ဆောင့်တိုက်ပစ်မယ်လို့ ခြိမ်းခြောက်တော့မှ သူတို့ရေပိုင်နက်ထဲကနေ အမေရိကန်ဖျက်သင်္ဘော ထွက်သွားတယ်လို့ ရုရှား ထုတ်ပြန်

25-11-2020-yyl-020.jpg

ဂျပန်ပင်လယ်ထဲမှာ သူတို့ရဲ့ရေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ အမေရိကန်ရေတပ် ဖျက်သင်္ဘောတစ်စင်းကို ရုရှားစစ်သင်္ဘောတစ်စင်းက တွေ့ရှိခဲ့ပြီး ခြောက်လှန့်မောင်းထုတ်ခဲ့တယ်လို့ ရုရှားနိုင်ငံက ပြောပါတယ်။ USS John S McCain ဖျက်သင်္ဘောက Peter The Great Gulf ပင်လယ်ကွေ့မှာရှိတဲ့ သူတို့ရဲ့ရေပိုင်နက်ကို ၁.၂ မိုင်အထိ ဖြတ်သန်းဝင်ရောက်ခဲ့တယ်လို့ ရုရှားနိုင်ငံက စွပ်စွဲခဲ့ပြီး သူတို့သင်္ဘောကို ဆောင့်တိုက်ပစ်မယ်လို့ သတိပေးလိုက်တော့မှ အဲဒီပိုင်နက်ထဲကနေ ထွက်ခွာသွားတယ်လို့ ရုရှားနိုင်ငံက ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ရေတပ်က အမှားအယွင်းမလုပ်ခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပြီး သူတို့ရဲ့သင်္ဘောကို မောင်းထုတ်ခံရတာမျိုး မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

ဂျပန်၊ ရုရှားနဲ့ ကိုရီးယားနိုင်ငံတွေ နယ်စပ်ချင်း ထိစပ်နေတဲ့ ဂျပန်ပင်လယ် ( အရှေ့ပင်လယ်လို့လည်း ခေါ်ဆို)မှာ ပြီးခဲ့တဲ့အင်္ဂါနေ့က အခုလိုဖြစ်ပွားခဲ့တာပါ။ ပစိဖိတ်ရေယာဉ်စုမှာ ပါဝင်တဲ့ Admiral Vinogradov ဖျက်သင်္ဘောက နိုင်ငံတကာဆက်သွယ်ရေးလိုင်းကို အသုံးပြုပြီး သူတို့ရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ သင်္ဘောကို ဆောင့်တိုက်ပစ်မယ်လို့ USS John S McCain သင်္ဘောကို သတိပေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

” ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရုရှားနိုင်ငံရဲ့ထုတ်ပြန်ချက်က မှားယွင်းပါတယ်။ USS John S McCain ဖျက်သင်္ဘောဟာ ဘယ်နိုင်ငံရဲ့ ပိုင်နက်ထဲကမှ မောင်းထုတ်ခံရခြင်းမရှိပါဘူး”လို့ အမေရိကန်ရေတပ်ရဲ့ အမှတ်(၇) ရေယာဉ်စု ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ် ဂျိုးကိုင်လေက ပြောပါတယ်။


ရုရှားနိုင်ငံရဲ့ ကြေညာချက်လို တရားဥပဒေနဲ့ မညီတဲ့ ရေကြောင်းပိုင်နက်ကြေညာမှုတွေကို လက်ခံဖို့ ဘယ်လိုပုံစံနဲ့ ခြိမ်းခြောက်အကြပ်ကိုင်တာပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံက အလျှော့ပေးမှာမဟုတ်ဘူးလို့ ဂျိုးကိုင်လေက ဆိုပါတယ်။

Admiral Vinogradov သင်္ဘောဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အရှေ့တရုတ်ပင်လယ်မှာ အမေရိကန်နိုင်ငံရဲ့ ခရူဇာစစ်သင်္ဘောတစ်စင်းနဲ့ တိုက်မိလုနီးပါး ဖြစ်ခဲ့ပါသေးတယ်။ အဲဒီဖြစ်ရပ်အတွက် ရုရှားနဲ့ အမေရိကန်နိုင်ငံ နှစ်နိုင်ငံလုံးက အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။

Ref: BBC ” Russia ‘threatened to ram’ US ship in Sea of Japan”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top