“Lightning Festival” မှာ မီးလုံးတွေနဲ့ စာလုံးဖော်ပြီး ရိုဆန်ဆန်လေး လက်ထပ်ခွင့်တောင်းခဲ့သူ

yyl-012-13.jpg

ဟိုအရင်နှစ်တွေကတည်းက အနုပညာဖန်တီးမှုပုံစံနဲ့ လက်ထပ်ခွင့်တောင်းတာတွေ ရှိလာခဲ့တာပါ။ တခမ်းတနားပွဲကျင်းပပြီး လက်ထပ်ခွင့်တောင်းတာတို့၊ အများတကာ “ဝိုး” ဖြစ်သွားလောက်အောင် ရိုဆန်စွာနဲ့ လက်ထပ်ခွင့်တောင်းတာတွေ ခေတ်စားလာခဲ့ပါတယ်။ လက်ထပ်ခွင့်တောင်းတာက ချစ်သူ (၂) ဦးတည်းနဲ့ လုပ်လို့ရပေမဲ့ နောက်ပိုင်းကျတော့ တဖြည်းဖြည်းနဲ့ လူတိုင်းကို အပျော်တွေကူးစက်စေတဲ့ ပွဲတစ်ခုဖြစ်သွားခဲ့တာပါ။

မကြာသေးခင်မှ အမျိုးသားတစ်ယောက်ကလည်း သူ့ရဲ့ချစ်သူကို ရိုဆန်ဆန်လေး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အဖြစ်အပျက်လေးရှိခဲ့ပါတယ်။ ကာလတ်ဘ် မီချယ်စ် (Caleb Michiels) ဆိုတဲ့အမျိုးသားက “ကယ်လီ မင်း ငါကို လက်ထပ်မလား” ဆိုတဲ့စာသားကို မီးလုံးတွေအသုံးပြုပြီး “Lightning Festival” မှာ ပုံဖော်ပြီး သူ့ရဲ့ကောင်မလေး ကယ်လီ ဝဲလ်ဒန် (Kelly Weldon) ကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ခဲ့ပါတယ်။

သူတို့ချစ်သူနှစ်ဦးက Holiday Fantasy of Lights Festival ကို နှစ်တိုင်းသွားလေ့ရှိတဲ့အတွက် ကာလတ်ဘ်က အဲဒီနေရာမှာ မီးလုံးတွေနဲ့ ပုံဖော်ပြီး လက်ထပ်ခွင့်တောင်းဖို့ စိတ်ကူးရခဲ့တာပါ။ လက်ထပ်ခွင့်တောင်းတာ အကောင်အထည်ဖော်နိုင်ဖို့အတွက် Holiday Fantasy of Lights Festivalရဲ့ လျှပ်စစ်အဖွဲ့နဲ့ ပူပေါင်းလုပ်ခဲ့ပါတယ်။
“ကာလတ်ဘ်နဲ့ ကျွန်မ စေ့စပ်ကြမယ်ဆိုတဲ့အကြောင်း ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူက ရေငုံနှုတ်ပိတ်နေပြီး ဘာကြောင့်လဲဆိုတဲ့ သေချာတဲ့အကြောင်းအရင်းမပေးခဲ့ဘူး။ ကျွန်မ အရမ်းစိတ်ရှုပ်သွားခဲ့ပြီး သူ့ဆီက အသေးစိတ်သိရအောင် ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်ကြိုးစားခဲ့ပြီးတဲ့နောက်မှာ လက်လျော့လိုက်ပြီး စောင့်ဆိုင်းရတော့မယ်ဆိုတာကို နားလည်လိုက်တယ်” လို့ ကယ်လီက ပြောပါတယ်။

ကာလတ်ဘ်က ကယ်လီမသိအောင် မီးလုံးတွေနဲ့ စာတန်းဖော်ဖို့အတွက် သူ့သူငယ်ချင်းရဲ့နေရာမှာ သွားနေခဲ့ပါတယ်။ ကယ်လီမသိအောင်လုပ်ဖို့ဆိုတာ သူ့အတွက် အတော်လေးခက်ခဲခဲ့တာပါ။ ကာလတ်ဘ်က ဆိုင်းဘုတ်အကြီးကြီးတွေသုံးပြီး သူ့ရဲ့အချစ်ကို ဖော်ပြတာ ဒါက ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ဆိုပါတယ်။ သူက အတော်လေး ရိုဆန်တတ်ပြီး အထက်တန်းကျောင်းတုန်းကတည်းက အဲဒီလိုမျိုးတွေ လုပ်တတ်တယ်လို့ ကယ်လီက ပြောပါတယ်။

Holiday Fantasy of Lights Festival ကလည်း ကာလတ်ဘ် သူ့ကောင်မလေးကို လက်ထပ်ခွင့်တောင်းတဲ့ဗီဒီယိုကို တင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ ကယ်လီက အဆုံးထိ စာတန်းကို သတိမထားမိလောက်အောင် အရမ်းကို အံ့အားသင့်သွားတဲ့အသံကို ကြားရမှာပါ။ ကာလတ်ဘ်နဲ့ ကယ်လီတို့က ချစ်သူသက်တမ်း (၈) နှစ်ကျော်ပြီဖြစ်ပြီး အထက်တန်းကျောင်းတုန်းက တွေ့ဆုံမိခဲ့တာကနေ အခုထိလက်တွဲလာခဲ့ကြတာပါ။ အခုဆိုရင် သူတို့က သူတို့ရဲ့ချစ်စရာခွေးလေး (၂) ကောင်နဲ့ ပျော်ရွှင်စွာ နေထိုင်နေကြပါတယ်။

ဗီဒီယိုကြည့်ရှုရန်

Ref: Guy Publicly Proposes To “Kelly” Using Christmas Lights, The Internet Encourages People With GFs Named Kelly To Do The Same

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top