ရပ်ကွက်ကို အကူညီပေးဖို့ ကျောင်းကားမောင်းသမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေတဲ့ FBI အငြိမ်းစားဝန်ထမ်း

13-10-2021yyl02.jpg

အမေရိကန်နိုင်ငံရဲ့စာသင်ကျောင်းတစ်ဝက်ကျော်လောက်က ကျောင်းကားမောင်းသမားမလုံလောက်တာတွေဖြစ်နေတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ အဲဒီလိုဖြစ်နေတဲ့အတွက် ဗာဂျီးနီးယားပြည်နယ်က အမျိုးသားတစ်ဉီးက အကူအညီပေးဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီသူကတော့ မိုက်ကယ် မာဆန် (Michael Mason) ဆိုသူပါပဲ။

ကျောင်းကားမောင်းတဲ့အလုပ်က မိုက်ကယ်ရဲ့ပထမဆုံးအသက်မွေးဝမ်းကျောင်းအလုပ်တော့မဟုတ်ပါဘူး။ သူက FBI ကနေ အငြိမ်းစားယူခဲ့တာပါ။ မိုက်ကယ်က FBI ရဲ့အမူဆောင်လက်ထောက်ဒါရိုက်တာဖြစ်ခဲ့ပြီး ၂၃ နှစ်ကြာ လုပ်ကိုင်ပြီးနောက် အငြိမ်းစားယူခဲ့ပါတယ်။ သူက အခြားအငြိမ်းစားယူထားတဲ့သူတွေနဲ့မတူတာကတော့ အိမ်မှာပဲ အလုပ်မလုပ်ဘဲ အနားယူနေမယ့်အစား ကျောင်းကားမောင်းသမားအဖြစ် အလုပ်အသစ်တစ်ခုကိုလုပ်ကိုင်ခဲ့တာပါပဲ။

ကျောင်းကားမောင်းသမားနည်းပါးတာ၊ မလုံလောက်တာတွေက နိုင်ငံတစ်ဝှမ်းမှာ မိသားစုတော်တော်များများအပေါ် သက်ရောက်မှုဖြစ်စေခဲ့ပါတယ်။ ဘော်လ်တီမိုးမြို့က မိခင်တစ်ဉီးကတော့ ကျောင်းကားမောင်းတဲ့သူမလုံလောက်တဲ့အတွက် သူ့ရဲ့ကလေးတွေ ကျောင်းရောက်ဖို့အတွက် တစ်ပတ်ကို ၃-၄ ကြိမ်လောက် Lyft အငှားယာဉ်ခေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မက်ဆာချူးဆက်ပြည်နယ်မှာတော့ ဘတ်စ်ကားမောင်းနှင်ဖို့အတွက် အမျိုးသားအစောင့်တပ်တွေကို တာဝန်ပေးအပ်ထားပါတယ်။ အခုဆိုရင် ပင်ဆယ်ဗေးနီးယားပြည်နယ်ကလည်း အဲဒီလိုလုပ်ဖို့ စဉ်းစားနေပါတယ်။

မိုက်ကယ်က WTVR တီဗီချန်နယ်ကို ကြည့်ရင်းနဲ့ သူ့ရဲ့ပြည်နယ်မှာလည်း ကျောင်းကားမောင်းသမားပြတ်လပ်နေတယ်ဆိုတာကို သိခဲ့ရပြီး တစ်ခုခုကူညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ “ကုန်စုံဆိုင်အလုပ်သမားတွေလို လူတွေ၊ ဆက်သွယ်ရေးအလုပ်သမားတွေလို လူတွေ၊ အဲဒီလိုလူတွေက ကပ်ရောဂါအတွင်းမှာ သူတို့ရဲ့အလုပ်တွေဆက်လုပ်နေတုန်းပါပဲ။ ဒီကပ်ရောဂါအတွင်းမှာ အကူအညီပေးဖို့ တစ်ခုခုလုပ်ရမယ်လို့ ကျွန်တော်ခံစားမိခဲ့တယ်” လို့ မိုက်ကယ်က ဆိုပါတယ်။ မိုက်ကယ်က ကျောင်းကားမောင်းသမားပြတ်လပ်နေတာကို ကူညီပေးတာက အခြားသူတွေကိုလည်း အတုယူနိုင်စေဖို့ မျှော်လင့်ထားတာပါ။ “ကျွန်တော်တို့တွေ လုပ်လိုက်တဲ့ ကိစ္စအသေးအမွှားလေးက ဒီကမ္ဘာကို ဘယ်လောက်တောင် ပြောင်းလဲသွားနိုင်မလဲဆိုတာ ကျွန်တော်ယုံကြည်တယ်”လို့ မိုက်ကယ်က ပြောပါတယ်။

မိုက်ကယ်အတွက် ကျောင်းကားမောင်းတဲ့အလုပ်က သူ့ရဲ့ပထမဆုံးအသက်မွေးဝမ်းကျောင်းအလုပ်မဟုတ်ပေမဲ့ ဒီအလုပ်ကို အလေးအနက်ထားပါတယ်။ “မနက်တိုင်း ကျောင်းကားမမောင်းခင် ကားကို ကြိုတင်စစ်ဆေးမှုတွေလုပ်တယ်။ ကလေးတိုင်းကို ဒီဘတ်စ်ကားစီးရင်း ဘေးကင်းရမယ်ဆိုတာက ကျွန်တော်တို့ အဓိကအာမခံချင်တဲ့အရာပါပဲ”လို့ မိုက်ကယ်က ပြောပါတယ်။

Ref: CBSNews “Retired FBI executive assistant director starts new job as school bus driver to help community cope with shortage”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top