ရွေးကောက်ပွဲ၊ မဲရုံတာဝန်နှင့် ဆရာ၊ ဆရာမများ

27-11-2020-yyl-021.jpg

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ပြီးဆုံးသွားပေမဲ့ ရွေးကောက်ပွဲဂယက်တွေကတော့ အခုအချိန်အထိ ရိုက်ခတ်နေဆဲပါပဲ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စွပ်စွဲမှုတွေ ရှိနေချိန်မှာ မဲရုံတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေကို နိုင်ငံရေးပါတီတချို့က တရားစွဲဆိုထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ တကယ့်ကို ဝမ်းနည်းစရာပါ။

ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲရုံမှူး၊ မဲရုံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ဆရာ၊ ဆရာမ ၂သိန်းကျော် ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုတွေ ရှိနေချိန်မှာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် မဲရုံတာဝန် ထမ်းဆောင်ခဲ့ရတာပါ။ မဲရုံတာဝန်ထမ်းဆောင်ရင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတဲ့ ဆရာ၊ ဆရာမ ၅၀ ကျော် ရှိပြီး ဆရာမ ၂ ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမတွေရဲ့ မိသားစုတွေပါ ရောဂါကူးစက်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ အဲဒီအခြေအနေအတွက် ဆရာ၊ ဆရာမတွေကို မဲရုံတာဝန်ထမ်းဆောင်စေခဲ့တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဖြည့်ဆည်းကူညီမှုတွေ လုပ်ပေးရမှာပါ။

နိုင်ငံအတွက် အသက်အန္တရာယ်ကြားကနေ တာဝန်ယူ ဆောင်ရွက်ပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေကို အလေးထား၊ ကူညီပံ့ပိုးပေးသင့်ပါတယ်။ ရွေးကောက်ပွဲကာလမှာ ဆရာ၊ ဆရာမတွေ ဘယ်လောက်အထိ ပင်ပန်းခဲ့တယ်ဆိုတာလည်း အားလုံးအသိပါပဲ။ လက်ရှိကြားသိနေရတဲ့ သတင်းတွေအရဆိုရင်တော့ ” ဘုရားပြီး ငြမ်းဖျက်”ဆိုတဲ့ အခြေအနေမျိုး လုပ်ခဲ့တယ်လို့ ဆိုရမှာပါ။

နောက်တစ်ချက်ကတော့ နိုင်ငံရေးပါတီတချို့က ဆရာ၊ ဆရာမတွေကို တရားစွဲဆိုတယ်ဆိုတဲ့ ကိစ္စပါ။ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးအတွက် ရွေးကောက်ပွဲကော်မရှင်က တာဝန်ယူလုပ်ဆောင်ခဲ့တာဖြစ်လို့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မကျေနပ်တာရှိရင် ရွေးကောက်ပွဲကော်မရှင်ကနေတစ်ဆင့် ဖြေရှင်းရမှာပါ။ ဆရာ၊ ဆရာမတွေကို စွပ်စွဲ၊ ပုတ်ခတ်ပြောဆိုတာ၊ တရားစွဲဆိုတာမျိုးက တရားနည်းလမ်းမကျပါဘူး။ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ဖို့ ကိုဗစ်ကို အံ့တုပြီး အပင်ပန်းခံခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေ ကြုံတွေ့ခံစားနေရတာတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အမြန်ဆုံး ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံပါရစေ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top