အကုသိုလ် ပါဆယ်ထုပ်သူများ

editorial072020.jpg

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးအနီးမှာ ဧရာဝတီမြစ် တာရိုးကျိုးပေါက်ခဲ့လို့ အနိမ့်ပိုင်းမှာရှိတဲ့ ကျေးရွာ၊ ရပ်ကွက်တွေကို ရေဝင်ရောက်ခဲ့ပြီး ရပ်ကွက် ၈ ခုမှာ နေထိုင်သူတွေကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အိမ်ခြေ ၁၄၄၈ လုံး၊ အိမ်ထောင်စု ၁၄၇၈ စု၊ လူဦးရေ ၄၀၃၄ ဦးကို ရွှေ့ပြောင်းပေးခဲ့ရတာပါ။ ဒီသတင်းကြောင့် စိုးရိမ်ပူပန်မိတဲ့ ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒက တာကျိုးကျိုးပေါက်တဲ့နေရာကို ချက်ချင်းကြွရောက်ခဲ့ပြီး အင်ဂျင်နီယာပညာနဲ့ ဧရာဝတီမြစ်ရေအနေအထား အတွေ့အကြုံတွေကို မိန့်ကြားတော်မူခဲ့ပါတယ်။

ဆရာတော် အရှင်ဆေကိန္ဒဟာ ၁၉၇၅ ခုနှစ်မှာ စစ်ကိုင်းမြို့ အမှတ်(၁) အထက်တန်းကျောင်းကနေ ၁၀ တန်း အောင်မြင်ခဲ့ပြီး ၁၉၇၉ ခုနှစ်မှာ မန္တလေးမြို့ စက်မှုလက်မှုသိပ္ပံရဲ့ မြို့ပြအင်ဂျင်နီယာ ဒီပလိုမာဘွဲ့(A.G.T.I. (civil)) ကို ရရှိအောင်မြင်ခဲ့ပါတယ်။ ဆရာတော် အရှင်ဆေကိန္ဒကို ဧရာဝတီမြစ်ဘေးမှာမွေးပြီး ရဟန်းမဝတ်ခင် (၂၅)နှစ်အထိ ဧရာဝတီမြစ်ဘေးက ဇာတိမြေ သောတာပန်ရပ်မှာ နေထိုင်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းဓမ္မဒူတတောရ ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြုပြီး ရှင်ရဟန်းအဖြစ်ကို ခံယူခဲ့တာပါ။ အဲဒီအတွက် အင်ဂျင်နီယာပညာရပ်ပိုင်းဆိုင်ရာ အတွေ့အကြုံဗဟုသုတရှိပြီး မန္တလေး၊ စစ်ကိုင်း စတဲ့မြို့တွေမှာ သီတင်းသုံးခဲ့ဖူးလို့ ဧရာဝတီမြစ်ရေအခြေအနေအကြောင်း နားလည်ပါတယ်။

ဓမ္မဒူတမောင်မယ်တစ်ဦးဖြစ်တဲ့ ကိုဥက္ကာသိန်း လွှင့်တဲ့ Live ထဲမှာ မိုးရေတွေ စိုရွှဲနေတာကို ဂရုမမူဘဲ ကြည့်သင့်ကြည့်ထိုက်တဲ့နေရာတွေကို လိုက်လံကြည့်ရှုနေတဲ့ ဆရာတော်ကို မြင်တွေ့ရမှာပါ။ ” ငါးဖမ်းပိုက်ကြီးတွေထဲကို ကျောက်တုံးကြီးကြီးတွေထည့်ပြီး အရှေ့ဘက်ကချထားမယ်”ဆိုတဲ့ အင်ဂျင်နီယာတစ်ယောက်ရဲ့ အယူအဆကို ဆရာတော်က သဘောကျလက်ခံတာ၊ ” ကျောက်တုံးသေးသေးလေးတွေဆို မရဘူး၊ ကျောက်ချည်းပဲဆို ရေမတားနိုင်ဘူး။ သဲအိတ်တွေလည်း နောက်ကချ”ဆိုတဲ့ မိန့်ကြားချက်တွေကိုကြည့်ရင် ဆရာတော်ရဲ့ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ သိကျွမ်းမှုကို မှန်းဆကြည့်လို့ရနိုင်မှာပါ။

ဆရာတော်ဟာ မြန်မာနိုင်ငံအတွက် အရေးကြုံလာရင် သက်လုံကောင်းကောင်းနဲ့ ရှေ့တန်းကနေ ဦးဆောင်ဦးရွက်ပြုတဲ့ သာ့သနာအာဇာနည်ဘုန်းကြီးတစ်ပါး ဖြစ်ပါတယ်။ Covid-19 ကာလကလည်း ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်မှာ ပြည်ပကပြန်လာသူတွေကို အသွားအလာကန့်သတ်မှုခံယူဖို့ နေရာချထားပေးခဲ့ပြီး စားသောက်ရေး အဆင်ပြေအောင် လုပ်ပေးခဲ့သလို ” ဘုန်းဘုန်းရှိတယ်ဟေ့”လို့ လိုက်လံအားပေးခဲ့ကြတာ အားလုံးအသိပါပဲ။ Quarantine ရက်စေ့သွားချိန်မှာ အသွားအလာကန့်သတ်မှု ခံယူနေသူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ငွေကျပ်တစ်သိန်းစီနဲ့ စားသောက်ဖွယ်ရာတွေ ဆုချီးမြှင့်ခဲ့ဖူးပါတယ်။

ဆရာတော်ဟာ နိုင်ငံရေးအရောင်တွေ မခွဲခြားဘဲ လုပ်စရာရှိတာကို တတ်နိုင်တဲ့ဘက်က အကောင်းဆုံး ပါဝင်ဆောင်ရွက်ပေးနေတာ အားလုံးအသိပါပဲ။ ” ငါ့ညီ အနီတွေ၊ အစိမ်းတွေ လုပ်မနေနဲ့၊ လုပ်စရာရှိတာ စည်းစည်းလုံးလုံး လုပ်၊ ငါ့ညီကို ကျေးဇူးတင်တယ်ကွာ”လို့ ဖုန်းဆက်အားပေးခဲ့ဖူးကြောင်း ဝိဇိတာရုံကျောင်းတိုက် ဆရာတော် ဒေါက်တာအရှင်ပညာစာရက ရေးသားခဲ့ဖူးပါတယ်။

ဆရာတော်က မြန်မာနိုင်ငံအရေးနဲ့ အကူအညီလိုအပ်နေတဲ့ ဒကာ၊ ဒကာမတွေအရေးအတွက် မေတ္တာစွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်းကြီးမားစွာ ဆောင်ရွက်ပေးနေပေမဲ့ ” ငါနဲ့မတူ၊ ငါ့ရန်သူ”လို့ သဘောထားသူတစ်စုကတော့ ဆရာတော်ကို လူမှုကွန်ရက်ပေါ်ကနေ သိက္ခာချတိုက်ခိုက်နေကြပါတယ်။ သီလ၊ သမာဓိအားကောင်းတဲ့ ဆရာတော်အတွက် ဒီလိုတိုက်ခိုက်မှုတွေကို ဥပေက္ခာပြုနိုင်ပေမဲ့ ဆရာတော်ရဲ့ တပည့်ဒကာ၊ ဒကာမတွေအတွက်တော့ ဒေါသထွက်စရာ၊ စိတ်မကောင်းစရာဖြစ်ရပါတယ်။ ဒါပေမဲ့ လောကကို တရားပြတော်မူတဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတောင် ဒေဝဒက်ဆိုတဲ့ အဖျက်အမှောင့်၊ တိုက်ခိုက်သူနဲ့ ရင်ဆိုင်ခဲ့ရဖူးတာ နှလုံးသွင်းပြီး စိတ်ရဲ့ငြိမ်းချမ်းမှု ဖွေရှာသင့်ပါတယ်။ သိက္ခာချတိုက်ခိုက်သူတွေကတော့ ဒီဘဝမှာ ”အမှန်ကို မမြင်နိုင်ခြင်းဆိုတဲ့ မောဟဖုံးလွှမ်းနေတာတောင် မတိမ်းတင်နိုင်သေးလို့ အကုသိုလ်ကို နောက်ဘဝအထိ ပါဆယ်ထုပ်နဲ့သယ်သူတွေလို့ပဲ ဆိုပါရစေ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top