တွစ်တာကုမ္ပဏီ အရောင်းအဝယ် ဖျက်သိမ်းပစ်မယ်လို့ အီလွန်မက်စ် ခြိမ်းခြောက်

7-6-2022-yyl05.jpg

အမေရိကန်ဒေါ်လာ ၄၄ ဘီလျံ တန်ကြေးရှိတဲ့ တွစ်တာကုမ္ပဏီ အရောင်းအဝယ်ကို ဖျက်သိမ်းပစ်မယ်လို့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်က ခြိမ်းခြောက်ခဲ့ပါတယ်။ သူ့အနေနဲ့ spam account တွေကို ကိုယ်ပိုင်နည်းလမ်းနဲ့ ရေတွက်ဖို့ လုပ်ပိုင်ခွင့်ရှိတယ်လို့ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ထံ တင်ပြတဲ့ စာထဲမှာ ရေးသားခဲ့ပါတယ်။ တွစ်တာကုမ္ပဏီ အရောင်းအဝယ်ကိစ္စမှာ မပြေလည်မှု ဖြစ်ပွားနေတာ သီတင်းပတ် တော်တော်ကြာနေပြီလို့လည်း အဲဒီစာက အတည်ပြုထားပါတယ်။

တွစ်တာကတော့ သူတို့ရဲ့ပလက်ဖောင်းပေါ်က spam account တွေကို တွက်ချက်ခန့်မှန်းမှုနဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားထားပါတယ်။တွစ်တာလူမှုကွန်ရက်မှာရှိတဲ့ spam account ဟာ နေ့စဉ်အသုံးပြုသူပမာဏရဲ့ ၅ ရာခိုင်နှုန်းအောက်ပဲ ရှိတယ်လို့ တွစ်တာကုမ္ပဏီက လူသိရှင်ကြား ကြေညာထားပေမဲ့ တကယ့်လက်တွေ့မှာ အဲဒီထက် အများကြီး ပိုများလိမ့်မယ်လို့ ယုံကြည်ထားကြောင်း အီလွန်မက်စ်က ဆိုပါတယ်။

အီလွန်မက်စ်ဟာ spam account ကိစ္စကြောင့် တွစ်တာကုမ္ပဏီရဲ့ အရောင်းအဝယ်မှာ ဈေးနှုန်းပြန်ညှိနှိုင်းနိုင်ဖွယ်ရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။ သီတင်းပတ်ပေါင်းများစွာ ဈေးကွက်မတည်ငြိမ်မှုကြောင့် ကုမ္ပဏီတော်တော်များများရဲ့ ရှယ်ယာတန်ဖိုးတွေ ကျဆင်းနေချိန်မှာ အီလွန်မက်စ်က တွစ်တာကုမ္ပဏီရဲ့ ရှယ်ယာတစ်စုကို အမေရိကန်ဒေါ်လာ ၅၄.၂၀ နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

” ဒါဟာ ကုမ္ပဏီ ၂ ခုပေါင်းစည်းရေး သဘောတူညီချက်အရ လိုက်နာရမယ့် အဓိကအချက်တွေကို တွစ်တာဘက်က ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပါ။ အဲဒါကြောင့် အီလွန်မက်စ်အနေနဲ့လည်း အရောင်းအဝယ် ဖြစ်မြောက်အောင် မလုပ်ဖို့၊ ပေါင်းစည်းရေးသဘောတူညီချက်ကို အဆုံးသတ်ဖို့ အခွင့်အရေးတွေ ရှိနေပါတယ်” လို့ အဲဒီစာထဲမှာ အီလွန်မက်စ်ရဲ့ရှေ့နေ မိုက်ရင်ဂလာက ရေးသားထားပါတယ်။

ဒီဖြစ်ရပ်မတိုင်ခင်ကတည်းက (တွစ်တာကုမ္ပဏီ အရောင်းအဝယ် ဖြစ်မြောက်ဖို့ မသေချာဘူးဆိုတဲ့ သံသယဖြစ်မှုတွေ ရှိနေလို့) တွစ်တာရဲ့ ရှယ်ယာဈေးနှုန်း ကျဆင်းခဲ့ပြီး တနင်္လာနေ့ အစောပိုင်း ဈေးကွက်ဖွင့်လှစ်မှုမှာတော့ ရှယ်ယာတန်ဖိုး ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

Ref: CNN & BBC “Elon Musk threatens to walk away from Twitter deal”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top