Sex Education သင်ကြားဖို့ လိုအပ်လား

18-5-2020-yyl-032.jpg

ဒီရက်ပိုင်း လူမှုကွန်ရက်မှာ ရေပန်းအစားဆုံးကတော့ Sex Education ပါပဲ။ ဒသမတန်း ကျောင်းသုံးစာအုပ်မှာ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေး သင်ခန်းစာတွေ ထည့်သွင်းမှုနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူး၊ ကလေးတွေအတွက် မသင့်တော်ဘူးဆိုတဲ့ အမြင်ရှိသူတွေက တစ်ဖက်၊ ဒီလိုထည့်သွင်းသင်ကြားမယ့်အပေါ် ကြိုဆိုထောက်ခံသူတွေက တစ်ဖက်ဖြစ်ပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရော၊ ဖွံ့ဖြိုးဆဲနိုင်ငံတချို့မှာပါ Sex Education ကို ကျောင်းတွေမှာ သင်ကြားပေးနေကြပါတယ်။ တကယ်တော့ Sex Education ဆိုတာ လိင်မှုကိစ္စဆိုတာထက် ပိုကျယ်ပြန့် နက်ရှိုင်းပါတယ်။ ငယ်ရာကနေ ကြီးလာမယ့်သူတွေ မဖြစ်မနေ ကြုံတွေ့ဖြတ်သန်းရမယ့်အရာတစ်ခုပါ။ မြန်မာ့ယဉ်ကျေးမှုအရ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ မိဘတော်တော်များများက သားသမီးတွေကို ဒီအကြောင်းတွေ သင်မပေးကြဘူး။ Sex Education ဗဟုသုတမရှိလို့ မလိုလားအပ်တဲ့ အမှားမျိုးတွေ ကြုံကြပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ဆောင်ရတာတွေ၊ ကိုယ်ဝန်ဖျက်ချရင်း အသက်ဆုံးရှုံးရတာတွေ၊ လိင်ကတစ်ဆင့် ရောဂါကူးစက်တာတွေ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာတွေ စုံလို့ပါပဲ။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ” ထွန်းထွန်းနှင့် ချိုချို” သင်ခန်းစာတစ်ကွက်ကလွဲရင် ကျန်တဲ့သင်ခန်းစာတွေက အမှန်တကယ် သိသင့်၊ သိထိုက်တဲ့ ဗဟုသုတတွေ ဖြစ်ပါတယ်။ ” ဘေးအိမ်က အဒေါ်ကြီး ရောက်မလာရင် ဘယ်အဆင့်အထိ ဖြစ်သွားမလဲ”လို့ အဆုံးသတ်ထားတဲ့ ” ထွန်းထွန်းနှင့် ချိုချို” သင်ခန်းစာရဲ့ ရည်ရွယ်ချက်ကိုတော့ ကျွန်တော်လည်း မသိရိုးအမှန်ပါပဲ။ အဲဒီသင်ခန်းစာကလွဲရင်တော့ Sex Education ထည့်သွင်းသင်ကြားမှုကို ကြိုဆိုပါတယ်။ Sex Education ထည့်သွင်းသင်ကြားရာမှာ ဆရာ၊ ဆရာမတွေကိုယ်တိုင် ယုံကြည်မှုရှိရှိ ပြောရဲ၊ သင်ရဲအောင် လေ့ကျင့်ပေးဖို့ အရမ်းအရေးကြီးပါတယ်။

ဒါက သိသင့်၊ သိထိုက်တဲ့ ပညာပေးသင်ခန်းစာဖြစ်တယ်။ ရှက်စရာ၊ ကြောက်စရာ မဟုတ်ဘူးဆိုတာကို ကျောင်းသား၊ ကျောင်းသူတွေ နားလည်လာအောင် ဆရာ၊ ဆရာမတွေက သင်ကြားပေးရမှာပါ။ နောက်တစ်ခုကတော့ ပညာရေးတြိဂံရဲ့ အနား ၃ နားဖြစ်တဲ့ မိဘ၊ ဆရာ၊ ကျောင်းသား/ ကျောင်းသူ အားလုံး ပါဝင်ရေးပါပဲ။ ဒီလိုသင်ကြားရာမှာ မိဘတွေကို ဖိတ်ခေါ်ဆွေးနွေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။

ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ စိန်ခေါ်မှုအသစ်တွေ၊ နည်းပညာသစ်တွေကို နေ့စဉ်နဲ့အမျှ ကြုံနေရမှာပါ။ ဒီလိုအနေအထားမှာ အရာတိုင်းကို မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ လိုက်တိုင်းနေလို့ မရသလို ကိုယ့်အတွက် အမှန်တကယ် လိုအပ်နေတဲ့ အပြောင်းအလဲတွေကို ပွေ့ဖက်ကြိုဆိုဖို့လည်း တွန့်ဆုတ်မနေသင့်ပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top