လက်နက်အားကိုး အကြမ်းဖက်မှုမှန်သမျှ ဆန့်ကျင်ကြ

23-11-2020-yyl-016.jpg

သေနတ်နဲ့ပစ်ခတ်ခံရလို့ ကွယ်လွန်သွားခဲ့တဲ့ NLD အမတ် ဦးထိုက်ဇော်ရဲ့ ရုပ်အလောင်းကို နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက သဂြိုဟ်ခဲ့ပါတယ်။ ဦးထိုက်ဇော်ဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်အမှတ်(၁)၊ မဲဆန္ဒနယ်မြေအတွက် ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ရသူပါ။
နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီခွဲလောက်က ကျောက်မဲမြို့၊ ပင်တိန်ကျေးရွာမှာရှိတဲ့ သူ့အိမ်ဈေးဆိုင်ရှေ့ကို ဆိုင်ကယ်နဲ့ လူ ၂ ယောက် ရောက်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ကွယ်လွန်သွားခဲ့တာပါ။ ဒီဖြစ်ရပ်က နိုင်ငံရေးရည်ရွယ်ချက်ကြောင့်လုပ်တယ်လို့ သံသယရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောထားပါတယ်။

ဦးထိုက်ဇော်ဟာ အမျိုးသားလွှတ်တော် အမှတ် ၁ နေရာအတွက် SNLD ပါတီကိုယ်စားလှယ်ကို မဲ ၅၀ ကျော်အသာနဲ့ အနိုင်ရခဲ့တာပါ။ အဲဒီအနိုင်ရမှုမှာ အငြင်းပွားမှုတွေရှိခဲ့ပြီး မဲ ပြန်လည်ရေတွက်ခဲ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။ ဦးထိုက်ဇော် ပစ်ခတ်ခံရတဲ့ဖြစ်ရပ်အတွက် သေနတ်သမားတွေက မဖော်ထုတ်နိုင်သေးပါဘူး။ ဒီဒေသမှာ အရင်တုန်းကလည်း အလားတူပစ်ခတ်မှုတွေရှိခဲ့ပြီး နိုဝင်ဘာလ(၁၅)ရက်နေ့ကလည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ နေအိမ်သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးထိုက်ဇော် ကွယ်လွန်သွားတဲ့ဖြစ်ရပ်ဟာ ကျန်ရစ်သူမိသားစုအတွက်ရော၊ နိုင်ငံတော်အတွက်ပါ ဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်ပါ။ နိုင်ငံရေးကိစ္စအတွက် လက်နက်အားကိုးနဲ့ အကြမ်းဖက်ခဲ့တယ်ဆိုတာ သေချာရင်တော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တကယ့်စိုးရိမ်စရာ၊ ဝမ်းနည်းစရာ ဖြစ်ပါတယ်။ အမြန်ဆုံး ဖော်ထုတ်အရေးယူဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးကိစ္စအတွက် လက်နက်အားကိုးတဲ့ အကြမ်းဖက်လုပ်ရပ်မျိုးကို လူ့အသိုက်အဝန်းတစ်ခုလုံးက ရှုံ့ချသင့်ပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်းဖော်ထုတ်နိုင်ဆဲဖြစ်ပြီး အတိအကျ မသိရသေးချိန်မှာ ကောလာဟလတွေကို အယုံမလွယ်ကြဖို့၊ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ မဖြစ်အောင် ရှောင်ရှားကြဖို့ တိုက်တွန်းပါရစေ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top