အော်တစ်ဇင်ကလေးဖြစ်ကြောင်း ပြသနေတဲ့ လက္ခဏာ (၅) ရပ်

autism.jpg

“ကျွန်မကလေးမှာရော အော်တစ်ဇင်ရောဂါရှိလား”

ကလေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုအရမ်းများတတ်တဲ့ မိဘတွေက ကြောက်လန့်တကြားနဲ့ ဒီလိုမေးခွန်းမျိုး မေးတတ်ကြပါတယ်။

တကယ်တမ်းမှာတော့ မိဘတော်တော်များများက ဖြစ်နိုင်ချေရှိတဲ့ လက္ခဏာတွေကို ရှာဖွေလေ့လာပြီး သတိထားနေရင်းတန်းလန်းနဲ့ ဒီမေးခွန်းမျိုး မေးလာရလောက်အောင်ကို အော်တစ်ဇင်က စိုးရိမ်ရတဲ့ အနေအထားတစ်ခု ဖြစ်လာပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး စိုးရိမ်မှုလွန်ကဲနေတဲ့ မိဘတွေရဲ့ သားသမီးတိုင်းက မဖြစ်နိုင်သလို ဖြစ်လာခဲ့သည်ရှိသော်လည်း ကိုယ့်မှာချည်း မဟုတ်ဘူးဆိုတာ သတိရစေချင်ပါတယ်။

အော်တစ်ဇင်ကလေးငယ်တွေက အခြားကလေးတွေနဲ့တန်းတူ ကျောင်းတက်နိုင်သလို ပုံမှန်စာသင်ခန်းမှာ သင်ယူနိုင်ပါတယ်။ ရောဂါပြင်းထန်တဲ့ အော်တစ်ဇင်ကလေးတွေကိုတောင် စောင့်ရှောက်ပေးနေတဲ့ နေရာတွေရှိပါတယ်။ ဒါကြောင့် အရမ်းကြီးစိတ်ပူရမယ့် အနေအထားတော့ မဟုတ်ပါဘူး။ စကားပြောတတ်ရမယ့် အရွယ်လောက်မှာ အာရုံကြောပိုင်းဆိုင်ရာ ပုံမှန်အလုပ်မလုပ်တဲ့ ကလေးတွေကို အသက် ၁ နှစ်နဲ့ ၃ နှစ်ကြားမှာ သိနိုင်ပြီး အချို့ဖြစ်ရပ်တွေမှာတော့ နောက်ကျမှ သိရတာလည်းရှိပါတယ်။ ကျောင်းတက်တဲ့အရွယ်မှာ ကလေးက လူမှုဆက်ဆံရေး အဆင်မပြေတာ စာမလိုက်နိုင်တာ စတာတွေက အော်တစ်ဇင်အပျော့စားဖြစ်ပြီး အော်တစ်ဇင်အပျော့စားဖြစ်လေလေ ဆုံးဖြတ်ဖို့ ခက်ခဲလေလေဖြစ်ပါတယ်။

မိမိတို့ ကလေးငယ်က အော်တစ်ဇင် ဟုတ် မဟုတ် သိနိုင်တဲ့ လက္ခဏာ (၅) ရပ်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆူဆူညံညံအသံကြားတဲ့အခါ ကြောက်လန့်ခြင်း

ကလေးတိုင်းက ဆူညံသံကို မကြိုက်ကြတာ ဖြစ်ပေမဲ့ အော်တစ်ဇင်ကလေးငယ်တွေကတော့ ဆူညံသံကြားတဲ့အခါ ကြောက်ရွံ့တွန့်ဆုတ် နေတတ်ပါတယ်။ သီချင်း ဒါမှမဟုတ် TV ကို အသံအကျယ်ကြီး ဖွင့်ထားတဲ့အခါ အသံကြားရာကို ပုံမှန် စူးစမ်းချင်စိတ်နဲ့ ဘာအသံလဲနားထောင်တာထက် ခါးခါးသီးသီးကို နားမခံနိုင်ကြောင်း ပြသနေပြီ ဆိုရင်တော့ ဒါက အော်တစ်ဇင်လက္ခဏာပဲဖြစ်ပါတယ်။ အချို့သော အော်တစ်ဇင်ကလေးငယ်တွေက သူတို့နားမှာ စကားကျယ်ကျယ်လာပြောရင်တောင်မှ ဒေါသထွက်ပြီး ငိုယိုကာ ရန်လိုတဲ့အမူအရာတွေ လုပ်ပြတတ်ပါတယ်။ ဆူညံသံ ဘယ်လောက်ထိ ပြင်းထန်လဲပေါ်မူတည်ပြီး တုံ့ပြန်မှုတွေက ကွာခြားသွားပါတယ်။

၂။ မျက်နှာအမူအရာ မှတ်ဖို့ ခက်ခဲသလို မျက်လုံးအကြည့်ချင်း မဆုံနိုင်ပါဘူး

ပုံမှန်ကလေးတွေက မိဘနဲ့အကြည့်ချင်းဆုံပြီး မိဘတွေပြုံးရင် လိုက်ပြုံးသလို စိတ်ဝင်စားတာတွေ့ရင် လက်ညှိုးညွှန်ပြတတ်ပါတယ်။ အော်တစ်ဇင်ကလေးငယ်တွေကတော့ စိတ်ခံစားမှုနဲ့ မျက်နှာအမူအရာ မှတ်မိဖို့ ခက်ခဲသလို သူတို့ကိုယ်တိုင်မှာလည်း စိတ်ခံစားမှုကင်းမဲ့နေတာဖြစ်ပါတယ်။ ပစ္စည်းတစ်ခုခုပြုတ်ကျပြီး ဆူညံသံကြားတဲ့အခါ ပုံမှန်ကလေးတွေက မိဘမျက်နှာကို စက္ကန့်ပိုင်းအတွင်းကြည့်ပြီး ဖြစ်သွားခဲ့တာကို သူတို့လည်းစိုးရိမ်ဖို့လိုမလားဆိုတဲ့ အမူအရာကိုပြပါတယ်။ အော်တစ်ဇင်ကလေးငယ်တွေကတော့ လူကြီးတွေချော့မြူရင်တောင်မှ ဘာတုံ့ပြန်မှုမှ မပေးတတ်ဘဲ မျက်လုံးက အောက်စိုက်ပြီး မျက်လုံးချင်းဆုံလို့တောင် မရပါဘူး။

၃။ စကားတတ်ရမယ့်အရွယ်မှာ ဘာသာစကားအခက်အခဲရှိခြင်း

စကားတတ်သင့်တဲ့အရွယ်မှာ စကားပြောပြီး ပြောဆိုဆက်ဆံဖို့ အခက်အခဲရှိနေတာဖြစ်ပါတယ်။ အော်တစ်ဇင်ကလေးငယ်တွေက မပီကလာ ပြောတတ်ရင်တောင်မှ အသံထွက် ပြောဆိုဆက်သွယ်ရတာတွေနဲ့ ပုံမှန်ဘာသာစကားတတ်မြောက်မှုမှာ အခက်အခဲဖြစ်ပြီး ရပ်တန့်သွားတာဖြစ်ပါတယ်။ စကားပြောတတ်ပြီး ပုံမှန်ဘာသာစကားဖွံ့ဖြိုးမှု လက္ခဏာတွေပြခဲ့ရင်တောင်မှ စကားလုံး၊ စကားစုတွေကို ထပ်တလဲလဲ ထိုင်ရွတ်နေပြီး ခံစားချက် အတွေးအမြင်တွေမပါဘဲ ပြောနေရုံသက်သက်ပဲ ဖြစ်ပါတယ်။

၄။ ပတ်ဝန်းကျင်ကမ္ဘာကြီးနဲ့ ဆက်ဆံဖို့ စိတ်မဝင်စားပါဘူး

အော်တစ်ဇင်ဖြစ်နေတဲ့ ကလေးငယ်တွေအတွက်တော့ ကမ္ဘာကြီးက ရှုပ်ထွေးလွန်းတဲ့အရာတွေနဲ့ ပြည့်နေတဲ့ နေရာပါ။ အသစ်အဆန်းလေးနည်းနည်း မြင်ရရင်တောင်မှ တုန်လှုပ်ချောက်ခြားခြင်း၊ ပျော်မြူးခြင်းနဲ့ စိတ်လှုပ်ရှားခြင်းတွေက ပုံမှန်ထက်ကို ပိုနေတာဖြစ်ပါတယ်။ အော်တစ်ဇင်ကလေးတွေက သူတို့ကို အာရုံစိုက်အောင် သွားလုပ်ကြည့်ရင်တောင်မှ မျက်လုံးချင်း မဆုံတတ်ပါဘူး။ သူတို့နာမည်ခေါ်သံကိုကြားရင်တောင် အသံလာရာလမ်းကို မသိနိုင်သလို ပုံမှန်ကလေးတွေလို အရာဝတ္ထုတွေကို လက်ညှိုးညွှန်ပြီး စူးစမ်းမေးမြန်းတာတွေလည်း မလုပ်တတ်ပါဘူး။ သူတို့ နဲ့ရွယ်တူ အခြားကလေးတွေရဲ့ စိတ်ခံစားချက်နဲ့ မျက်နှာအမူအရာကို မဖတ်တတ်တဲ့အတွက် သူတို့ကမ္ဘာလေးကိုအမှောင်ချပြီး လူတွေနဲ့ ဆက်ဆံရေးကျဲသွားခဲ့တာဖြစ်ပါတယ်။ အော်တစ်ဇင်ကလေးတွေက လက်ကလေးကိုင်တာလို ပုံမှန်ထိတွေ့မှုတွေကိုတောင်မှ မကြိုက်ကြပါဘူး။

၅။ အာရုံငါးပါးကို ပုံမှန်တုံ့ပြန်နိုင်စွမ်း မရှိပါဘူး

အမြင်၊ အကြား၊ အနံ့ ၊ အရသာ၊ အတွေ့အထိတွေ အားလုံး တစ်ခုနဲ့တစ်ခု ပေါင်းစပ်ပြီး ခံစား နားလည်နိုင်စွမ်း အော်တစ်ဇင်ကလေးတွေမှာ မရှိပါဘူး။ အော်တစ်ဇင်ကလေးငယ်တွေက ခေါင်းလေးကို အသာအယာပုတ်ပေးဖို့ လက်ရွယ်လိုက်ရင်တောင်မှ တစ်ကိုယ်လုံးတွန့်သွားတာမျိုး ဖြစ်ပါတယ်။ ပုံမှန်ကလေးတွေအတွက် အံ့ဩကြောက်ရွံ့စေတဲ့ အသံနဲ့ ပုံရိပ်တွေက အော်တစ်ဇင်ကလေးတွေအတွက်တော့ ဘာတုံ့ပြန်မှုမှ မရှိနိုင်ပါဘူး။ ကလေးက အကြားအာရုံချို့ယွင်းနေလားဆိုတဲ့ သံသယတွေ ဖြစ်လာစေတဲ့အထိအောင် ရယ်စရာတွေ့ရင်မှ ရယ်ရ ပြုံးရမှန်း မသိနိုင်တဲ့ ကလေးမျိုးဆိုရင်တော့ စမ်းသပ် စစ်ဆေး ကုသမှုတွေ လုပ်ဆောင်ပေးသင့်ပါပြီ။

ကလေးရဲ့ တုံ့ပြန် ပြုမူမှုတွေကို အဓိပ္ပာယ်ကောက်တဲ့နေရာမှာ အခြေခံသဘောတရားတွေ လုံးဝမရှိနေတဲ့အတွက် မိဘတွေရဲ့ နားလည်သိမြင်နိုင်စွမ်း ကသာ အဓိကကျနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ သားသား ၊မီးမီးတွေမှာ ဖော်ပြပါရောဂါလက္ခဏာတွေရှိနေတယ်လို့ သံသယရှိလာပြီဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့ ပြသပြီး စောစီးစွာ စောင့်ရှောက်မှုခံယူပါလို့ တိုက်တွန်းပါရစေ။

Ref: 5 signs your child might have autism

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top