မြေစာပင်ဘဝက လွတ်မြောက်ပါရစေ

yyl-047-3.jpg

မနက်ဖြန်ညဆိုရင် ဆယ်စုနှစ်တစ်ခု အဆုံးသတ်တော့မှာပါ။ ဆယ်စုနှစ်တစ်ခု အဆုံးသတ်သွားပေမဲ့ ဒီဆယ်စုနှစ်ထဲက တိုက်ပွဲတွေကတော့ နှစ်သစ်အထိ ကူးစက်နေမယ့်ပုံပါ။ တပ်မတော်နဲ့ AA ကြား တင်းမာမှုတွေက တရိပ်ရိပ် မြင့်တက်နေတုန်းပါပဲ။ ဒီနှစ်ထဲမှာ တပ်မတော်နဲ့ AA ကြား တိုက်ပွဲ အကြီး၊ အသေး စုစုပေါင်း ၁၀၀၀ ကျော် ဖြစ်ခဲ့တယ်လို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောခဲ့ပါတယ်။ အဲဒီပြောကြားချက်ကို တပ်မတော်ဘက်ကတော့ အတည်ပြုခြင်း မရှိပါဘူး။ တိုက်ပွဲတွေ မြင့်တက်နေသလို အပြစ်မဲ့သူတွေ ဖမ်းဆီးခံရမှု၊ သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

သူတို့ ဖမ်းဆီးထားတဲ့ ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံးသွားပြီလို့ AA က ကြေညာခဲ့ပြီး ဒီဖြစ်ရပ်အတွက် တပ်မတော်နဲ့ AA ကြား အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေပါတယ်။ ခရစ္စမတ်နေ့မှာ ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၁၅) ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေက သူတို့တပ်စွဲထားတဲ့ တောင်ကုန်းပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ ဦးရဲသိန်း သေဆုံးခဲ့တာလို့ AA က ဆိုပါတယ်။ ဦးရဲသိန်းဟာ ဒီဇင်ဘာလ ၁၁ ရက်နေ့ကတည်းက AA အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က နိုင်ငံတကာတရားရုံး(ICJ)မှာ အမှုသွားရောက်ရင်ဆိုင်တာကို ဘူးသီးတောင်မြို့မှာ ထောက်ခံပွဲလုပ်ဖို့ နယ်ဆင်းချိန်မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ICJ ၊ ICC တို့က တပ်မတော်ကို အရေးယူနိုင်ဖို့ ကြိုးပမ်းနေတာတွေကို ထောက်ခံတယ်လို့ AA အပါအဝင် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်ခဲ့ဖူးပါတယ်။

AA ဟာ ဦးရဲသိန်းကို ဖမ်းဆီးချိန်ကတည်းက ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောခဲ့ကြောင်း တပ်မတော်က တုံ့ပြန်ခဲ့ပါတယ်။ AA ဟာ NLD ပါတီရဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုလည်း ဖမ်းဆီးထားပါတယ်။ တပ်မတော်က သူတို့ကို ထိုးစစ်ဆင်နေဦးမယ်ဆိုရင် ဖမ်းဆီးထားသူတွေရဲ့ လုံခြုံရေးကို အာမခံချက်မပေးနိုင်ဘူးလို့ AA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဘူးသီးတောင်မြို့ကနေ တောင်ပဇာနယ်ခြားစောင့်စခန်းကိုသွားခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး(လဝက)အရာရှိ ၃ ယောက်ကိုလည်း AA က ဖမ်းဆီးထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျောက်တော်မြို့နယ်မှာ ပျောက်ဆုံးသွားတဲ့ ပြည်သူ့ဝန်ထမ်း ၂ ယောက်ကိုလည်း AA က ဖမ်းဆီးထားတာလို့ တပ်မတော်က ကြေညာထားပါတယ်။ နိုဝင်ဘာလ ၁၂ ရက်က AA က သုံ့ပန်းချင်း လဲလှယ်လိုကြောင်း ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်ထဲမှာ ရဲတပ်ဖွဲ့ဝင် ၉ ယောက်၊ တပ်မတော်သား ၆ ယောက်၊ အကျဉ်းဦးစီးဝန်ထမ်းတစ်ယောက်၊ တပ်အင်ဂျင်နီယာတစ်ယောက်နဲ့ NLD လွှတ်တော်အမတ် ဦးဝှေ့တင်းတို့ကို ဖမ်းဆီးထားကြောင်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ဦးရဲသိန်း သေဆုံးပြီဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက်မှာ စိုးရိမ်ပူပန်နေကြတဲ့ NLD လွှတ်တော်အမတ် ဦးဝှေ့တင်းရဲ့မိသားစုတွေက ‘ ဝ’ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ကို စာပို့ပြီး အကူအညီတောင်းထားပါတယ်။ ဦးဝှေ့တင်းက စစ်တပ်ကို သတင်းပေးနေပြီး တိုင်းရင်းသားမျိုးနွယ်စုတွေကြားမှာ အမုန်းတရားပွားများအောင် လုပ်နေတယ်လို့ သံသယရှိတဲ့အတွက် သူ့ကို စုံစမ်းစစ်ဆေးနေတယ်လို့ ခိုင်သုခက ပြောပါတယ်။ ဦးရဲသိန်း သေဆုံးမှုအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရတယ်လို့ NLD ပါတီက ထုတ်ပြန်ခဲ့ပြီး အပြစ်မဲ့ပြည်သူတွေအပေါ် လက်နက်အားကိုးနဲ့ အကြမ်းဖက်နေတာကို ရှုတ်ချတယ်လို့ ကြေညာခဲ့ပါတယ်။ ဦးရဲသိန်း သေဆုံးမှုဟာ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းလို့မရဘူးဆိုတာ သက်သေပြနေပြီး တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့လုံခြုံရေးနဲ့ အမျိုးသားလုံခြုံရေးကို မလိုလားတဲ့ အဖွဲ့အစည်းတွေရှိနေတာ ထင်ရှားစေတယ်လို့ NLD ပါတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ ရခိုင်ရဲဘော် ၂၆ ယောက်က သစ္စာဆိုပြီး တည်ထောင်ခဲ့တဲ့ AA အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေးကို လိုလားနေပါတယ်။ တပ်မတော်နဲ့ AA ဟာ ၂၀၁၅ ခုနှစ်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလကစပြီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ထဲမှာ အစိုးရနဲ့ AA အပါအဝင် တိုင်းရင်းသားအဖွဲ့တွေကြား ဆွေးနွေးပွဲ (၆)ကြိမ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ တပ်နေရာချထားရေးအပိုင်းမှာတော့ သဘောတူညီမှု မရသေးပါဘူး။ တပ်မတော်က AA ကို လိုင်ဇာမှာ တပ်နေရာချရမယ်လို့ ဆိုထားပြီး AA ကနေ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်နေရာချဖို့ လိုလားနေပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ အဖက်ဖက်က တိုက်တွန်းနေပေမဲ့ အကန့်အသတ်နဲ့ လှုပ်ရှားနေရပြီး ထင်သာမြင်သာ အပြောင်းအလဲမရှိတဲ့ အခြေအနေမှာ နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ဘောင်ကျယ်နေလို့ အပြစ်မဲ့ပြည်သူတွေ မြေစာပင် ဖြစ်နေရဆဲပါပဲ။ အပြစ်မဲ့ပြည်သူတွေ မြေစာပင်ဘဝကနေ အမြန်ဆုံးလွတ်မြောက်စေဖို့ နှစ်သစ်ဆုမွန်ကောင်းတောင်းပါရစေ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top