အိန္ဒိယနိုင်ငံမှာ ရေတွင်းထဲကျခဲ့တဲ့ဆင်တစ်ကောင်ကို ၁၂ နာရီကြာအချိန်ယူကယ်တင်ခဲ့ရ

23-11-2020-yyl-012.jpg

ပြီးခဲ့တဲ့အပတ်က အိန္ဒိယနိုင်ငံရဲ့ ရေတွင်းတစ်တွင်းထဲ ကျသွားခဲ့တဲ့ ဆင်တစ်ကောင်ကိုဝန်ချီစက်နဲ့ ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ ရေတွင်းထဲကနေ အဲဒီဆင်ကို ကယ်တင်ဖို့အတွက် (၁၂) နာရီကျော်လောက် အချိန်ယူပြီး လုပ်ဆောင်ခဲ့ရတယ်လို့ တောင်ပိုင်းTamil Nadu ပြည်နယ်က သစ်တောအရာရှိတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က အဲဒီဆင်ကြီးက ပန်ချပလီရွာလေးမှာ သွားလာနေရင်းနဲ့ ပေ ၅၀ ရှိတဲ့ ရေတွင်းထဲကို ပြုတ်ကျသွားခဲ့တာပါ။ ဆင်ကြီးကျခဲ့တဲ့ ရေတွင်းက ချုံတွေနဲ့ဖုံးကွယ်နေပြီး ရေတွင်းဘေးမှာလည်း ခြံကာမထားဘူးလို့ ခရိုင်သစ်တောအရာရှိ ရာချ်ကူမာက ပြောပါတယ်။ “ဒါက နက်ပြီး ကျဉ်းမြောင်းတဲ့ရေတွင်းပါပဲ။ ကြာသပတေးနေ့အစောပိုင်းမှာ ဒေသခံတွေက ကျွန်တော်တို့ကို အသိပေးခဲ့တာပါ။ ညပိုင်းကျမှ ဆင်ကြီးကို ရေတွင်းထဲကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်”လို့ ရာချ်ကူမာက ဆိုပါတယ်။

ကယ်ဆယ်ရေးကို သစ်တောအရာရှိ ရာချ်ကူမာနဲ့အတူ သစ်တောဌာန၊ မီးသတ်ဌာနနဲ့ ရဲဌာနက ဝန်ထမ်း (၅၀) တို့က ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အဲဒီအဖွဲ့က ဆင်ကြီးကို ဘေးကင်းစွာနဲ့ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ရေတွင်းထဲက ရေတွေကို စုပ်မထုတ်ခင် ရေတွင်းဘေးပတ်လည်က ချုံတောတွေကို ရှင်းလင်းပစ်ခဲ့ရတာပါ။ ရေတွင်းကို ပိုက်တွေနဲ့ စုပ်ထုတ်တဲ့အချိန်မှာ အဲဒီဆင်က ပိုက်တွေကို ပြန်တိုက်ခိုက်ခဲ့သေးတယ်လို့ ရာချ်ကူမာက ပြောပါတယ်။ တိရစ္ဆာန်ဆရာဝန်တွေကလည်း ရေတွင်းထဲငုပ်ဆင်းကာ ဆင်ကြီးကို မေ့ဆေးပေးခဲ့ရပါတယ်။

ဆင်ကြီးကို ရေတွင်းထဲကနေ ဆွဲထုတ်ဖို့အတွက် မြေတူးစက်၊ ကုန်တင်ကား၊ ဝန်ချီစက်တွေကို အသုံးပြုခဲ့ရပါတယ်။ “ကျွန်တော်တို့တွေ ဆရာဝန်တွေရဲ့အကူအညီနဲ့ဆင်ကြီးကို မေ့ဆေးပေးခဲ့ပြီး ရေတွင်းထဲကနေ ဆင်ကြီးကို မတင်ဖို့အတွက် ဝန်ချီစက်ကို အသုံးပြုခဲ့ကြပါတယ်။ ဆင်ကြီးကို ကယ်တင်ပြီးတဲ့နောက် အချိန် (၃) နာရီလောက် စောင့်ကြည့်ခဲ့ပြီးတဲ့အချိန်မှာတော့ ကျန်းမာပြီး လှုပ်ရှားလာတာကို တွေ့ခဲ့ရတယ်” လို့ ရာချ်ကူမာက ပြောပါတယ်။

သစ်တောပြုန်းတီးမှု၊ မြို့ပြနေထိုင်မှုတိုးတက်လာတာနဲ့ လူဦးရေသိပ်သည်းလာတာတွေက တိရစ္ဆာန်တွေကို လူတွေနေထိုင်ရာနေရာတွေနဲ့ နီးကပ်လာစေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အဲဒီလိုရေတွင်းမျိုးမှာ ဆင် (၂) ကောင် ပြုတ်ကျခဲ့ဖူးပါတယ်။

Ref: Ladbible “Elephant Pulled To Safety By Crane After Falling Down Well In India”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top