လူပြောများနေတဲ့ မြန်မာဘောလုံးလောကရဲ့အရွေ့

yyl-21-033.jpg

အမျိုးသား လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ရာဂျူလိုဗစ်ကို နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းပြီး နည်းပြဟောင်း အန်တွမ်နီဟေးကို ပြန်လည်ခန့်အပ်ခဲ့တဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)ရဲ့ လှုပ်ရှားမှုက လူပြောများခဲ့ပါတယ်။ ဂျာမန်နည်းပြ အန်တွမ်နီဟေးကို သဘောကျတဲ့ ပရိသတ်တွေက ဒီသတင်းကို ကြိုဆိုကြပေမဲ့ တချို့တွေကလည်း နည်းပြအပြောင်းအလဲများလွန်းနေတာကို ဝေဖန်ခဲ့ကြပါတယ်။

မွန်တီနီဂရိုးနိုင်ငံသား ရာဂျူလိုဗစ်ဟာ ၂၀၁၉ ခုနှစ် ဧပြီလကမှ လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်အဖြစ် စတင်တာဝန်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ စာချုပ်ချုပ်ဆိုထားပေမဲ့ (၆)လအကြာမှာပဲ လမ်းခွဲခဲ့တာပါ။ ရာဂျူလိုဗစ်ကို နည်းပြသစ်အဖြစ် မိတ်ဆက်ခဲ့တုန်းက အာရှဖလားခြေစစ်ပွဲအောင်မြင်စေဖို့ ရည်ရွယ်ခန့်အပ်ခဲ့တာလို့ ဆိုခဲ့ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၃ ခုနှစ် အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွေမှာ မြန်မာအသင်း (၃)ပွဲလုံး ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီက ရလဒ်တွေကို ပြန်လည်သုံးသပ်ပြီး စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မွန်ဂိုလီးယား၊ ဂျပန်၊ ကာဂျစ္စတန်အသင်းတွေနဲ့ ကစားခဲ့တဲ့ ပွဲစဉ်(၃)ပွဲလုံးမှာ တစ်ဂိုးမှ မသွင်းနိုင်ဘဲ ရှုံးနိမ့်ခဲ့တဲ့ မြန်မာအသင်းကို ပရိသတ်တွေ အားမရခဲ့တာတော့ အမှန်ပါပဲ။ ဂျပန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ နည်းပြချုပ် ရာဂျူလိုဗစ်ရဲ့ ပြောကြားချက်က MFF ရဲ့ ကနဦးပြောစကားနဲ့ ကွဲလွဲနေပါတယ်။ မြန်မာအသင်းကို လာမယ့်AFF ဆူဇူကီးဖလားအတွက် ပြင်ဆင်နေတာဖြစ်ပြီး အာရှအဆင့်နဲ့ယှဉ်ပြောလို့ မရသေးဘူးလို့ ရာဂျူလိုဗစ်က ပြောခဲ့ပါတယ်။ ဒါဟာ MFF နဲ့ နည်းပြ ရာဂျူလိုဗစ်ကြား ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုချိန်မှာ ဘယ်အချက်တွေ ထည့်သွင်းခဲ့လဲဆိုတဲ့ အခြေအနေကို စဉ်းစားစရာ ဖြစ်စေခဲ့ပါတယ်။

မြန်မာဘောလုံးအဖွဲ့ချုပ်နဲ့ ရာဂျူလိုဗစ် လမ်းခွဲလိုက်ပြီးနောက်မှာတော့ အသင်းရှုံးလိုက်၊ ပရိသတ်တွေ ဖိအားပေးလိုက်၊ နည်းပြ အပြောင်းအလဲလုပ်လိုက်ဆိုတဲ့ အဆိုးကျော့သံသရာလည်နေတာကို ပရိသတ်တွေက ထောက်ပြခဲ့ကြပါတယ်။ မြန်မာအသင်းဟာ ၂၀၁၆ ခုနှစ်က အိမ်ရှင်အဖြစ် ပူးတွဲကျင်းပခဲ့တဲ့ AFF ဆူဇူကီးဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီးနောက်ပိုင်း အောင်မြင်မှု လုံးဝမရခဲ့ပါဘူး။ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလနောက်ပိုင်း နည်းပြအပြောင်းအလဲ (၈)ကြိမ်လုပ်ခဲ့ပြီး ယာယီနည်းပြတွေကို တာဝန်ပေးအပ်မှု (၅)ကြိမ် ရှိခဲ့ပါတယ်။

ဂျာမန်နည်းပြ အန်တွန်နီဟေးကတော့ ၂၀၁၈ ခုနှစ် မေလကနေ ဒီဇင်ဘာလအထိ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ ၂၀၁၈ ခုနှစ် AFF ဆူဇူကီးဖလား အုပ်စုအဆင့်မှာ ကမ္ဘောဒီးယား၊ လာအိုတို့ကို အနိုင်ကစားပြီး ဗီယက်နမ်နဲ့ ဂိုးမရှိသရေကျခဲ့ပေမဲ့ အုပ်စုနောက်ဆုံးပွဲမှာ အိမ်ရှင်မလေးရှားကို (၃)ဂိုးပြတ် ရှုံးနိမ့်ခဲ့လို့ မြန်မာအသင်း အုပ်စုကနေ လှည့်ပြန်ခဲ့ရသလို အန်တွန်နီဟေးကိုလည်း နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီတုန်းက MFF တာဝန်ရှိသူတွေနဲ့ သူ့ကြားမှာ ဘောလုံးနဲ့ပတ်သက်ပြီး အယူအဆကွဲလွဲမှုတွေ ရှိနေလို့ အဆင်မပြေဖြစ်ခဲ့တာကို အန်တွန်နီဟေးက ထုတ်ပြောခဲ့ဖူးပါတယ်။ ရာဂျူလိုဗစ်ကို နည်းပြရာထူးကနေ မထုတ်ပယ်ခင်မှာပဲ MFF CEO က ရာထူးကနေ ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ MFF က အန်တွန်နီဟေးကို နည်းပြချုပ်အဖြစ် ပြန်လည်ခန့်အပ်ခဲ့ပြီး ဦးကြည်လွင်ကို လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။

MFF ဥက္ကဋ္ဌဦးဇော်ဇော်က ဘောလုံးလောကအတွက် ငွေကြေးအများအပြားသုံးစွဲပြီး ပံ့ပိုးပေးခဲ့တာ အားလုံးအသိပါပဲ။ ကစားသမားတွေအပေါ်မှာလည်း ဂရုစိုက်သူပါ။ အမျိုးသားလက်ရွေးစင်အသင်း ကစားသမားတချို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် မြန်မာအသင်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့အချိန်တိုင်းမှာလည်း သူကိုယ်တိုင်တာဝန်ယူတတ်သူပါ။ ဘောလုံးသမားတွေအပေါ်မှာ ဝေဖန်ခဲတဲ့ ဥက္ကဋ္ဌဦးဇော်ဇော်က လက်ရွေးစင်ဟောင်းတွေရဲ့ ဝါကျွတ်ကန်တော့ပွဲမှာတော့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းအနိမ့်ဆုံးရောက်နေတယ်လို့ ကြုံတောင့်ကြုံခဲ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါကလည်း မြန်မာဘောလုံးလောကကို ပြင်ဆင်မွမ်းမံရာမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ချက်ပါပဲ။

အရင်တုန်းက MFF ဟာ ၂၀၂၆ ခုနှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ဆင်နွှဲခွင့်ရအောင် ပစ်မှတ်ထားနေတယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီအတိုင်း ရည်ရွယ်ထားတယ်ဆိုရင်တော့ အသင်းရှုံးလိုက်၊ နည်းပြထုတ်လိုက် လုပ်နေတဲ့ လက်ပူတိုက်ဖြေရှင်းနည်းကို စွန့်လွှတ်ပြီး မဟာဗျူဟာ၊ နည်းဗျူဟာတွေနဲ့ အကောင်အထည်ဖော်ရမှာပါ။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ MFF နည်းစနစ်ဒါရိုက်တာ အဲရစ်အေဘရမ်က သူ့ရဲ့(၄)နှစ်စီမံကိန်းကို ချပြခဲ့ဖူးပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံသား အဲရစ်အေဘရမ်ဟာ ဘယ်လ်ဂျီယံ ယူ-၁၇၊ ယူ-၁၆ အသင်းတွေရဲ့ မန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး သြစတြေးလျဘောလုံးအသင်း နည်းစနစ်ဒါရိုက်တာ လုပ်ခဲ့ဖူးသူပါ။

သူ့ရဲ့ (၄)နှစ်စီမံကိန်းမှာ လူငယ်ကစားသမား မွေးထုတ်ရေး၊ ပရိုလိုင်စင်ရ နည်းပြသစ်တွေ များပြားလာရေး၊ မြန်မာအသင်း ကစားသမားတွေနဲ့ အံဝင်ခွင်ကျ ဖြစ်စေမယ့် (၄-၃-၃)ကစားကွက် အကောင်အထည်ဖော်ရေးဆိုတဲ့ အစီအစဉ်တွေ ပါဝင်ခဲ့တာ တွေ့ရပါတယ်။ မြန်မာဘောလုံးလောက အောင်မြင်ဖို့အတွက် လူငယ်ကစားသမား မွေးထုတ်ရေးက အဓိကအသက်သွေးကြောပါ။ လက်ရှိအချိန်မှာ မြန်မာ့လက်ရွေးစင်အသင်းကြီး ရလဒ်ဆိုးနေသလို ယူ-၁၉၊ ယူ-၁၆၊ ယူ-၁၅ အသင်းတွေလည်း အခြေအနေမဟန်ပါဘူး။

ဘောလုံးလောကမှာ ကမ္ဘာ့ထိပ်တန်းအသင်းကြီးတွေလည်း ရှုံးကြတာပါပဲ။ ရှုံးပွဲကြုံတာ မဆန်းပါဘူး။ ဘောလုံးလောက တိုးတက်စေမယ့် အခြေခံအုတ်မြစ်တွေကို အဓိကထားပြီး ရေရှည်စီမံကိန်းမချဘဲ ပြဿနာတွေကို အပေါ်ယံဖြေရှင်းနေရင်တော့ နားလည်ရခက်လောက်အောင် ထူးဆန်းနေမှာပါ။ လက်ပူတိုက်ဖြေရှင်းနည်းတွေကို အဆုံးသတ်ပြီး မြန်မာ့ဘောလုံးလောကအတွက် အားရကျေနပ်မယ့် အရွေ့တွေကို မျှော်လင့်မိကြောင်း တင်ပြရင်းနဲ့ပဲ အဆုံးသတ်ပါရစေ။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top