သတိတရားနဲ့ ကြောက်စိတ်

6-4-2020-yyl-034.jpg

” သတိကြီးတာနဲ့ ကြောက်တာနဲ့ မတူပါဘူး။ ဘယ်ဘက်ကိုမှ အစွန်းမရောက်ဖို့အတွက်၊ လမ်းမလွဲဖို့အတွက် သတိရှိဖို့ လိုပါတယ်။ စိုးရိမ်ကြောင့်ကြမှု လွန်သွားတာက သတိနည်းတာပါ”. . .။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ပဲခူးတိုင်းဒေသကြီးမှ ပြည်သူတွေနဲ့ ဆွေးနွေးရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တာပါ။

COVID-19 လူနာအမှတ်(၁၅)ရဲ့ မိသားစုဝင် ၄ ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက်ပိုင်း ပေါက်ခေါင်းဆေးရုံကို လာတက်တဲ့သူ မရှိသလောက် ဖြစ်သွားတဲ့အထိ ပြည်သူတွေကြား စိုးရိမ်ထိတ်လန့်ခဲ့ကြတယ်လို့ ပေါက်ခေါင်းဆေးရုံရဲ့ ဆရာဝန် ဒေါက်တာအေးငြိမ်းက ပြောပါတယ်။ တကယ်တော့ COVID-19 လူနာအမှတ်(၁၇၊ ၁၈၊ ၁၉၊ ၂၀) တို့က ပေါက်ခေါင်းဆေးရုံမှာ တက်ရောက်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမဲ့ ပြည်သူတွေက ကြောက်လန့်သွားပြီး ပေါက်ခေါင်းဆေးရုံကိုတောင် လာမတက်ရဲသလို ဖြစ်သွားခဲ့ပါတယ်။

ကားဝပ်ရှော့တွေကလည်း ပေါက်ခေါင်းဆေးရုံက ကားဆိုရင် မပြင်ပေးချင်တော့တာမျိုး ဖြစ်ခဲ့ပါတယ်။ ဆေးရုံက ကားကို ပြင်ပေးလိုက်ရင် ငါတို့ကို ရောဂါကူးမှာလားဆိုတဲ့ စိုးထိတ်မှုတွေ ရှိနေကြပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရမှုတချို့ ဖြစ်လာပြီးချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေ အိမ်ပေါ်က မောင်းချခံရတာ၊ နယ်ကလာတဲ့ ဆရာဝန်တချို့ကို သူတို့နေတဲ့ အဆောင်ကနေ နှင်ချတာမျိုး ဖြစ်ခဲ့ပါသေးတယ်။ တချို့ယာဉ်တွေကလည်း COVID-19 လူနာထားရာ ဆေးရုံတွေမှာ တာဝန်ကျရာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို မတင်ချင်ကြတာမျိုး ရှိပါတယ်။

တကယ်တော့ ကျန်းမာရေးဝန်ထမ်းတွေလည်း လူသားတွေပဲမို့ ကြောက်စိတ်ရှိပါတယ်။ ဒါပေမဲ့ ကြောက်စိတ်တွေကို ဘေးချိတ်ပြီး သူတို့အသက်ကို ပဓာနမထားဘဲ လူနာတွေနားမှာ ကုသစောင့်ရှောက်ပေးနေကြတာပါ။ ရောဂါပိုးမွှားတွေနဲ့ တိုက်တဲ့တိုက်ပွဲမှာ ကျန်းမာရေးဝန်ထမ်းတွေက ရှေ့တန်းကနေ ကာကွယ်ပေးနေသူတွေဖြစ်လို့ သူတို့ကို Front Liner လို့ ခေါ်ကြတာပါ။ ကျွန်တော်တို့တွေအတွက် ကာကွယ်ပေးနေသူတွေကို ကျွန်တော်တို့ ကျေးမစွပ်သင့်ပါဘူး။

သူကိုယ်ကိုယ် ရောဂါကူးစက်ခံရမှာကို ကြောက်ကြပေမဲ့ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ ကြောက်ရွံ့မှုမျိုး မဖြစ်ကြဖို့ လိုပါတယ်။ သတိတရားကို လက်ကိုင်ထားပြီး မိမိတို့ရဲ့ ဉာဏ်နဲ့ယှဉ်ပြီး စဉ်းစားချင့်ချိန်ကြဖို့ လိုပါတယ်။ သတိမပါ၊ ဉာဏ်မပါဘဲ အလဟဿကြောက်ရွံ့စိုးထိတ်နေခြင်းက ဘယ်သူ့၊ ဘယ်သူအတွက်မှ အကျိုးမရှိဘူး၊ အကျိုးယုတ်စေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေက ရှေ့တန်းမှာ မားမားမတ်မတ်၊ ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်တွန်းလှန်ပေးနေချိန်မှာ ကျွန်တော်တို့ ပြည်သူတွေက သက်ဆိုင်ရာဌာနတွေရဲ့ ညွှန်ကြားချက်ကို တသွေမတိမ်းလိုက်နာတာက အကောင်းဆုံး ကူညီပေးခြင်းပါပဲ။ အကျိုးမရှိစေတဲ့ ကြောက်ရွံ့မှုတွေကို ပယ်သတ်ပြီး သတိတရားကို လက်ကိုင်ထားစေဖို့ ရေးသားတိုက်တွန်းလိုက်ရပါတယ်။

ZT (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top