ဟော်လန်ဘောလုံးလောကရဲ့ ကြယ်ပွင့် ဂျိုဟန်ခရိုက်ဖ် ကွယ်လွန်

barcilo.gif

ဂျိုဟန်ခရိုက်ဖ်ဟာ ၁၉၇၁ ခုနှစ်ကစပြီး အေဂျက်နဲ့အတူ သုံးနှစ်ဆက်တိုက် ဥရောပဖလား ဆွတ်ခူးပေးနိုင်ခဲ့ပြီး ၁၉၇၃ ခုနှစ်မှာ အဲဒီအချိန်တုန်းက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပါတယ်။

လာလီဂါ ကစားသမားဘ၀ ပထမဆုံးရာသီမှာ ဘာစီလိုနာနဲ့အတူ လာလီဂါဆုဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ဂျိုဟန်ခရိုက်ဖ်ဟာ အဲဒီရာသီမှာ တစ်နှစ်တာ အကောင်းဆုံး ဥရောပ ဘောလုံးသမားဆု ရခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် ကမ္ဘာ့ဖလားမှာ ဂျိုဟန်ခရိုက်ဖ် ဦးဆောင်တဲ့ ဟော်လန်အသင်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် အနောက်ဂျာမနီကို ၂-၁ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ ဒါပေမဲ့ ဂျိုဟန်ခရိုက်ဖ်ကတော့ ၁၉၇၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။

ဂျိုဟန်ခရိုက်ဖ်ဟာ ၁၉၈၄ ခုနှစ်မှာ ဘောလုံးသမားဘဝက အနားယူခဲ့ပြီး နောက်တစ်နှစ်အကြာမှာ အေဂျက်အသင်း နည်းပြဖြစ်လာခဲ့ပါတယ်။ အေဂျက်ကို သုံးနှစ်ကြာ နည်းပြခဲ့တဲ့ ဂျိုဟန်ခရိုက်ဖ်ဟာ ၁၉၈၈ ခုနှစ်မှာတော့ ဘာစီလိုနာနည်းပြဖြစ်လာခဲ့ပြီး ၁၉၉၀-၉၁ ရာသီကနေ ၁၉၉၃-၉၃ ရာသီအထိ လေးနှစ်ဆက်တိုက် လာလီဂါဖလား ရယူပေးနိုင်ခဲ့သလို ၁၉၉၂ ခုနှစ်မှာ ဘာစီလိုနာအတွက် ပထမဆုံး ဥရောပဖလား ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

ဆေးလိပ်အရမ်းကြိုက်တဲ့ ဂျိုဟန်ခရိုက်ဖ်ဟာ ၁၉၉၁ ခုနှစ်မှာ နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် ခွဲစိတ်ကုသမှု လုပ်ခဲ့ရတဲ့နောက် ဆေးလိပ်ဖြတ်ခဲ့ပြီး ဘာစီလိုနာ အသင်းပွဲစဉ်တွေမှာ သူ လော်လီပေါ့ စုပ်နေတတ်တာ တွေ့ရပါတယ်။ ကစားသမားဘဝမှာတင်မက နည်းပါဘဝမှာပါ အောင်မြင်ခဲ့တဲ့ ဂျိုဟန်ခရိုက်ဖ်ဟာ ရေးနော့မစ်ချယ် တီထွင်ခဲ့တဲ့ Total Football ကစားနည်းကို အဆင့်မြှင့်တင်ခဲ့တဲ့ နည်းပြတစ်ဦးအဖြစ် ကျော်ကြားခဲ့ပါတယ်။

ဂျိုဟန်ခရိုက်ဖ်ဟာ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ အဆုတ်ကင်ဆာရောဂါ ခံစားနေရတယ်လို့ အတည်ပြုခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာတော့ ”ကင်ဆာရောဂါနဲ့ပွဲမှာ သူ နှစ်ဂိုးပြတ် အနိုင်ရနေလို့ နိုင်ပွဲရမှာ သေချာတယ်”လို့ ပြောခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ဂျိုဟန်ခရိုက်ဖ်က အသက် ၆၈နှစ်အရွယ် ရှိပါပြီ။ ဟော်လန်ဘောလုံးအဖွဲ့ချုပ်က ဒီလောက်ကြီးမားတဲ့ ဆုံးရှုံးမှုအတွက် စကားလုံး ရှာမရဘူးလို့ မှတ်ချက်ပြုခဲ့ပြီး ကျန်ရစ်သူမိသားစုကို အားပေးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top