ဘီလ် ဂိတ်ကိုကျော်လွန်ပြီး ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့တဲ့ အီလွန်မာ့စ်

25-11-2020-yyl-023.jpg

အခုဆိုရင် SpaceX ကုမ္ပဏီရဲ့အမှုဆောင်အရာရှိနဲ့ ခေါင်းဆောင်ဒီဇိုင်နာလည်းဖြစ်တဲ့၊ Tesla ကုမ္ပဏီရဲ့တွဲဖက်တည်ထောင်သူလည်းဖြစ်တဲ့ အီလွန်မာ့စ် (Elon Musk) က ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သွားပါပြီ။ သူဟာ Microsoft တည်ထောင်သူ ဘီလ် ဂိတ်ရဲ့ဒုတိယနေရာကို ယူလိုက်တာဖြစ်ပါတယ်။ အသက် ၄၉ နှစ်အရွယ် အီလွန်မာ့စ်ရဲ့အသားတင်ဝင်ငွေက ဒေါ်လာ ၇.၂ ဘီလျံကနေ ဒေါ်လာ ၁၂၈ ဘီလျံအထိ မြင့်တက်သွားခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်အတွင်းမှာပဲ အသားတင်ဝင်ငွေက ဒေါ်လာ ၁၀၀ ဘီလျံကျော်မြှင့်တက်သွားခဲ့တာကြောင့် ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ ဘီလ်ဂိတ်ထက် သာလွန်ကာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့တာပါ။ ဇန်နဝါရီလတုန်းကတော့ အီလွန်မာ့စ်ဟာ Bloomberg Billionaire Index မှာ အဆင့် ၃၅ မှာဖြစ်ပါတယ်။

အခုလို ဝင်ငွေတွေ တိုးလာပြီး ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ရတာက Telsa ကုမ္ပဏီရဲ့ ရှယ်ယာဟာ ၆.၅၈ ရာခိုင်နှုန်းလောက် တိုးလာခဲ့လို့ပါပဲ။ သူဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ထိပ်ဆုံးက ရပ်တည်နေတဲ့ ဂျက်ဖ် ဘေးဇို့စ်ကိုတော့ မမှီသေးပါဘူး။ ဂျက်ဖ် ဘေးဇို့စ်ရဲ့အသားတင်ဝင်ငွေက ဒေါ်လာ ဘီလျံ ၂၀၀ ကျော်ရှိပါတယ်။

ဂျက်ဖ် ဘေးဇို့စ်ကလည်း ၂၀၁၇ခုနှစ်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးတဲ့ ဘီလ် ဂိတ်ရဲ့နေရာကို ယူခဲ့တာဖြစ်ပြီး အဲဒီကတည်းကနေ အခုထိ ထိပ်ဆုံးမှာ ရပ်တည်နေတုန်းပါပဲ။ အခုနှစ်အတွင်းမှာ ဂျက်ဖ် ဘေးဇို့စ်ရဲ့ဝင်ငွေကလည်း သူ့ရဲ့ Amazon ကုမ္ပဏီကြောင့် ဒေါ်လာ ၈၇ ဘီလျံဝန်းကျင်လောက် တိုးလာခဲ့တာပါ။ သူဟာ ရာသီဥတုပြောင်းလဲမှုကို တွန်းလှန်ဖို့သူ့ကိုယ်ပိုင်ငွေ ဒေါ်လာ ၁၀ ဘီလျံကို လှူဒါန်းမယ်လို့ ကတိကဝတ်ပြုထားတဲ့အတိုင်း အဲဒီငွေတွေကို ဘယ်အဖွဲ့အစည်းတွေမှာလှူဒါန်းမယ်ဆိုတာကို မကြာသေးခင်က ကြေညာခဲ့ပါတယ်။

ဘီလ် ဂိတ်ကတော့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့တတိယနေရာကို ရောက်ရှိသွားခဲ့ပါပြီ။ ဒါပေမဲ့ ဘီလ် ဂိတ်က ပရဟိတလုပ်ငန်းအတွက် ကြိုးစားအားထုတ်မှုတွေမရှိခဲ့ဘူးဆိုရင် သူ့ရဲ့အသားတင်ဝင်ငွေ ဒေါ်လာ ၁၂၇.၇ ဘီလျံထက် ပိုများနိုင်မယ်လို့ ပြောလို့ရပါတယ်။ ဘီလ် ဂိတ်က ၂၀၀၆ခုနှစ်ကတည်းကနေ Bill and Melinda Gates Foundation ကို ဒေါ်လာ ၂၇ ဘီလျံကျော် ပေးထားရပါတယ်။ ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ် ဇက်ကာဘာ့ဂ် (Mark Zuckerberg) ကတော့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းရဲ့ အဆင့် ၄ မှာ ရှိနေပါတယ်။

Ref: Ladbible & CNBC

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top