ဒီအချိန်မှာမှ မစည်းလုံးကြဘူးဆိုရင်

27-4-2020-yyl-030.jpg

ဖြစ်ပြီးခဲ့တာတွေကိုပဲ ပြန်ကြည့်နေမယ်ဆိုလည်း ရပါတယ်။ ဒါပေမဲ့ အခုက အဲဒီလိုလုပ်နေရမယ့်အချိန်မဟုတ်ဘူး။ ကျွန်တော်တို့အားလုံး ဒီအခြေအနေကို ရောက်နေပြီ။ ဒီနေ့ ဒီလွှတ်တော်ထဲမှာ၊ နယူးဇီလန်နိုင်ငံမှာ အဖြေထုတ်ဖို့ခက်တဲ့ မေးခွန်းတွေရှိနေတာကို ကျွန်တော်တို့ လက်ခံပါတယ်။ National ပါတီတွေ၊ Labour တွေ၊ Green တွေ၊ ACT တွေ၊ New Zealand First တွေ မရှိပါဘူး။ နယူးဇီလန်နိုင်ငံသားတွေဆိုတာပဲ ရှိပါတယ်” . . .။ မတ်လ ၂၅ ရက်က နယူးဇီလန်နိုင်ငံမှာ အမျိုးသားအရေးပေါ်အခြေအနေ ကြေညာတော့ နယူးဇီလန်နိုင်ငံရဲ့ အတိုက်အခံခေါင်းဆောင် ဆိုင်မွန်ဘရစ်ချ်က အခုလို ပြောခဲ့တာပါ။

ပါတီတွေ၊ ဝါဒတွေကို ဘေးချိတ်ထားပြီး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ နယူးဇီလန်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တုံ့ပြန်လှုပ်ရှားရေးက တခြားနိုင်ငံတွေထက် ခေါင်းတစ်လုံးသာခဲ့ပါတယ်။ ဘဏ္ဍာရေးထောက်ပံ့မှုစီမံချက်အပါအဝင် အဆိုပြုချက် တော်တော်များများနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ပါတီစွဲမထားဘဲ မြန်မြန်ဆန်ဆန် အတည်ပြု ပြဋ္ဌာန်းခဲ့ကြတယ်။ အတိုက်အခံပါတီတွေက အစိုးရအခက်၊ အတိုက်အခံအချက်ဆိုတဲ့ စိတ်မျိုးမထားကြသလို အစိုးရကလည်း အတိုက်အခံတွေ နိုင်ငံရေးအားသာချက်ရသွားမှာကို မလိုတမာဖြစ်တာမျိုး မရှိခဲ့ဘူး။ ထက်အောက်ညီညွတ်ခဲ့ကြတယ်။ နယူးဇီလန်ဝန်ကြီးချုပ် ဂျေစင်ဒါအာဒန်နဲ့ အစိုးရဝန်ကြီးတွေ၊ ပြည်သူ့ဝန်ဆောင်မှုဌာန အကြီးအကဲတွေက လာမယ့် ၆ လအတွင်း လစာ ၂၀ ရာခိုင်နှုန်း လျှော့ယူဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အတိုက်အခံခေါင်းဆောင် ဆိုင်မွန်ဘရစ်ချ်ကလည်း လစာ ၂၀ ရာခိုင်နှုန်း လျှော့ယူခဲ့တယ်။

ဒီကပ်ဘေးကို ရင်ဆိုင်ရာမှာ ဂျေစင်ဒါအာဒန်က သူ့ရဲ့ခေါင်းဆောင်မှုစွမ်းရည်ကို ထုတ်ပြနိုင်ခဲ့တယ်။ ဒါပေမဲ့ ထက်အောက်စည်းလုံးညီညွတ်မှုအပြည့် လှုပ်ရှားနိုင်ခဲ့တာက အဓိကအခရာပဲ။ Level 4 Lockdown (အဆင့် ၄ ပိတ်ဆို့မှု)မှာ ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိခဲ့ဘူး။ အဲဒါကြောင့်လည်း ကိုရိုနာဗိုင်းရပ်စ်တိုက်ပွဲမှာ နယူးဇီလန်အနိုင်ရပြီလို့ ဂျေစင်ဒါအာဒန်က ရဲရဲဝံ့ဝံ့ကြေညာခဲ့တာပေါ့။ အခုတော့ Level 4 Lockdown ကို တစ်ဆင့်ဖြေလျှော့ပြီး Level 3 ပြောင်းဖို့ လုပ်နေတယ်။ ဒီအဆင့်မှာ ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ လက်လီအရောင်းဆိုင်တွေကို တစ်စိတ်တစ်ပိုင်း ပြန်ဖွင့်ခွင့်ပေးမှာပါ။

ကိုရိုနာဗိုင်းရပ်စ်က အစ္စရေးနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းပေးလိုက်ပုံပဲ။ အစ္စရေးနိုင်ငံမှာ တစ်နှစ်စွန်းစွန်းကာလအတွင်း အထွေထွေရွေးကောက်ပွဲ ၃ ကြိမ်လုပ်ခဲ့ရတယ်။ ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ လီကုဒ်(Likud)ပါတီနဲ့ အတိုက်အခံခေါင်းဆောင် ဘင်နီဂန့်ဇ်ရဲ့ Blue and White မဟာမိတ်အဖွဲ့က မဲရရှိမှု မတိမ်းမယိမ်းပဲ။ ဘယ်ပါတီမှ အပြတ်အသတ် အနိုင်မရသလို ညွန့်ပေါင်းအစိုးရဖွဲ့ဖို့လည်း သဘောတူညီမှု မယူနိုင်ဘူး။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ရင်ဆိုင်ရချိန်မှာတော့ နိုင်ငံရေးအကျပ်အတည်းကို ဘေးချိတ်ထားဖို့ လိုလာပြီ။ ဒီအချိန်မှာ နိုင်ငံရေးထက် လူ့အသက်တွေက ပိုအရေးကြီးတယ်။ ဒီတော့ နေတန်ယာဟုလို အကျင့်ပျက်ခြစားမှု စွဲချက်တင်ခံထားရသူနဲ့ အစိုးရမဖွဲ့နိုင်ဘူးလို့ တဖွဖွပြောခဲ့တဲ့ ဘင်နီဂန့်ဇ်လည်း သူ့မာနကို ဖြေလျှော့လိုက်ပြီ။ ဒါက ပြည်သူတွေအတွက်ပဲ။ သူတို့ ၂ ယောက်ပေါင်းပြီး အရေးပေါ်ညွန့်ပေါင်းအစိုးရဖွဲ့ကြဖို့ သဘောတူညီလိုက်ပြီ။

နယူးဇီလန်နဲ့ အစ္စရေးအကြောင်း ကြားရတော့ ဝမ်းသာမိတယ်။ သူတို့နိုင်ငံသားတွေကိုယ်စား ပျော်တယ်။ ဒီကပ်ကို၊ ဒီတက်နဲ့မလှော်ရင် ကျော်ဖို့မလွယ်ဘူး။ စည်းလုံးရမယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း စည်းလုံးစေချင်တယ်။ ဒါပေမဲ့ အခုချိန်အထိတော့ စည်းလုံးလာမယ့်လမ်းစ မမြင်မိသေးဘူး။ COVID-19 ရောဂါ ရှိ၊ မရှိ ဆေးစစ်လို့ရတဲ့ စက်ကြီးဝယ်ထားပြီး ထုတ်မသုံးရကောင်းလားဆိုတာမျိုး အပြစ်မြင်ကြတယ်။ စက်ရှိရုံနဲ့ စစ်လို့ရတာမဟုတ်၊ ဓာတ်ကူပစ္စည်းလို့ခေါ်တဲ့ ရောဂါစစ်ဆေးဖို့ မရှိမဖြစ်လိုအပ်တဲ့ Reagent တွေက ရှိဦးမှ။ COVID-19 က ကမ္ဘာ့နိုင်ငံနဲ့ဒေသ ၂၁၀ မှာ ပျံ့နှံ့နေတာဆိုတော့ စက်တွေ၊ ဆေးရည်တွေကို တစ်ကမ္ဘာလုံးက ဝိုင်းဝယ်နေကြတာ။

ဒါတွေကို တစ်ဖက်က ရှင်းပြတယ်။ တစ်ဖက်က လက်မခံကြဘူး။ ဒီထက်ဆိုးတာက ရည်ရွယ်ချက်ရှိရှိ မုန်းတီးရေးဝါဒဖြန့်နေကြတာပဲ။ ဒီလိုလူမျိုးတွေကတော့ တော်တော်အောက်တန်းကျပါတယ်။ သူများနိုင်ငံတွေမှာ စည်းလုံးညီညွတ်မှုဆိုတဲ့ လှော်တက်နဲ့ ဒီကပ်ကြီးကို ဖြတ်ကျော်နေကြချိန်မှာ ကျွန်တော်တို့လည်း ဝါ၊ စိမ်း၊ နီ၊ ပြာ ရှိသမျှ အရောင်စုံ ကွဲလွဲလို့ ကောင်းနေတုန်း၊ ကွဲလွဲမှုတွေကို အရသာခံနေကြတုန်းဆိုရင် ဘယ်လိုပုံစံကျော်ဖြတ်ကြမှာလဲ မေးခွန်းထုတ်ပါရစေ။ အခုလိုပြောရင် ”အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စတွေကို မေ့ပစ်လို့မရဘူး”လို့ ပြောကြလိမ့်မယ်။ ဟုတ်ကဲ့ . . . ဒါဆိုရင် မမေ့ပါနဲ့။ ဒါပေမဲ့ အတိတ်ဆိုတဲ့ နောက်ကြည့်မှန်ကိုပဲ ကြည့်နေပြီး ခရီးဆက်နေရင်တော့ ပန်းတိုင်ပျောက်မှာ အသေအချာပါပဲ။ အဲဒီတော့ ဒီအချိန်ကတော့ စည်းလုံးဖို့ လုံးဝ(လုံးဝ)အချိန်တန်ပြီလို့ ဆိုပါရစေ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top