ရွေးကောက်ပွဲနဲ့ သတင်းတုအန္တရာယ်

29-6-2020-yyl-027.jpg

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ” နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေး အနားယူသွားပြီ ” ၊ ” ဦးဇော်ဌေးရဲ့လုပ်ရပ်တွေက NLD အစိုးရနဲ့ NLD ပါတီရဲ့နောက်ကျောကို ဓားနဲ့ထိုးသလိုဖြစ်နေတဲ့အတွက် သူ့ကို မယုံဘူးလို့ မုံရွာအောင်ရှင် ပြော” စတဲ့ သတင်းမှားတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီသတင်းမှား ၂ ခုလုံးကို Forword Media Group အွန်လိုင်းစာမျက်နှာက စတင်ရေးသားခဲ့တာပါ။ မကြာသေးခင်ကလည်း အစိုးရခေါင်းဆောင်တွေယူတဲ့ မြေနေရာ အကျယ်အဝန်းနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ချဲ့ကားရေးသားမှုတွေရှိခဲ့ပါတယ်။ ဒါဟာ ၂၀၂၀ ရွေးကောက်ပွဲနီးလာချိန်မှာ သတင်းမှားဖြန့်တဲ့လှုပ်ရှားမှုဖြစ်ပြီး နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်နေတာလို့ မြင်မိကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဥပဒေနဲ့အညီ လွတ်လပ်မှု၊ မျှတမှု၊ အများယုံကြည် လက်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ မဲဆန္ဒရှင်တွေရဲ့ဆန္ဒနဲ့ ရလဒ် တစ်ထပ်တည်းဖြစ်စေမှု စတဲ့ စံ(၅)ချက်ကို ချမှတ်ထားပေမဲ့ သတင်းတုတွေ၊ သတင်းမှားတွေကြောင့် အဲဒီစံနှုန်းတွေ ထိခိုက်နိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဒီနှစ်အစောပိုင်းမှာ ပြောခဲ့ဖူးပါတယ်။

NLD အစိုးရ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလမှာ ဆိုရှယ်မီဒီယာ အသုံးပြုသူ ၇ သန်းလောက်ပဲ ရှိခဲ့ပေမဲ့ ဒီနှစ်ထဲမှာတော့ ဆိုရှယ်မီဒီယာ ( ဖေ့ဘွတ်ခ်)အသုံးပြုသူ ၂၂ သန်းအထိ ရှိနေပါတယ်။ ဆိုရှယ်မီဒီယာ အသုံးပြုသူများလာတာနဲ့အမျှ သတင်းတု၊ သတင်းမှားပျံ့နှံ့မှုရဲ့ သက်ရောက်မှုက ပိုကြီးလာဖို့ ရှိနေပါတယ်။

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာတောင် လူမှုကွန်ရက်ပေါ်က သတင်းမှား ဖြန့်မှုတွေရဲ့ သက်ရောက်မှုရှိခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဟီလာရီကလင်တန် ကျန်းမာရေးမကောင်းဘူး၊ ပုပ်ရဟန်းမင်းကြီးက ဒေါ်နယ်ထရမ့်ကို ထောက်ခံပေးခဲ့တယ်၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ ဟီလာရီကလင်တန်က IS အဖွဲ့အပါအဝင် အစ္စလာမ်ဂျီဟတ်တွေကို လက်နက်ရောင်းချပေးဖို့ အတည်ပြုပေးခဲ့တယ်ဆိုတဲ့ သတင်းတုတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အများစုကတော့ ဒီသတင်းတွေကို သတင်းတုမှန်း သိခဲ့ကြပါတယ်။

သတင်းတုတွေ ဖြန့်ရာမှာ အန္တရာယ်အရှိဆုံးပုံစံကတော့ အချက်အလက်မှန် ၈၀ ရာခိုင်နှုန်းလောက်ကို မှားယွင်းတဲ့ အချက်အလက် ၂၀ ရာခိုင်နှုန်းလောက်နဲ့ ရောစပ်ပုံဖျက်တာမျိုးပါ။ ဒါက ပြည်သူတွေကို ဝိရောဓိ ပိုဖြစ်စေနိုင်ပါတယ်။ နောက်တစ်ခုကတော့ ထိလွယ်ရှလွယ်တဲ့ (ဥပမာ – ဘာသာရေး၊ လူမျိုးရေး) အကြောင်းအရာမျိုး လှုံ့ဆော်ရေးသားတာမျိုးပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတုတွေနဲ့ပတ်သက်ပြီး သက်သေအခိုင်အမာရရင် တရားစွဲမယ်လို့ ဦးဇော်ဌေးက ပြောခဲ့ပါတယ်။ NLD အစိုးရဟာ လူမှုကွန်ရက်စောင့်ကြည့်ရေးအဖွဲ့(Social Media Monitoring Team)အတွက် လိုအပ်တဲ့ နည်းပညာတွေ၊ စက်ပစ္စည်းတွေ ဝယ်ယူဖို့အတွက် သမ္မတရုံးရဲ့ အထူးရန်ပုံငွေထဲကနေ ငွေကျပ် ၆၄၂၆ သန်း အသုံးပြုခဲ့တယ်လို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မိတ္ထီလာမြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းရဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေဆိုခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံရဲ့ ဖေ့ဘွတ်ခ်အသုံးပြုမှုကို စောင့်ကြည့်ဖို့အတွက် ဖေ့ဘွတ်ခ်ကုမ္ပဏီကလည်း အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားတယ်လို့ ဖေ့ဘွတ်ခ်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ မြန်မာနိုင်ငံသားတွေကို သတင်းတုနဲ့ အမုန်းစကား ဖြန့်ဖို့ ကြိုးစားသူတွေ ရန်ကနေ ကာကွယ်ပေးမယ်လို့ သူက ပြောပါတယ်။

ဖေ့ဘွတ်ခ်မှာ သတင်းတုတွေ၊ သတင်းမှားတွေ ပျံ့နှံ့အောင်လုပ်ဖို့( လူများများ မြင်ရစေဖို့) နိုင်ငံခြားငွေအသုံးပြုရတဲ့ကတ်တွေ (ဥပမာ Visa၊ Master၊ PayPal)နဲ့ ပေးချေရတာပါ။ အဲဒီကတ်တွေရဖို့အတွက် ID ကတ် ပေးရပါတယ်။ ဒီအတွက် သတင်းတုပို့စ်တွေကို ဘယ်ကတ်တွေ အသုံးပြုပြီး Boost လုပ်နေသလဲဆိုတာ သိရှိနိုင်ပါတယ်။ Social Media Monitoring Team ကလည်း ဒါကို ကိုင်တွယ်နိုင်စွမ်းရှိတဲ့ အနေအထားလို့ ယူဆနိုင်ပါတယ်။ သတင်းတု၊ သတင်းမှားဖြန့်သူတိုင်းကို ပွင့်လင်းမြင်သာမှုရှိရှိ အရေးယူမယ်ဆိုရင် ရွေးကောက်ပွဲမတိုင်ခင် လူမှုကွန်ရက်ပေါ်ကနေ ခြိမ်းခြောက်နေတဲ့ သတင်းတု၊ သတင်းမှားအန္တရာယ်ကို ဖြေရှင်းနိုင်မှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top