အန္တရာယ်ကင်းတဲ့ ပျော်ရွှင်ခြင်းသင်္ကြန်​ဆီသို့

ThGyn2.jpg

သင်္ကြန်ကျပြီဆိုတော့ လူတိုင်းက ပျော်ရွှင်ဖို့ စိတ်အားထက်သန်နေကြမှာပါ။ တစ်နှစ်မှာတစ်ခါပဲ ကျင်းပရတဲ့ မြန်မာ့နှစ်ကူးသြင်္ကန်က နှစ်ဟောင်းမှာရှိခဲ့တဲ့ စိတ်အညစ်အကြေးတွေကို သင်္ကြန်ရေအေးနဲ့ ဆေးကြောရမယ့် အချိန်ခါပါ။ ဒါပေမဲ့ အပျော်တွေရဲ့နောက်ကွယ်မှာ အခြားဂရုပြုဖွယ်ကိစ္စတွေကိုလည်း မေ့ထားလို့မရပါဘူး။ အန္တရာယ်ကင်းတဲ့ ပျော်ရွှင်ခြင်းသင်္ကြန် ဖြစ်စေဖို့ လိုက်နာသင့်တာလေးတွေရှိနေပါတယ်။

ပထမဆုံးသတိထားသင့်တာက နွေရဲ့အပူရှိန်ပါ။ သင်္ကြန်ရေက ရောဂါဘယမဖြစ်စေဘူးဆိုပေမဲ့ ခရမ်းလွန်ရောင်ခြည်ကာကွယ်ရေးနှိုးဆော်ချက်ကိုတော့ လျစ်လျူရှုမထားသင့်ပါဘူး။ မနက် ၁၀ နာရီ နဲ့ မွန်းလွဲ ၂ နာရီကြားမှာ နေအပူရှိန်အမြင့်ဆုံးဖြစ်လို့ ဒီလိုအချိန်မျိုးမှာ ရေပက်ကစားခြင်းကို ခဏနားထားသင့်ပါတယ်။ ဒါမှမဟုတ် ဒီအချိန်တွေမှာလည်း မနားတမ်း ရေဆော့ချင်တယ်ဆိုရင်တော့ sunscreen လေးလိမ်းထားကြဖို့လိုပါလိမ့်မယ်။ အရိပ်ရတဲ့နေရာတွေမှာ တတ်နိုင်သမျှနေပါ။ အင်္ကျီလက်ရှည်ဝတ်ပါ။ ဦးထုပ်ဆောင်းပါ။

ဒုတိယအချက်အနေနဲ့ သင်္ကြန်ရေပက်ခံထွက်ရင်း မြင်မြင်သမျှဆိုင်က အစားအသောက်တွေကို ဝယ်မစားမိဖို့ပါ။ အဖုံးအကာမပါဘဲရောင်းနေတဲ့ လမ်းဘေးအစားအစာတွေ မစားပါနဲ့။ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာအဆိပ်သင့်ခြင်းနဲ့ အစာအိမ်ရောဂါ ဖြစ်ပွားတတ်တာကြောင့် သန့်ရှင်းမှုရှိတဲ့ဆိုင်က အစားအသောက်တွေကိုသာ ရွေးချယ်စားသောက်ပါ။ သင်္ကြန်မှာ ခန္ဓာကိုယ်တွင်း အအေးဓာတ်ကိုလည်း ဂရုစိုက်ရပါမယ်။ ရေဓာတ်ခမ်းခြောက်ရင် ကြွက်တက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းနဲ့ နှလုံးရပ်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ နေအပူချိန်မြင့်လာရင် ရေဆော့တာရပ်ပြီး အနားယူသင့်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့အချက်က သင်္ကြန်မဏ္ဍပ်တွေက ရေပန့်တွေနဲ့ ရေပိုက်တွေပါ။ ရိုးရာအစဉ်အလာအရ သင်္ကြန်ဆိုတာ ငွေဖလားထဲမှာ နံ့သာရည်ထည့်ပြီး သပြေခက်နဲ့ တစ်ဦးကိုတစ်ဦး ပက်ဖြန်းခဲ့ကြတာပါ။ ခေတ်ကာလတွေပြောင်းလဲလာတာနဲ့အမျှ ရေလောင်းတဲ့ ပုံစံတွေကလည်း ပြောင်းလဲလာပါတယ်။တချို့မ ဏ္ဍပ်တွေမှာဆို မီးသတ်ပိုက်လုံးကြီးတွေနဲ့ ပက်ကြပါတယ်။ ဒါကပျော်စေချင်လို့ပက်ကြတယ်ဆိုပေမဲ့ အပျော်ကနေ အပျက်ဘက်ကူးသွားနိုင်ပြီး အန္တရာယ်ရှိပါတယ်။

သင်္ကြန်ကျပြီဆိုရင် တချို့လူတွေအတွက် စိတ်အပန်းဖြေတယ်ဆိုတဲ့နောက်မှာ အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားခြင်းပါ ယှဉ်တွဲပါလာတတ်ပါတယ်။ အားလုံးပဲသိထားသင့်တာကတော့ နွေနေရဲ့အပူရှိန်နဲ့ အရက်က ကျန်းမာရေးပြဿနာတွေကို ဖိတ်ခေါ်နေတယ်ဆိုတာပါ။ ဒါကြောင့် ပျော်ခြင်းရဲ့အခြားတစ်ဘက်မှာ ကျန်းမာရေးကိုဂရုစိုက်တဲ့အနေနဲ့လည်း အတိုင်းအဆနဲ့ သောက်သုံးကြဖို့လိုပါတယ်။

မြန်မာ့ရိုးရာနှစ်သစ်သင်္ကြန်ဆိုတာ ကုသိုလ်ကောင်းမှုပြုနိုင်ဖို့၊ နှစ်ဟောင်းက အညစ်အကြေးတွေကို ကုသိုလ်ရေနဲ့ ဆေးကြောနိုင်သမျှ ဆေးကြောဖို့ သတ်မှတ်ကျင်းပတာမို့ ငြမ်းချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ကြပြီး အန္တရာယ်ကင်းတဲ့ ပျော်ရွှင်ခြင်းသင်္ကြန်ဖြစ်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top