အကြိတ်အနယ်အဖြစ်ဆုံး တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီကိုယ်စားလှယ် အနိုင်ရ

10-3-2022-yyl10.jpg

အကြိတ်အနယ် ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီကိုယ်စားလှယ် ယွန်ဆွတ်ယိုက ပွတ်ကာသီကာ အနိုင်ရခဲ့ပါတယ်။ လူတန်းစား မညီမျှမှုကို တိုက်ဖျက်မယ်ဆိုတဲ့ မဲဆွယ်ကတိနဲ့ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ယွန်ဆွတ်ယိုဟာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် လီဂျေမြောင်ကို မဲကွာခြားချက် ၀.၈ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တာပါ။ ဒါဟာ ၁၉၈၇ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယားနိုင်ငံရဲ့ သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲတွေထဲမှာ အကြိတ်အနယ်အရှိဆုံး ဖြစ်ခဲ့ပါတယ်။

သမ္မတရွေးကောက်ပွဲမှာ သူ အနိုင်ရခဲ့တာဟာ ကြီးမြတ်တဲ့ တောင်ကိုရီးယားပြည်သူတွေရဲ့ အောင်ပွဲဖြစ်တယ်လို့ ယွန်ဆွတ်ယိုက ဆိုခဲ့ပြီး ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်ရေးကို အာရုံစိုက်သွားမယ်၊ လိုအပ်နေသူတွေအတွက် လူမှုအထောက်အပံ့တွေ ပေးအပ်သွားမယ်လို့ ပြောပါတယ်။ ကိုယ်စားလှယ်လောင်း ၂ ယောက်လုံးဟာ မဲဆွယ်စည်းရုံးရေးကာလတစ်လျှောက်လုံး ရေပန်းစားခဲ့သူတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲမှာ လာရောက်မဲပေးသူ များပြားခဲ့ပြီး မဲပေးခွင့်ရှိသူ ၇၇ ရာခိုင်နှုန်းအထိ မဲပေးခဲ့ကြပါတယ်။

တောင်ကိုရီးယားပြည်သူတွေဟာ အိမ်ခြံမြေစျေး အဆမတန် မြင့်တက်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ရပ်တန့်နေမှု၊ လူငယ်တွေ အလုပ်လက်မဲ့ဖြစ်မှု၊ ကျား – မ သာတူညီမျှမရှိမှု စတဲ့ အချက်တွေကို အဓိက စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ နိုင်ငံခြားရေးမူဝါဒအပိုင်းမှာတော့ ယွန်ဆွတ်ယိုက တရုတ်၊ မြောက်ကိုရီးယားနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ကြပ်ကြပ်မတ်မတ် ပြန်လည်ကိုင်တွယ်သွားမယ်လို့ ကတိပြုခဲ့ပြီး အမေရိကန်နဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်မယ့် အရိပ်အယောင် ပြခဲ့ပါတယ်။ အိမ်ဖြူတော်ကလည်း သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ယွန်ဆွတ်ယိုကို ဂုဏ်ပြုစကားပါးခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးချဲ့သွားဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

သမ္မတ မွန်ဂျေအင်လက်ထက်မှာ အစိုးရရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ယွန်ဆွတ်ယိုဟာ ကွန်ဆာဗေးတစ်သမ္မတဟောင်း ပက်ဂွန်ဟေးကို အကျင့်ပျက်ခြစားမှု၊ လာဘ်စားမှုတွေနဲ့ စွဲချက်တင်နိုင်ခဲ့လို့ နာမည်ကျော်ကြားလာသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကမှ နိုင်ငံရေးလောကထဲ ဝင်ရောက်လာခဲ့သူပါ။ သူဟာ မဲဆွယ်စည်းရုံးရေးကာလတစ်လျှောက်မှာ ကသောင်းကနင်း အခြေအနေတွေ ကြုံခဲ့ရလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ခိုင်းနှိုင်းခံခဲ့ရသူပါ။ ၁၉၈၀ ပြည့်နှစ်က ဆန္ဒပြသူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် တာဝန်ရှိတဲ့ အာဏာရှင်သမ္မတ ချန်ဒူးဟွမ်ဟာ နိုင်ငံရေးမှာ လူတော်တစ်ယောက်ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့မိတာကြောင့် ယွန်ဆွတ်ယိုက သူ့စကားသူ ပြန်ရုပ်သိမ်းခဲ့ရဖူးပါတယ်။

လက်ရှိသမ္မတ မွန်ဂျေအင်ရဲ့ ၅ နှစ်သက်တမ်းဟာ လာမယ့်မေလမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်ရင်လည်း လစ်ဘရယ်ခေါင်းဆောင် မွန်ဂျေအင်ထက်စာရင် ယွန်ဆွတ်ယိုက ဟောဟောဒိုင်းဒိုင်းနိုင်သူပါ။ မြောက်ကိုရီးယားက တိုက်ခိုက်မယ့်ဟန်ပြင်လာရင် (မတိုက်ခိုက်ခင်) လက်ဦးမှုယူပြီး ကြိုတင်တိုက်ခိုက်နိုင်မယ့် နည်းပညာတီထွင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ အားပေးထောက်ခံထားသူပါ။ တရုတ်နိုင်ငံနဲ့ပတ်သက်လာရင် ပြတ်ပြတ်သားသား ကိုင်တွယ်လိုစိတ်ရှိပြီး အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်တို့ ပါဝင်တဲ့ Quad လုံခြုံရေးအဖွဲ့နဲ့ ပူးပေါင်းလိုတဲ့ဆန္ဒရှိသူပါ။

Ref: BBC ” South Korea: Conservative candidate Yoon Suk-yeol elected president”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top