Mask မဝတ်လာတဲ့ဖောက်သည်ကို Mask ဝတ်ဖို့တောင်းဆိုခဲ့လို့ ဘောက်ဆူး ဒေါ်လာ ၈ သောင်းရရှိခဲ့တဲ့ Starbucks ဝန်ထမ်း

29-6-2020-yyl-024.jpg

Starbucks ကော်ဖီဆိုင်ရဲ့ ဝန်ထမ်းကော်ဖီဖျော်ဆရာတစ်ဦးဟာ Mask မပါဘဲ ကော်ဖီလာဝယ်တဲ့ ဖောက်သည်တစ်ဦးကို Mask ဝတ်ပေးဖို့ တောင်းဆိုပြီးတဲ့နောက်မှာ အဲဒီဖောက်သည်က သူ့ကို ဝေဖန်အပြစ်တင်တဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပါတော့တယ်။ အဲဒီပို့စ်က လူအများကြားမှာ ပျံ့နှံ့သွားပြီးတဲ့နောက်မှာ ကော်ဖီဖျော်ဆရာဟာ အရှက်ရမဲ့အစား ဘောက်ဆူး ဒေါ်လာ ၈ သောင်းနီးပါးကိုတောင် ရရှိသွားခဲ့ပါတယ်။ အဲဒီကော်ဖီဖျော်ဆရာနဲ့ ဖောက်သည်တို့ ဖြစ်ပျက်ခဲ့ပုံက ဒီလိုပါ။

အသက် (၂၄) နှစ်အရွယ် ကော်ဖီဖျော်ဆရာ လီနင် ဂူတီရာရက်ဇ်ဟာ ဆန်ဒီရေဂိုမြို့က Starbucks ဆိုင်ခွဲမှာ အလုပ်လုပ်နေတဲ့အချိန်မှာ Mask မဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က ဆိုင်ထဲကို ဝင်လာပြီး အော်ဒါမှာဖို့ ကြိုးစားခဲ့ပါတယ်။ လီနင်က အန်ဘာ လင် ဂေးလ်လက်စ်ဆိုတဲ့ အဲဒီအမျိုးသမီးကို Mask ဝတ်ပေးဖို့ တောင်းဆိုခဲ့တဲ့အခါ အဲဒီအမျိုးသမီးက သူ့ကို ကျိန်ဆဲပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ အန်ဘာက လီနင်ရဲ့ဓာတ်ပုံကို ရိုက်သွားခဲ့ပြီး ဖေ့စ်ဘွတ်မှာ “ကျွန်မ Mask မဝတ်သွားတဲ့အတွက် ကော်ဖီရောင်းဖို့ငြင်းဆိုခဲ့တဲ့ Starbucks ဆိုင်က လီနင်ကို တွေ့ဆုံမိခဲ့တယ်။ နောက်တစ်ခါ ကျွန်မ ရဲတွေရောက်လာတဲ့အထိစောင့်ပြီး ဆေးထောက်ခံစာ (ကျန်းမာရေးမကောင်းတဲ့သူများ Mask မတပ်ဘဲ နေခွင့်)ကို ယူလာမယ်”ဆိုတဲ့စာသားနဲ့ လီနင်ရဲ့ပုံတစ်ပုံကို တင်ခဲ့ပါတယ်။

အန်ဘာရဲ့ပို့စ်က ကော်ဖီဖျော်ဆရာကို အရှက်ရအောင်လုပ်ဖို့ တင်ခဲ့တာဖြစ်ပေမယ့် လူတော်တော်များများက လီနင်ဘက်ကနေ ရပ်တည်ပေးခဲ့ပါတယ်။ “သူဟာ ကျွန်တော့်ကို ဖေ့စ်ဘွတ်ခ်မှာ တကယ်ကိုပဲ အပြစ်တင်ဝေဖန်ခဲ့တာပဲ။ ကျွန်တော် ကွန်မန့်တွေကို ဖတ်ကြည့်တော့ လူတွေဖန်တီးခဲ့တဲ့ Memeတွေကို မြင်ပြီး ရယ်ခဲ့ရပါတယ်”လို့ လီနင်က ပြောပါတယ်။ လူတော်တော်များများက အန်ဘာရဲ့ပို့စ်မှာ လီနင်ကို အားပေးထောက်ခံတဲ့ ကွန်မန့်တွေပေးခဲ့ကြတဲ့အပြင် တချို့က ကော်ဖီဆိုင်ကို သွားပြီးတော့ လီနင်ကို ဘောက်ဆူးသွားပေးချင်တယ်လို့ ဆိုပါတယ်။

မတ်တ် ကိုဝမ်ဆိုတဲ့ ကောင်လေးကလည်း လီနင်ကို လူချင်းမသိပေမယ့် လီနင်က မှန်ကန်တဲ့လုပ်ရပ်ကို လုပ်ခဲ့ပြီး အနိုင်ကျင့်ခံနေရတာ စိတ်မကောင်းဘူးလို့ ပြောပါတယ်။ ဒါကြောင့် ‘Tips for Lenin Standing Up To A San Diego Karen” ဆိုတဲ့ GoFundMe ပေ့ချ်ကို ဖွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီပေ့ချ်က လီနင်ကို ဘောက်ဆူးပေးချင်တဲ့ သူတိုင်းအတွက် ပေးလို့ရအောင် ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ “လူတွေက သင့်ကို အများကြီးလုပ်ဖို့ တောင်းဆိုနေတာမဟုတ်ပါဘူး။ သင်နဲ့အခြားသူတွေ ဘေးကင်းဖို့အတွက် Mask ဝတ်ပေးဖို့ တောင်းဆိုနေတာပါ။ Mask ဝတ်ရတာ သက်တောင့်သက်သာ မရှိတဲ့သူဆိုရင်လည်း ကော်ဖီဝယ်လို့ရမယ့် အခြားနည်းလမ်းတွေကိုလည်း Starbucks က စီစဉ်ပေးထားပါတယ်”လို့ မတ်တ်က ဆိုထားပါတယ်။

မတ်တ် ဖွင့်ပေးထားတဲ့ ပေ့ချ်ရဲ့ ကနဦးရည်မှန်းချက်က ဒေါ်လာ ၁၀၀၀ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ပတ်မပြည့်ခင်မှာတော့ လူထောင်ပေါင်းများစွာက ဒေါ်လာ ၈ သောင်းနီးပါးလှူဒါန်းခဲ့ကြပါတယ်။ “မတ်တ်နဲ့ ကျွန်တော်က လူချင်းမသိကြပေမယ့် ကျွန်တော်အတွက် GoFundMe ဖန်တီးပေးခဲ့တာမြင်ရတော့ ဝမ်းသာမိခဲ့ပါတယ်။ ကျွန်တော်ကို ချစ်ပေးကြပြီး လှူဒါန်းပံ့ပိုးပေးကြတဲ့လူတိုင်းကို ဘယ်လို ကျေးဇူးတင်ရမလဲ မသိလောက်အောင် ဂုဏ်ယူဝမ်းသာမိပါတယ်”လို့ လီနင်က ပြောပါတယ်။ GoFundMe က ရတဲ့ပိုက်ဆံတချို့ကို အကသမားတစ်ယောက်ဖြစ်ချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အသုံးပြုသွားမှာဖြစ်တဲ့အပြင် တချို့ကိုတော့ အဖွဲ့အစည်းတွေမှာ လှူဒါန်းချင်တယ်လို့လည်း လီနင်က ပြောပါတယ်။

Ref: CNN “A Starbucks barista received nearly $80,000 in tips after being singled out for refusing to serve a customer not wearing a mask”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top