အပန်းဖြေကစားကွင်းမှာ အမျိုးသားတစ်ဉီး လက်ထပ်ခွင့်တောင်းနေတာကို ဝန်ထမ်းက နှောင့်ယှက်မိခဲ့လို့ Disneyland က တောင်းပန်ခဲ့ရ

6-6-2022-yyl01.jpg

ပါရီမြို့က Disneyland အပန်းဖြေကစားကွင်းရဲ့ Sleeping Beauty ရဲတိုက်ရှေ့မှာ အမျိုးသားတစ်ဉီးက သူ့ကောင်မလေးကို လက်ထပ်ခွင့်တောင်းနေတဲ့ ဗီဒီယိုအတိုလေးတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ လက်ထပ်ခွင့်တောင်းလို့မပြီးသေးခင် Disneyland ဝန်ထမ်းတစ်ဉီးက အဲဒီစုံတွဲကြားထဲဝင်ပြီး အမျိုးသားရဲ့လက်ထဲက လက်စွပ်ဗူးယူသွားခဲ့တာကို ဗီဒီယိုမှာ တွေ့မြင်ခဲ့ရပါတယ်။ အဲဒီဝန်ထမ်းက “ဒါက မိုက်တယ်။ ဒါပေမဲ့ ဟိုနေရာမှာဆို ပိုတောင်ကောင်းလိမ့်မယ်”လို့လည်း အဲဒီစုံတွဲကို ပြောခဲ့ပါတယ်။

အဲဒီအမျိုးသား လက်ထပ်ခွင့်တောင်းတဲ့နေရာက စည်းမျဉ်းထုတ်ထားလို့လား၊ ကန့်သတ်ထားလို့လား (ဒါမှမဟုတ်) ဝန်ထမ်းက ပိုကောင်းတဲ့နေရာ ရှာပေးဖို့ ကြိုးစားခဲ့တာလား။ ဒါပေမဲ့ ဝန်ထမ်းက လက်ထပ်ခွင့်တောင်းတာကို နှောင့်ယှက်မိသလို ဖြစ်သွားခဲ့ပါတယ်။ အဲဒီလိုဖြစ်ပြီး မကြာခင်မှာပဲ ဝန်ထမ်းရဲ့အပြုအမူကြောင့် Disneyland က တောင်းပန်စကားဆိုခဲ့ပါတယ်။ “အခုလိုဖြစ်သွားခဲ့တဲ့အတွက် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့ အဲဒီစုံတွဲကို တောင်းပန်ထားပြီးပါပြီ။ ပြန်အဆင်ပြေအောင် လုပ်ပေးမယ်လို့ သူတို့ကို ပြောခဲ့ပါတယ်”လို့ Disneyland ရဲ့တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

ဒါပေမဲ့ လူမှုကွန်ယက်အသုံးပြုသူတွေက လက်ထပ်ခွင့်တောင်းနေတာကို ဝင်နှောင့်ယှက်ခဲ့တဲ့ ဝန်ထမ်းကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ “ရိုဆန်တဲ့အခိုက်အတန့်ကို ဖျက်စီးစေခဲ့အတွက် Disney က ငွေအများကြီးပေးရမယ်”၊ “ကျွန်တော်သာဆိုရင် ဝန်ထမ်းဖြစ်မှန်းတောင် သိမှာမဟုတ်ဘူး။ ကျွန်တော့်လက်ထဲက စိန်လက်စွပ်ကို ယူသွားတဲ့အတွက် သူခိုးလို့ ထင်ခဲ့မှာ”၊ “မယုံနိုင်စရာပါပဲ။ သူ့ရဲ့ဆိုးရွားတဲ့အပြုအမူက သူလုပ်တဲ့ကုမ္ပဏီကို ကိုယ်စားပြုနေတယ်”၊ “ဝန်ထမ်းက လက်ထပ်ခွင့်တောင်းလို့မပြီးခင် ဘာလို့ ရပ်ပစ်ခဲ့တာလဲ။ အမျိုးသားရဲ့လက်စွပ်ဗူးကို ယူမယ့်အစား”တောင်းပန်ပါတယ်…ဒီနေရာမှာ လက်ထပ်ခွင့်တောင်းလို့မရဘူး”လို့ ပြောပါလား”လို့ ပြောဆိုခဲ့ကြပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတစ်ယောက်ကတော့ လက်ထပ်ခွင့်တောင်းတဲ့အမျိုးသားကို “ဒါကြောင့် လူမြင်ကွင်းမှာမဟုတ်ဘဲ သီးသန့်တစ်နေရာရာမှာ လက်ထပ်ခွင့်တောင်းပါ။ အခြားသူ နှောင့်ယှက်ခံရမှာလဲ မစိုးရိမ်ရတော့ဘူးပေါ့”လို့ ပြောကြားခဲ့ပါတယ်။

Ref: Ladbible “Disneyland Paris Apologises After Employee Swoops In To Ruin Proposal”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top