ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ပုံမှန်ဝင်ငွေမရှိတဲ့ သာမန်လက်လုပ်လက်စားတွေအတွက် နိုင်ငံတော်က ထောက်ပံ့ခဲ့တာ (၄) ကြိမ် ရှိပါပြီ။ စုစုပေါင်း ငွေကျပ် ၃၆၀ ဘီလျံကျော် သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ အလုပ်တွေ ရပ်ဆိုင်းထားရလို့ ဝင်ငွေမရှိသူတွေ၊ အရင်ကလောက် ဝင်ငွေမရတော့သူတွေအတွက် စားရေး၊ သောက်ရေး အထောက်အပံ့ဖြစ်စေတဲ့ကိစ္စမို့ ဝမ်းသာရပါတယ်။ ပထမဆုံးအကြိမ်အဖြစ် ဆန်နဲ့ စားသောက်ကုန်ပစ္စည်း ၅ မျိုး ပေးအပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ငွေသား ထောက်ပံ့ပေးခဲ့တာပါ။
Stay at Home မြို့နယ်တွေမှာ နေထိုင်တဲ့ သာမန်လက်လုပ်လက်စားတွေကို ငွေကျပ် ၄ သောင်းထောက်ပံ့ပေးပြီး၊ Stay at Home ပြင်ပမြို့နယ်တွေမှာတော့ ငွေကျပ် ၂ သောင်း ထောက်ပံ့ခဲ့ပါတယ်။ သာမန်လက်လုပ်လက်စားအဖြစ် အကျုံးဝင်ခြင်း ရှိ၊ မရှိဆိုတာကိုတော့ အစိုးရဝန်ထမ်းမဟုတ်၊ ကုမ္ပဏီဝန်ထမ်းမဟုတ်၊ ပင်စင်စားမဟုတ်၊ ပုံမှန်ဝင်ငွေမရှိသူ ဖြစ်ရမယ်ဆိုတဲ့ အချက်တွေ အပါအဝင် အချက် (၁၆)ချက်နဲ့ တိုင်းတာပါတယ်။
ဒါပေမဲ့ နိုင်ငံတော်က ထောက်ပံ့ပေးခဲ့တဲ့ ၄ ကြိမ်လုံးလုံးမှာ အမှန်တကယ်လိုအပ်နေတဲ့ သာမန်လက်လုပ်လက်စားတချို့ ထောက်ပံ့မှုမရဘဲ ငွေကြေးအဆင်ပြေသူတွေ ထောက်ပံ့ကြေးရခဲ့တယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် မကျေနပ်မှုတွေ ရှိခဲ့သလို လူစုလူဝေးဖြစ်ပေါ်ခဲ့တဲ့ အခြေအနေမျိုးတောင် ရှိခဲ့ပါတယ်။ တချို့ဒေသတွေမှာတော့ လိုအပ်နေသူတွေ မကျန်ခဲ့ရလေအောင် ခွဲဝေပေးတဲ့ပုံစံမျိုး ဆောင်ရွက်ခဲ့ကြပါတယ်။
ဒါဟာ စတင်စာရင်းကောက်ယူခဲ့ချိန်က လိုအပ်ချက်တွေကြောင့် (၄)ကြိမ်လုံးလုံး အဆင်မပြေမှုတွေ ရင်ဆိုင်ခဲ့ရတာပါ။ ရပ်ကွက်၊ ကျေးရွာတွေမှာ ဧည့်စာရင်း၊ သန်းခေါင်စာရင်းလို စာရင်းမရှိတဲ့ အိမ်ထောင်စုတွေ ရှိနေတာ၊ အချိန်တိုအတွင်း စာရင်းကောက်ယူရတာ စတဲ့အချက်တွေကြောင့် ထောက်ပံ့မှု တစ်ကြိမ်စီတိုင်းမှာ အိမ်ထောင်စုတွေ ထပ်ထပ်တိုးလာခဲ့တယ်လို့ သိရပါတယ်။
လက်ရှိကြုံတွေ့ရတဲ့ ဖြစ်ရပ်အရ အောက်ခြေအဆင့် စာရင်းဇယားပြုစုမှုကို စနစ်တကျ အချိန်ယူဆောင်ရွက်ဖို့ လိုနေသေးတယ်ဆိုတဲ့ အချက်ကို တွေ့ရပါတယ်။ အောက်ခြေအဆင့် စာရင်းဇယားပြုစုမှုကို စနစ်တကျ၊ အချိန်ယူဆောင်ရွက်ထားမှသာ နိုင်ငံတော်အဆင့် ကိစ္စရပ်တွေမှာ လိုအပ်ချက်ဖြစ်ပေါ်တာမျိုး ကင်းဝေးစေနိုင်မှာပါ။ လက်ရှိအချိန်မှာတော့ ထောက်ပံ့မှုမရတဲ့ မိသားစုတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေက အဆင်ပြေတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းနေရပါတယ်။
Nz ( ရိုးရာလေး )