အမှန်တရားကိုမြတ်နိုးခြင်း

truth-8.jpg

“အမှန်တရားကိုချစ်မြတ်နိုးမှုထက် ပိုကြီးကျယ်ခမ်းနားတဲ့အရာမရှိဘူး” လို့ ဆိုရိုးရှိပါတယ်။ သွေးထွက်အောင် မှန်တဲ့စကားပါ။ အမှန်တရားကိုမြတ်နိုးမှ အမှန်တရားထူထောင်နိုင်မှာပါ။ တစ်ကိုယ်ရည်စာကနေပြီး တစ်နိုင်ငံလုံးအတိုင်းအတာအထိ အမှန်တရားထူထောင်နိုင်မှုက အရေးကြီးပါတယ်။

တိုင်းပြည်တစ်ခုမှာ အမှန်တရားကိုချစ်မြတ်နိုးသူနည်းပါးလာရင် အဲဒီတိုင်းပြည်ကို မသမာမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေက ဖုံးလွှမ်းသွားဖို့ သေချာသလောက်ပါပဲ။ ဒါကြောင့်လည်း ကလေးဘဝကတည်းက အမှန်တရားကိုမြတ်နိုးတတ်အောင် ပျိုးထောင်ပေးရမှာပါ။ အမှန်တရားကိုမြတ်နိုးသူလို့ ဆိုလိုက်တာနဲ့ ပထမဆုံးမြင်ယောင်မိသူကတော့ ဗိုလ်ချုပ်အောင်ဆန်းပါပဲ။ ဗိုလ်ချုပ်ဟာ ငယ်စဉ်ကတည်းက အမှန်တရားဘက်ကိုပဲ မျက်နှာမူခဲ့သူပါ။

ဗိုလ်ချုပ်အောင်ဆန်း သုံး လေးနှစ်သားအရွယ်မှာ သူတို့အိမ်ကို စပါးဝယ်တဲ့သူတွေလာကြပါတယ်။ ဗိုလ်ချုပ်ရဲ့အမေ ဒေါ်စုက စပါးဝယ်သူတွေကို ငါဝယ်တုန်းက (၆၀) ဈေးနဲ့ ဝယ်ထားတာ၊ မင်းတို့လိုချင်ရင် (၅၀) ဈေးနဲ့ ယူသွားလို့ ပြောတယ်။ အဲဒီအချိန်မှာ ကစားနေတဲ့ ဗိုလ်ချုပ်လောင်းလျာကလေးက ”အမ ခင်ဗျားမညာနဲ့။ ခင်ဗျား (၅၀) နဲ့ ဝယ်ထားတာ ကျုပ်သိတယ်”လို့ ပြောပါသတဲ့။ အဲဒီလိုပြောတော့ စပါးဝယ်သူတွေလည်း သဘောကျကုန်ကြပါရော။

စပါးဝယ်သူတွေပြန်သွားချိန်မှာ အမေဖြစ်သူ ဒေါ်စုက ဗိုလ်ချုပ်ကိုခေါ်ပြီး ”နောက်ကို လူကြီးတွေစကားပြောရင် ဝင်ပြောဦးမလား”ဆိုပြီး ပေါင်တွင်းကြော လိမ်ဆွဲပါသတဲ့။ ဒီတော့ ဗိုလ်ချုပ်က ဘာပြန်ပြောသလဲဆိုရင် “အမက ညာတာကိုးဗျ” တဲ့။ ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်သွားခဲ့တာ (၇၂) နှစ်ရှိပြီဖြစ်ပေမဲ့ သူ့ရဲ့အမှန်တရား မြတ်နိုးစိတ်ကတော့ သမိုင်းတွင်ကျန်နေဆဲပါပဲ။

အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တဲ့ကာလမှာ အမှန်တရားကိုမြတ်နိုးမှုတွေ တိုက်စားခံခဲ့ရပေမဲ့ ပွင့်လင်းမြင်သာမှုရှိလာတဲ့ ဒီနေ့လိုအချိန်မျိုးမှာတော့ အမှန်တရားကိုမြတ်နိုးမှုတွေ ခေါင်းထောင်လာသင့်ပါပြီ။ အမှန်တရားမြတ်နိုးတဲ့ အနာဂတ်မျိုးဆက်တွေပေါ်ပေါက်လာအောင် ပျိုးထောင်ပေးဖို့ လိုအပ်နေပါပြီ။ အမှန်တရားနဲ့ပတ်သက်လာရင် ပြောရဲဆိုရဲတဲ့သတ္တိတွေ မွေးမြူပေးကြရမှာပါ။

အမှန်တရားကိုမြတ်နိုးမှုနဲ့ တရားဥပဒေစိုးမိုးမှုက အပြန်အလှန်ဆက်စပ်နေတယ်လို့ ဆိုနိုင်ပါတယ်။ တရားဥပဒေစိုးမိုးမှုမရှိရင် အင်အားကြီးသူသာ နိုင်စားစတမ်း ဆိုတဲ့ Jungle Law အယူအဆထွန်းကားပြီး ဟုတ်တိုင်းလည်းမပြောရဲ ဆိုတဲ့အကြောက်တရားက လွှမ်းမိုးနေပါလိမ့်မယ်။ ဒါကြောင့်လည်း တခြားတစ်ဘက်မှာ တရားဥပဒေစိုးမိုးမှုအားကောင်းလာအောင် လုပ်ရမှာပါ။ ဒါမှလည်း Jungle Law အယူအဆကိုဖယ်ရှားပြီး အမှန်အတိုင်း ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲတဲ့သတ္တိတွေ ပြောင်လက်လာမှာဖြစ်ပါတယ်။ အနာဂတ်ကာလမှာ အမှန်တရားကိုမြတ်နိုးတဲ့မျိုးဆက်သစ်တွေ ပေါ်ပေါက်လာစေဖို့ဆန္ဒပြုရင်း အဆုံးသတ်လိုက်ပါရစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top