ဖိလစ်ပိုင်ဂုဏ်ဆောင် Team Lakay ၏ လူသိပ်မသိသော အချက်များ

15-4-2020-yyl-003.jpg

ဖိလစ်ပိုင်နိုင်ငံရဲ့လူကြိုက်များတဲ့ အားကစားနည်းတွေကိုကြည့်မယ်ဆိုရင် ဘတ်စကက်ဘော၊ လက်ဝှေ့၊ တင်းနစ်၊ ဘောလုံး၊ ဘိလိ ယက်နဲ့ ဘော်လီဘောတို့ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကလည်း ဖိလစ်ပိုင်ပြည်သူ တွေရဲ့နှလုံးသားကို ဆွဲခါလှုပ်ယမ်းနိုင်တဲ့ အားကစားနည်းတစ်ခု ဖြစ်လာပါတယ်။ မန်နီပက်ကွီအိုကစလို့ နိုင်ငံတကာစင်မြင့်ထက်အထိ ပေါက်ရောက်ခဲ့တဲ့ ကမ္ဘာ့ချန်ပီယံ၊ အာရှချန်ပီယံ လက်ဝှေ့အကျော်အမော်တွေထွက်ပေါ်ရာ ဖိလစ်ပိုင်နိုင်ငံမှာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကို စတင်မျိုးစေ့ချပေးခဲ့တဲ့ Gym တွေအနက် Team Lakay က အစောဆုံးပါပဲ။ Baguio City မြို့ရဲ့တောင်ကုန်းပေါ်မှာ တည် ထောင်ထားတဲ့ Team Lakay ဟာ လက်ရှိအချိန်မှာတော့ ဖိလစ်ပိုင်မှာသာမက အာရှတိုက်မှာပါ ထင်ရှားကျော်ကြားတဲ့ Gym တစ်ခုအ ဖြစ် ရပ်တည်လျက်ရှိပါတယ်။

ဝူရှူးအမည်နဲ့ စတင်

အောင်မြင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ဆိုတာ လွယ်လွယ်ကူကူတည်ဆောက်လို့ရတာ မဟုတ်ပါဘူး။ အခက်အခဲ၊ အကျပ်အတည်းပေါင်း များစွာနဲ့ ရင်ဆိုင်ခဲ့ရပြီးမှ အခြေခံခိုင်မာတဲ့ အဖွဲ့အစည်းတစ်ခုကို တည်ထောင်နိုင်တာဖြစ်ပါတယ်။ Team Lakay ရဲ့အဓိကပဲ့ကိုင်ရှင်က တော့ Mark Sangiao ဆိုသူ ဖိလစ်ပိုင်လက်ရွေးစင် ဝူရှူးအားကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ ၂၀၀၁ အရှေ့တောင်အာရှအား ကစားပြိုင်ပွဲရဲ့ဝူရှူး(ဆန်းဆို)ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရခဲ့တဲ့ Sangiao ဟာ Baguio မြို့သားတစ်ယောက်ဖြစ်ပြီး ဒေသခံတက္ကသိုလ်တစ်ခု မှာ သူတတ်မြောက်ထားတဲ့ ပညာရပ်တွေကို ပြန်လည်ဝေမျှခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလမှာတော့ ကိုယ်ခံပညာသိုင်း ပေါင်းစုံ အားကစားက ဖိလစ်ပိုင်လူထုထံ စတင်ပျံ့နှံ့လာခဲ့ပြီး Sangiao ကိုယ်တိုင်လည်း ပြိုင်ပွဲတွေပါဝင်ယှဉ်ပြိုင်ဖို့အထိ စိတ်ဝင်စားခဲ့ပါ တယ်။

သူ့မှာရှိတဲ့ ဝူရှူးစွမ်းရည်တွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် စိတ်လှုပ်ရှားစရာကောင်းတဲ့ အားကစားနည်းတစ်ခု ဖြစ်လာမယ်ဆိုတာ ၎င်းက သိရှိခဲ့ပြီး Baguio တက္ကသိုလ်မှာပဲ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်းလေးတစ်ခု တည်ထောင်ခဲ့ပါတယ်။ တည်ထောင် သူကတော့ Sangiao ဖြစ်ပြီး လက်ရွေးစင်ဝူရှူးကစားဖော်တွေ၊ ဝူရှူးအသိုင်းအဝိုင်းကလူတွေပါဝင်ကာ Lakay Wushu အမည်နဲ့ စတင် တည်ထောင်ခဲ့တာပါ။ အဲဒီအချိန်မှာ Sangiao က နည်းပြအဖြစ် တာဝန်ယူသလို ကိုယ်တိုင်လည်း သင်တန်းသားအဖြစ်ခံယူပြီး သိတတ် သိထိုက်တာတွေကို ဆည်းပူးကာ ပြိုင်ပွဲတွေပါ ဝင်ရောက်ဆင်နွှဲခဲ့ပါတယ်။

“၂၀၀၃ ခုနှစ်မှာတော့ ကော်ဒီလီရက်စ်တက္ကသိုလ်မှာ ကျွန်တော်တို့ အဖွဲ့လေးတစ်ခုဖွဲ့ခဲ့တယ်။ အဲဒီကစပြီး ကျွန်တော်လည်း ကိုယ်ခံပ ညာသိုင်းပေါင်းစုံ အားကစားပြိုင်ပွဲတွေ ယှဉ်ပြိုင်ခဲ့တယ်။ ဒီအားကစား ပိုမိုထွန်းကားကျယ်ပြန့်လာဖို့ ဖိလစ်ပိုင်တစ်နိုင်ငံလုံးအနှံ့ ကျင်းပပြု လုပ်တဲ့ URCC ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့တာပါ။ လေ့ကျင့်ဖို့ နေရာအတည်အကျမရှိသေးတော့ Gym တစ်ခုတည်ထောင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တယ်” လို့ Lakay Wushu ဖြစ်တည်လာပုံကို Sangiao က ပြန်ပြောင်းပြောပြပါတယ်။

Lakay Wushu အသင်း စတင်ဖြစ်တည်လာချိန်မှာ ပထမဆုံးသော သင်တန်းသားတွေအနက် ပြိုင်ပွဲတွေ လက်ရှိယှဉ်ပြိုင်လျက်ရှိတဲ့ Edward “The Ferocious” Kelly၊ Mark Eddiva တို့လည်း ပါဝင်ပါတယ်။ ၂၀၀၃ ခုနှစ်၊ မတ်လမှာတော့ သင်တန်းနည်းပြဆရာ Sangiao ဟာ ၎င်းရဲ့ပထမဆုံးသော ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားပွဲစဉ်ကိုယှဉ်ပြိုင်ခဲ့ပြီး ဒုတိယအချီမှာ ဒိုင်ပွဲရပ်အနိုင်ရခဲ့ပါ တယ်။

Folayang ပါဝင်လာ

Baguio မြို့ရဲ့ကီလိုမီတာ ၂၅၀ အကွာမှာတော့ နောင်တစ်ချိန် ကမ္ဘာ့ချန်ပီယံအဖြစ်ရပ်တည်လာမယ့် အားကစားသမားတစ်ယောက်ရှိပါ တယ်။ သူကတော့ Lakay Wushu အသင်းပဲ့ကိုင်ရှင် Sangiao ရဲ့သူငယ်ချင်းလည်းဖြစ်၊ ဝူရှူးလက်ရွေးစင်အသင်းဖော်လည်းဖြစ်တဲ့ Eduard “Landslide” Folayang ပါပဲ။ Folayang ဟာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကိုစိတ်ပါဝင်စားပြီး နိုင်ငံတကာအဆင့်ထိ ထိုးဖောက်ဖို့ ဆန္ဒရှိခဲ့ပေမယ့်လည်း ဖိလစ်ပိုင်လက်ရွေးစင်အဖြစ်နဲ့ ဝူရှူးပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ကို ဦးစားပေးအဖြစ် သတ်မှတ်ခဲ့ ပါတယ်။ ဒီနောက် Sangiao ဟာ ဖိလစ်ပိုင်ဝူရှူးအဖွဲ့ချုပ်နဲ့လက်တွဲကာ Lakay Wushu အသင်းရဲ့ပုံရိပ် လူထုကြားထဲပျံ့နှံ့အောင် လုပ် ဆောင်ခဲ့ပါတယ်။

မနီလာမှာနေထိုင်တဲ့ Folayang ဟာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကို ချစ်မြတ်နိုးတာကြောင့် Baguio နဲ့ မနီလာကို လူးလာ ခေါက်တုံ့သွားကာ သင်တန်းသားတွေကို ဝူရှူးနည်းစနစ်တွေသင်ပေးသလို ကိုယ်တိုင်ကလည်း ဂျူဂျစ်ဆု၊ နပမ်းစတဲ့ အားကစားတွေကို ဆည်းပူးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ Folayang ဟာ ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး URCC ဝယ်သာဝိတ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ ပါတယ်။

အကျပ်အတည်းကာလ

ရည်မှန်းထားတဲ့အရာတွေ အလွယ်တကူဖြစ်မလာနိုင်တဲ့ နိယာမအတိုင်း Lakay Wushu အသင်းအနေနဲ့လည်း သင်တန်းသားတွေ ရှိ လိုက်၊ မရှိလိုက်အဖြစ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သင်တန်းသားတွေရဲ့သင်တန်းကြေးအပေါ်မှာသာ အဓိကမှီခိုနေရတာကြောင့် လူမရှိတဲ့ အချိန်မှာ ငွေရေးကြေးရေးအခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်ဝူရှူးအဖွဲ့ချုပ်ကလည်း မတူညီတဲ့အားကစားနည်းတစ်ခု နဲ့ ပတ်သက်ဆက်နွှယ်မှုမလုပ်ချင်ဘဲ ဝူရှူးဘက်ကိုသာ အာရုံစိုက်လုပ်ဆောင်ချင်တာကြောင့် ၂၀၀၆ ခုနှစ်မှာ Lakay Wushu နဲ့ ပူးပေါင်း လုပ်ကိုင်တာတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

အဲဒီအချိန်မှာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကလည်း ဖိလစ်ပိုင်မှာ ရေပန်းစားလာခဲ့ပြီး ဝူရှူးအသိုင်းအဝိုင်းနဲ့ အဆင်မပြေမှုတွေ မဖြစ်ချင်တာကြောင့် Lakay Wushu ဆိုတဲ့အမည်ကို Team Lakay အဖြစ် ပြောင်းလဲခဲ့ပါတယ်။

ချန်ပီယံတွေထွက်ပေါ်လာ

စတင်တည်ထောင်ချိန်ကစလို့ အခက်အခဲပေါင်းစုံ ကြုံတွေ့ခဲ့ရတဲ့ Team Lakay ဟာ နောက်ပိုင်းမှာတော့ လူငယ်မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship စတင်တည်ထောင်စဉ် ကတည်းက လက်တွဲကာ ကမ္ဘာ့ချန်ပီယံကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ Team Lakay အသင်းသားတွေအနက် ကမ္ဘာ့ ချန်ပီယံခါးပတ်ကို ပထမဆုံးရယူခဲ့သူက Honorio “The Rock” Banario ဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တစ်နိုင်ငံတည်း သား Eric “The Natural” Kelly ကို အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံခါးပတ်ရ ပထမဆုံးသော ဖိလစ်ပိုင်အားကစားသမားအဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ ဒီနောက် Eduard Folayang၊ Geje Eustaquio၊ Kevin Belingon၊ Joshua Pacio တို့ကလည်း ကမ္ဘာ့ချန်ပီယံခါး ပတ်ကို ရယူနိုင်ခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top