ထဲက စာကြောင်းတစ်ခုနဲ့ ဆင်တူတဲ့အသံပေါက်နေတဲ့အတွက် အဲဒါကို ပြောင်းလဲပစ်ခဲ့တာပါ။

ရှီရန်ကို မူလက TLC ရဲ့ “No Scrubs” ထဲက မယ်လိုဒီတစ်ခုကို ကိုးကားလိုတာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ သူ့ရဲ့သက်သေထွက်ဆိုချက်မှာ ဒါကို ရှင်းဖို့အတွက် ကြိုးပမ်းခဲ့ပေမဲ့ နောက်ဆုံးမှာ သူ့သီချင်းရဲ့ဆင်တူတဲ့အပိုင်းကို ပြောင်းလဲခဲ့တယ်လို့ ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာ “No Scrubs”တေးရေးဆရာတွေကို Shape of You မှာ Credit ပေးခဲ့ပါတယ်။ သူတို့တွေကြား တရားစွဲဆိုမှုက ရှီရန်နဲ့ သူရဲ့တွဲဖက်တေးရေးဆရာတွေက ဆာမီနဲ့ ရိုစ်တို့ရဲ့ ‘Oh Why’ သီချင်းမူပိုင်ခွင့်ကို သူတို့ ချိုးမဖောက်ဘူးဆိုတာ ကြေညာပေးဖို့ အထက်လွှတ်တော်တရားရုံးကို တောင်းဆိုခဲ့တဲ့အချိန် ၂၀၁၈ခုနှစ် က စခဲ့တာပါ။ နောက်ပိုင်းမှာ ဆာမီနဲ့ ရိုစ်တို့က မူပိုင်ခွင့်ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တန်ပြန်အရေးဆိုမှုတစ်ခု တင်သွင်းခဲ့ပါတယ်။

ရှီရန်တို့ရဲ့မူလလှုပ်ရှားမှုက ကြီးမားတဲ့ဥပဒေဆိုင်ရာကုန်ကျစရိတ်တွေကြောင့် နောက်ပိုင်းမှာ နစ်နာကြေးတောင်းတာကို ဟန့်တားပစ်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါကို ရှီရန်က “ကျွန်တော်ရယ်၊ ဂျွန်နီ၊ စတီဗင်တို့က ကျွန်တော်တို့ရဲ့နာမည်ကို ရှင်းလင်းဖို့ ဒီနေရာမှာ ရှိနေတာပါ” လို့ ပြောကြားရင်း ငြင်းဆိုခဲ့တာပါ။ ရှီရန်က ‘Oh Why’ သီချင်းရဲ့တစ်စိတ်တစ်ပိုင်းကို ကူးချတယ်လို့ စွပ်စွဲခံရတဲ့အချိန်တုန်းက ဆာမီကို သတိမထားမိခဲ့သလို တရားဆွဲဆိုတဲ့အမူမတိုင်ခင်က အဲဒီသီချင်းကို မကြားခဲ့ဖူးဘူးလို့ ပြောကြားခဲ့ပါတယ်။ တရားရုံးမှာ သူ မထွက်ရှိရသေးတဲ့ သီချင်းရဲ့တစ်စိတ်တစ်ပိုင်းကို ဖွင့်ပြမိခဲ့တဲ့အချိန်မှာ ရှီရန်က ဒေါသဖြစ်ခဲ့ပါသေးတယ်။ စတီဗင်ရဲ့လက်တော့ပ်က ဖိုင်အမှားတစ်ခုကို မတော်တဆဖွင့်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref: Reuters “Ed Sheeran sings, says he wants to clear his name at copyright trial”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top