အာဇာနည်နေ့

66834394_2223169414661356_8561953824959365120_n.jpg

နှစ်စဉ် ဇူလိုင်လ (၁၉) ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ် အထိမ်းအမှတ် နေ့ထူးနေ့မြတ် တစ်ရက် ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် (၉) ဦး လုပ်ကြံခြင်းခံခဲ့ရပြီး သူတို့ကျဆုံး သွားခဲ့တဲ့နေ့ကို အာဇာနည်နေ့ ရယ်လို့ သက်မှတ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

လုပ်ကြံခံခဲ့ရသူများကတော့ ဦးအောင်ဆန်း (ဝန်ကြီးချုပ်)၊ ဦးဘချို (ပြန်ကြားရေးဌာနဝန်ကြီး)၊ မန်းဘခိုင် (အလုပ်သမားရေးရာဌာနဝန်ကြီး)၊ ဦးဘဝင်း (စီးပွားရေးနှင့် ထောက်ပံ့ရေးဌာနဝန်ကြီး)၊ သခင်မြ (ပြည်ထဲရေးဌာနဝန်ကြီး)၊ ဦးအဗ္ဗဒူရာဇတ် (ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး)၊ စဝ်စံထွန်း (နယ်ခြားဒေသများဆိုင်ရာဌာနဝန်ကြီး)၊ ဦးအုန်းမောင် (သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန ဒုဝန်ကြီး) နဲ့ ရဲဘော်ကိုထွေး (ဦးအဗ္ဗဒူရာဇတ်၏ သက်တော်စောင့်) တို့ဖြစ်ကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရပြီးနောက်တစ်နေ့ ၁၉၄၇၊ ဇူလိုင် (၂၀) မှာတော့ ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးက ဖိုက်ခ်ျစကွဲယားပန်းခြံ (Fytche Square Park/ ယခု မဟာဗန္ဓုလပန်းခြံ) မှာ နိုင်ငံတော် ဈာပနဗဟိုကော်မတီဝင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ၊ ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ၊ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌနဲ့ မြို့မ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မြို့မဦးသန်းကြွယ်က ကျောင်းသားနဲ့ ပြည်သူ တစ်သိန်းကျော်ကို ဦးဆောင်ပြီး “လူသတ်ဝါဒ ရှုတ်ချပွဲ” ကို စတင် ဦးဆောင်ကျင်းပခဲ့ကြပါတယ်။ အဲဒီနေ့ဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အာဇာနည်နေ့ အခမ်းအနားပဲ ဖြစ်ပါတယ်။

နှစ်စဉ် အာဇာနည်နေ့ရောက်တိုင်းမှာ အစိုးရရုံးတွေ၊ ဈေးဆိုင်ကန္နားတွေကို ပိတ်ကြပြီး အိမ်၊ ကျောင်းနဲ့ ရုံးဌာနတွေမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ နိုင်ငံတော်အလံကို တိုင်တစ်ဝက် လွှင့်ထူထားတတ်ကြပါတယ်။

အာဇာနည် (၉) ဦးကျဆုံးသွားခဲ့ရမှုအတွက် မျိုးချစ်စာဆိုတော်ကြီး သခင်ကိုယ်တော်မှိုင်းက စိတ်မကောင်းစွာနဲ့ အောက်ပါစာသားတွေပါဝင်တဲ့ လေးချိုးကြီးကို ရေးဖွဲ့ဂုဏ်ပြုပေးခဲ့ပါတယ်။

“အာဇာနည်ဗိမာန်ဋီကာ”

  • အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
  • အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်
  • ပါရမီဓိဌာန်တစ်မျိုးရယ်နှင့်
  • ရှိခိုးကာဆရာကန်တော့ချင်ရဲ့ မြန်မာမတော့ပူစရာမို့၊
  • တစ်ဗျူဟာအောင်ခမန်းတွင်မှ
  • လူမသမာ အမှောင်သန်းချိန်မို့
  • သောင်ကမ်းမို့မို့ဆီက ဖောင်နန်းကူးတို့နှင့်
  • အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့
  • ဪ- တောင်နန်း မြောက်နန်း၊
  • အဆောင်ဆောင်ကြငှန်းနဲ့ အခေါင်မမြန်းရခင်က
  • အောင်ပန်းညို့ရရှာတဲ့ အောင်ဆန်းတို့ သေပုံနှမြော…။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top